စစ်မဲ့ဇုန် မိုင်းကွဲမှု မြောက်ကိုရီးယားကို အပြစ်တင်

ဓာတ်ပုံ ရင်းမြစ်, Getty
တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံ နယ်စပ်က စစ်မဲ့ဇုန်မှာ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် တောင်ကိုရီးယား စစ်သား ၂ ယောက် ဒဏ်ရာ ရခဲ့ပြီးနောက် မြောက်ကိုရီးယားကို စစ်ရေးအရ တုန့်ပြန်မယ်လို့ တောင်ကိုရီးယားက ခြိမ်းခြောက် လိုက်ပါတယ်။
တောင်ကိုရီးယား စစ်သားတွေကို သတ်ဖြတ်ဖို့ တမင် ရည်ရွယ်ပြီး မြောက်ကိုရီးယား ဘက်က မိုင်းတွေ ထောင်ခဲ့တာ ဖြစ်တယ်လို့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့က ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုကြောင့် တောင်ကိုရီးယား စစ်သား တစ်ယောက် ခြေထောက် နှစ်ချောင်းစလုံး ဆုံးရှုံးခဲ့သလို နောက် တစ်ယောက်က ခြေထောက် တစ်ချောင်း ဆုံးရှုံး ခဲ့ရပါတယ်။
နှစ်နိုင်ငံ နယ်စပ်မှာ မြောက်ကိုရီးယား ဘက်ကို အသံချဲ့စက်တွေနဲ့ ဝါဒဖြန့် ပြောဆိုမှုတွေ ပြန်လည် လုပ်ဆောင်သွားမယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။




