ဂရိ ဘဏ္ဍာရေး ဝန်ကြီး နုတ်ထွက်

ဓာတ်ပုံ ရင်းမြစ်, Reuters
နိုင်ငံတကာရဲ့ ငွေကြေး အကူအညီပေးရေးဆိုင်ရာ စည်းကမ်းတွေကို လက်မခံကြောင်း ဂရိ ပြည်သူတွေက ပြတ်ပြတ်သားသား ဆန္ဒမဲ ပေးခဲ့ပြီးနောက် ဂရိ ဘဏ္ဍာရေး ဝန်ကြီး ရာထူးက ထွက်သွားခဲ့ပါတယ်။
ဂရိ ဆန္ဒခံယူပွဲက ဆုံးဖြတ်ချက်ကြောင့် ဂရိ နိုင်ငံ ယူရို ဇုန်ထဲက ထွက်သွားမလား စိုးရိမ်ပူပန်ပြီး ကမ္ဘာ့ ဘဏ္ဍာရေး စျေးကွက်တွေမှာ ကျဆင်းမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ပြိုလဲလု ဆဲဆဲ ဖြစ်နေတဲ့ ဂရိ ဘဏ်တွေကို အရေးပေါ် ငွေကြေး ထောက်ပံ့ဖို့ အတွက်လည်း ဥရောပ ဗဟိုဘဏ်မှာ ဆွေးနွေးဖို့ ရှိနေပါတယ် ။
ဂရိ စီးပွားရေး ကိစ္စ ညှိနှိုင်းဖို့တွေ လုပ်နိုင်ဖို့ ဒီဘဏ်တွေကို နောက်ထပ် တပတ် ၁ဝ ရက် အသက်ဆက် နိုင်အောင် ဥရောပ ဗဟိုဘဏ်က ကျားကန် ထားဖို့ လိုတယ်လို့ ဂရိ စီးပွားရေး ဝန်ကြီး တသက်ကစ်က ပြောပါတယ်။
ဂရိ ငွေကြေး အကျပ်အတည်း ကိစ္စ အတွက် ယူရိုဇုန်က အဓိက အင်အားကြီး နိုင်ငံတွေ ဖြစ်တဲ့ ဂျာမနီနဲ့ ပြင်သစ် တို့ကြား အငြင်းပွားနေကြတယ် လို့လည်း သိရပါတယ် ။
ဂျာမနီက ဒီကိစ္စကို ပြင်းပြင်းထန်ထန် ဆောင်ရွက် သွားလိုပြီး ပြင်သစ်ကတော့ ဒီလောက်ထိ တင်းတင်းမာမာ ဆောင်ရွက်လိုတာ မဟုတ်ပါဘူး။
ဒီအတွက် ၂ နိုင်ငံ ခေါင်းဆောင်တွေ ပါရီ မြို့မှာ ဒီကနေ့ နှောင်းပိုင်းမှာ တွေ့ကြဖို့ ရှိပြီး ယူရို ဇုန် ထိပ်သီး ဆွေးနွေးပွဲ ကို မနက်ဖြန်မှာ လုပ်ဖို့ ရှိပါတယ်။
ဂရိ နိုင်ငံသား အများစုက ဘုံငွေကြေး ဇုန် တစ်ခုထဲမှာ ဆက်နေလိုကြပေမယ့် မနေ့က ကန့်ကွက်မဲ ပေးခဲ့ကြတဲ့ အတွက် အခြေအနေက ပိုဆိုးလာတယ်လို့ ဘီဘီစီ သတင်းထောက် တွေက ပြောပါတယ်။
သဘောထား တင်းမာတဲ့ ဘဏ္ဍာရေး ဝန်ကြီး ယားနစ် ဗာရိုဖားကစ် ထွက်သွား ပြီးနောက် ဂရိ ဝန်ကြီးချုပ် ဆီးပရပ်စ် အတွက် ဆွေးနွေး စေ့စပ်မှုတွေ အမြန်လုပ်ဖို့ ဆန္ဒရှိနေတာ တွေ့ရပါတယ်။
လက်ရှိ အခြေအနေတွေအရ ဂရိ ဘဏ်တွေမှာ ငွေအလွန်အမင်း လိုအပ် နေပေမယ့် ချေးငှားဖို့က တော်တော်ခက်နေပါပြီ။
ဂရိ နိုင်ငံမှာ ငွေကြေး တည်ငြိမ်မှု အမြန်ရဖို့ ဦးစားပေး သွားမယ်လို့လည်း ဆီးပရက်စ်က ဆိုပါတယ်။
IMF နိုင်ငံတကာငွေကြေး ရန်ပုံငွေ အဖွဲ့ကို ဂရိနိုင်ငံက ပေးဖို့ ယူရို ၁ ဘီလျံခွဲကျော် ပေးဖို့ တင်ကျန်ရစ်နေပါတယ်။








