မြောက်ကိုရီးယား စံတော်ချိန် ပြောင်းလဲ သတ်မှတ်မယ်

ဓာတ်ပုံ ရင်းမြစ်, Reuters
မြောက်ကိုရီးယားက သူတို့ စံတော်ချိန်ကို ဒီလ နှောင်းပိုင်းမှာ နာရီဝက် နောက်ရွှေ့ပြီး ပြောင်းလဲ သတ်မှတ်မယ်လို့ ပြောပါတယ်။
ကိုရီးယား ကျွန်းဆွယ်ကို ဂျပန်တွေ ထိန်းချုပ် ထားခဲ့တဲ့ ၁၉၁၀ ကနေ ၁၉၄၅ အတွင်းမှာ တိုကျို စံတော်ချိန် အတိုင်း သတ်မှတ်ခဲ့တာ ဖြစ်ပြီး၊ ဒါဟာ ကောက်ကျစ်တဲ့ ဂျပန် ဘုရင်စနစ်ရဲ့ ဆိုးမွေ ဖြစ်လို့ လက်မခံနိုင်ကြောင်း ပြသတဲ့ အနေနဲ့ ခုလို နာရီဝက် နောက်ရွှေ့မှာ ဖြစ်တယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။
ဒုတိယ ကမ္ဘာစစ်မှာ ဂျပန်တွေ စစ်ရှုံးပြီး ကိုရီးယား ကျွန်းဆွယ်ကနေ ဂျပန်တွေ ထွက်သွားခဲ့တာ အနှစ် ၇၀ ပြည့်မယ့် သြဂုတ်လ ၁၅ ရက်နေ့မှာ စံတော်ချိန် ပြောင်းဖို့ စီစဉ် ထားတာဖြစ်ပါတယ်။
အဲဒီလို ပြောင်းခဲ့မယ် ဆိုရင် ကျွန်းဆွယ် တစ်ခုတည်းမှာ ရှိနေကြပြီး လောင်ဂျီကျု တတန်းတည်း ဖြစ်တဲ့ တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံ အကြား အချိန်နာရီဝက် ခြားနား နေတော့မှာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားရဲ့ လက်ရှိ စံတော်ချိန်ဟာ ဂျပန်၊ တောင်ကိုရီးယား တို့နဲ့ အတူ ဂရင်းနစ် စံတော်ချိန်ထက် ၉ နာရီ စောပါတယ်။




