မြောက်ကိုရီးယား ဒုဝန်ကြီးချုပ် ကွပ်မျက်ခံရဟုဆို

တောင်ကိုရီးယားနဲ့ ကုန်သွယ်ရေး ဆွေးနွေးမှုတွေမှာ မစ္စတာ ချိုးက မြောက်ကိုရီးယားရဲ့ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, တောင်ကိုရီးယားနဲ့ ကုန်သွယ်ရေး ဆွေးနွေးမှုတွေမှာ မစ္စတာ ချိုးက မြောက်ကိုရီးယားရဲ့ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့။

မြောက်ကိုရီးယား နိုင်ငံရဲ့ ဒုတိယ ဝန်ကြီးချုပ် ချိုးယောင်ဂွန် Choe Yong-gon ပြီးခဲ့တဲ့ မေလက ကွပ်မျက် ခံခဲ့ရတယ် ဆိုတဲ့ သတင်းတွေကို တောင်ကိုရီးယား အစိုးရက စောင့်ကြည့် နေတယ်လို့ ပြောပါတယ်။

မစ္စတာ ချိုးဟာ ကင်ဂျုံအန်းလို ငယ်ရွယ်တဲ့ ခေါင်းဆောင် တစ်ယောက်ရဲ့ ပေါ်လစီအတွက် စိတ်မသက်မသာ ဖြစ်ရတယ်လို့ ထုတ်ပြော ခဲ့တဲ့အတွက် ကွပ်မျက် ခံခဲ့ရတာ ဖြစ်တယ်လို့ တောင်ကိုရီးယား သတင်းဌာန Yonhap က ဖော်ပြ ခဲ့ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း လက်ထက်မှာ အသတ်ခံရတဲ့ အရာရှိပေါင်း ၇၀ နီးပါး ရှိသွားပြီ လို့လည်း ယွန်နပ် သတင်းဌာနက ပြောပါတယ်။

ကွပ်မျက်တဲ့ သတင်းတွေကို မြောက်ကိုရီးယား အတည်ပြုလေ့ မရှိတဲ့အတွက် အခု ဒုဝန်ကြီးချုပ် ချိုးယောင်ဂွန် ကွပ်မျက် ခံရမှုကိုလည်း ဘီဘီစီ အနေနဲ့ သီးခြား အတည်ပြု နိုင်ခြင်း မရှိပါဘူး။

မစ္စတာ ချိုးကို ပြီးခဲ့တဲ့ ဒီဇင်ဘာက လူမြင်ကွင်းမှာ နောက်ဆုံး တွေ့ခဲ့ရတယ်လို့ တောင်ကိုရီးယားဘက်က နှစ်နိုင်ငံ ပေါင်းစည်းရေး ဝန်ကြီးဌာနက ပြောပါတယ်။