ယီမင်က အမေရိကန်တပ်တွေ ရုတ်နေကြောင်း သတင်းထွက်လာ

ဓာတ်ပုံ ရင်းမြစ်, AP
ယီမင် နိုင်ငံထဲက အမေရိကန် စစ်အခြေစိုက် စခန်းရှိရာ ဒေသမှာ လုံခြုံရေး အရ စိုးရိမ်ရဖွယ် တွေ တိုးမြင့် လာနေတဲ့ အတွက် အမေရိကန်ဟာ သူ့ရဲ့ တပ်ဖွဲ့ဝင် တွေ ကို ပြန်လည် ခေါ်ယူ နေတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။
ယီမင်တောင်ပိုင်း က Al Anad စခန်းကနေ အထူးတပ်ဖွဲ့ ကွန်မန်ဒို တပ်သား တွေ အပါအဝင် အမေရိကန် တပ်ဖွဲ့ဝင် တွေ ကို ပြန်လည် ခေါ်ထုတ် သွားနေတယ် ဆိုပြီး သတင်းတွေ က ဆိုပါတယ်။
အဆိုပါ အခြေစိုက် စခန်း ရှိရာ အနီးနား က မြို့ကို ပြီးခဲ့တဲ့ သောကြာ နေ့ က အယ်လ်ကိုင်းဒါး လက်နက်ကိုင် တွေ ဝင်ရောက် စီးနင်း ခဲ့ကြပြီး ဒေသခံ ယီမင် တပ်ဖွဲ့ တွေက ပြန်လည် တိုက်ထုတ် ခဲ့ရပါတယ်။
ယီမင် တောင်ဘက်ပိုင်း မှာ ထကြွ နေကြတဲ့ အယ်လ်ကိုင်းဒါး လက်နက်ကိုင် တွေ ကို နှိမ်နှင်း နိုင်ဖို့ရာ ယီမင် အစိုးရ တပ်တွေ ကို လေ့ကျင့် ပေးတဲ့ နေရာ အဖြစ် အဆိုပါ Al Anad အခြေစိုက် စခန်းကို အသုံးပြုခဲ့တယ် လို့ ယုံကြည် ရပါတယ်။
အခုလို Al Anad အခြေစိုက် စခန်း ကနေ သူတို့ တပ်ဖွဲ့ တွေ ကို ပြန်လည် ရုတ်သိမ်း နေတဲ့ သတင်း တွေ အပေါ် အမေရိကန် အစိုးရ ကတော့ တုန့်ပြန်ပြီး ဘယ်လို မှတ်ချက်မျိုး မှ မပြုလုပ် သေးပါဘူး။
တခါ၊ ယီမင်နိုင်ငံ မြို့တော် ဆာနားကို ထိန်းချုပ် ထားတဲ့ ရှီအာ မွတ်ဆလင်မ် လက်နက်ကိုင် တွေ ဖြစ်တဲ့ ဟူသီစ် တွေ ကို မြို့တော် ကနေ ပြန်လည် ဆုတ်ခွာ ဖို့ ယီမင် သမ္မတ Abedrabbo Mansour Hadi က တောင်းဆို လိုက်ပါတယ်။
ပြီးခဲ့တဲ့ နှစ်က မြို့တော် ဆာနားကို ဟူသီစ် တွေ သိမ်းပိုက် ခဲ့ကြပြီး သမ္မတ ဟာဒီ လည်း နိုင်ငံ တောင်ပိုင်း ကို မကြာသေးခင် က ထွက်ပြေး ခဲ့ရပါတယ်။




