NLD မပါတဲ့ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး ဘယ်လိုနိုင်ခဲ့လဲ

ပါးမှာကပ်ထားတဲ့ ကြံခိုင်ရေးပါတီစတစ်ကာကို ပြနေတဲ့ မျက်မှန်တပ်ထားတဲ့ အမျိုးသမီးတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, EPA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မပါတဲ့ ဒီရွေးကောက်ပွဲမှာ စစ်တပ်ကျောထောက် နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက သူ့ တစ်ပါတီတည်းနဲ့ လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့နိုင်တဲ့အထိ နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ NLD ရှုံးခဲ့တဲ့ ရခိုင်နဲ့ မွန်မှာတောင် ကြံ့ခိုင်ရေးကပဲ နေရာအများစု အနိုင်ရခဲ့ပါတယ်။

NLD ပါတီနဲ့ လူထုထောက်ခံမှုရှိတဲ့ပါတီတွေ ဖျက်သိမ်းခံထားရပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံနိုင်ငံရေးသမားတွေကို ဖမ်းဆီးထောင်ချထားချိန်မှာ ကျင်းပလို့ ဒီရွေးကောက်ပွဲကို ကြံ့ခိုင်ရေးကပဲ အနိုင်ရခဲ့တာလို့ ရွေးကောက်ပွဲလေ့လာ သူတွေကပြောပါတယ်။

တိုင်းရင်းသားနယ်မြေဒေသတွေအထိ ကြံ့ခိုင်ရေးပါတီ ဘာကြောင့်နိုင်ခဲ့သလဲ။

ရခိုင်နဲ့ မွန်ဘက်မှာ ကြံ့ခိုင်ရေး ဘာလို့နိုင်သလဲ

ရခိုင်မှာတော့ အရင်လွှတ်တော်အမတ်ဟောင်းတွေဖြစ်ကြတဲ့ ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ၊ ဦးဘရှိန် ဦးဆောင်တဲ့ ရခိုင်တိုင်းရင်းသားများပါတီနဲ့ ကြံ့ခိုင်ရေးပါတီတို့ ယှဥ်ပြိုင်ခဲ့ကြတာပါ။ ဒေါက်တာအေးမောင်ရော ဦးဘရှိန်ပါ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတွေမှာ ရခိုင်လူထုမဲတွေနဲ့ အောင်ပွဲခံနိုင်ခဲ့သူတွေဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲမှာတော့ ဒေါက်တာအေးမောင်ဟာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၃ စစ်တွေရဲ့ နိုင်သူအကုန်ယူစနစ်( FPTP)နဲ့ ဝင်ပြိုင်ခဲ့ပေမဲ့ ကြံ့ခိုင်ရေးကို ရှုံးခဲ့ပါတယ်။

အလားတူပါပဲ ရခိုင်တိုင်းရင်းသားများပါတီရဲ့ ခေါင်းဆောင် ဦးဘရှိန် ဟာလည်း ကျောက်ဖြူခရိုင်ရဲ့ အမျိုးသားလွှတ်တော်၊ နိုင်သူအကုန်ယူစနစ်( FPTP)နဲ့ ပြိုင်ရာမှာ ကြံ့ခိုင်ရေးကိုယ်စားလှယ်ကို ရှုံးခဲ့ပါတယ်။

ဦးဘရှိန်ရဲ့ ရခိုင်တိုင်းရင်းသားများပါတီကတော့ ပြည်နယ်လွှတ်တော်မှာ ၄ နေရာ၊ မာန်အောင် ပြည်သူ့ လွှတ်တော် ၁ နေရာနဲ့ အမျိုးသားလွှတ်တော် ၁ နေရာ နိုင်ခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီကတော့ အမျိုးသားလွှတ်တော် ၃ နေရာနဲ့ ပြည်နယ်လွှတ်တော် ၅ နေရာပဲ နိုင်ခဲ့ပါတယ်။

ကျန်တဲ့ ပြည်နယ်လွှတ်တော် ၁၀ နေရာ၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနဲ့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နေရာတွေအားလုံးကို ကြံ့ခိုင်ရေးပါတီ ကပဲ နိုင်ခဲ့ပါတယ်။

ဒေါက်တာအေးမောင်ရဲ့ စစ်တွေအမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၃ မှာ မဲပေးခွင့်ရှိသူ ၉၂,၄၃၀ ရှိခဲ့တယ်လို့ ဒေါက်တာ အေးမောင်က ဘီဘီစီကို ပြောပါတယ်။

အဲဒီထဲကမှ မဲဆန္ဒနယ်ပြင်ပရောက် မဲပေးသူတွေရဲ့ မဲ၊ ကြိုတင်မဲ အပါအဝင် ရွေးကောက်ပွဲနေ့ မဲလာ ပေးသူတွေရဲ့ မဲစတဲ့ စုစုပေါင်းမဲအရေအတွက်က ၃၉,၈၅၃ သာရှိတယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။ ဒါကြောင့်အဲဒီမဲဆန္ဒနယ်မှာ မဲပေးတဲ့ရာခိုင်နှုန်းဟာ ၄၃ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာတော့ စစ်ဘေးဒဏ်ကြောင့်အများစုဟာ နေရပ်ကနေ အခြားနေရာတွေကို ပြောင်း ရွှေ့နေထိုင်နေကြသူတွေလည်းရှိပါတယ်။ အဲဒါကြောင့် ဒေါက်တာအေးမောင် ဝင်ပြိုင်တဲ့နေရာက မဲဆန္ဒရှင် ၅၀,၀၀၀ ကျော်ဟာ မဲဆန္ဒနယ်အတွင်းမှာ ရှိမနေဘဲ ရန်ကုန်အပါအဝင် အခြားမြို့နယ်တွေမှာ ပျံ့နှံ့ရောက်ရှိနေကြသူတွေလို့ ဒေါက်တာအေးမောင်က ဘီဘီစီကို ပြောပါတယ်။

အဲဒီလိုရောက်ရှိနေသူတွေထံကနေပေး တဲ့ မဲအရေအတွက်က ၄၆၈ မဲသာရှိခဲ့တယ်လို့လည်း သူကပြောပါတယ်။

"အဓိကတော့ မဲကွဲတာလည်း ပါပါတယ်" လို့ ကြံ့ခိုင်ရေးပါတီအနိုင်ရခဲ့တဲ့အခြေအနေကို ဒေါက်တာ အေးမောင်က မှတ်ချက်ပေးပါတယ်။

အဲဒီအမျိုးသားလွှတ်တော်နေရာကို ဒေါက်တာအေးမောင်နဲ့ ဦးဘရှိန်ဦးဆောင်တဲ့ ရခိုင်ပါတီနှစ်ခု ဝင်ပြိုင်ခဲ့ပြီး ဒီနှစ်ပါတီ ရတဲ့ စုစုပေါင်းမဲက ၁၃,၃၁၈ မဲအထိ ရှိပါတယ်။

ဒီအရေအတွက်က ကြံ့ခိုင်ရေးပါတီက ရတဲ့ မဲနဲ့ တစ်သောင်းကျော်ကွာနေသေးပြီး နှစ်ပါတီပေါင်းရင်တောင် မနိုင်တဲ့အခြေအနေဖြစ်သွားပါတယ်။

ကြံ့ခိုင်ရေးပါတီက ကြိုတင်မဲ ရှစ်ထောင်နီးပါးရခဲ့ပြီး အများစုက စစ်တပ်က မဲတွေလို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

ဒါအပြင် လူ ၅ သောင်းကျော်က မဲဆန္ဒနယ် ပြင်ပရောက်နေတာ၊ ရွေးကောက်ပွဲနီးမှ သဲချောင်း အပါအဝင် မွတ်စလင်မ် ရွာတွေမှာ မဲပေးလို့ရအောင် ဧည့်နိုင်ငံသားကတ်တွေ ထုတ်ပေးတာမျိုးကလည်း ကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေခဲ့တာမျိုးလို့ ဒေါက်တာအေးမောင်က ယူဆထားပါတယ်။

မွန်ပြည်နယ်မှာတော့ မွန်ညီညွတ်ရေးပါတီဟာ ပြည်နယ်အတွင်း လူအများစု ထောက်ခံတဲ့ တိုင်းရင်းသားပါတီတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲအပိုင်း ၁ မှာတော့ ချောင်းဆုံ မြို့နယ်ပြည်သူ့လွှတ်တော် နေရာတစ်ခုကလွဲရင် ကျန် ၄ မြို့နယ်က လွှတ်တော်နေရာတွေကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။

"ကျွန်တော်တို့ အင်အားကောင်းတဲ့ နေရာတွေက ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့နေရာတွေဖြစ်နေတော့ ဘယ်လိုမှ မယှဥ်နိုင်တော့တာ" လို့ ပါတီဗဟိုအလုပ်အမှုဆောင် နိုင်သန်းရွှေက ဘီဘီစီကို ပြောပြပါတယ်။

မွန်ပြည်နယ်လွှတ်တော် ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်သတ်မှတ်ချက်ဧရိယာအတွင်းမှာဆိုရင်လည်း စစ်သား၊ ရဲတပ်ရင်း၊ နယ်ခြားစောင့်တပ်တွေပါဝင်နေပြီး သမ္မတရွာ၊ တရနာရွာတို့အပါအဝင် မွန်တိုင်းရင်းသားတွေ အင်အားကောင်းတဲ့ကျေးရွာဒေသတွေ မပါလို့ အထိနာခဲ့တာဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီရဲ့ကိုယ်စားလှယ်လောင်းတစ်ဦးက ရှင်းပြပါတယ်။

အဓိကအားဖြင့် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိတဲ့အကြောင်းပြချက်နဲ့ မွန်တိုင်းရင်းသား အားကောင်းတဲ့ဒေသတွေ ရွေးကောက်ပွဲမကျင်းပဖို့ ချန်လှပ်ခံခဲ့ရတာလို့ ပြောဆိုချက်တွေရှိပါတယ်။

မွန်ပြည်နယ်လွှတ်တော် ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်ထဲမှာ မွန်ကျေးရွာအုပ်စု ၅ စု၊ အစ္စလာမ် ဘာသာဝင်အများစုနေထိုင်တဲ့ကျေးရွာအုပ်စု ၆ ခုအပြင် တပ်ရင်း ၁ ရင်း၊ ရဲတပ်ရင်း ၁ ရင်း၊ အကျဥ်းစခန်းတစ်ခုတို့ ပါဝင်ဖွဲ့စည်းထားတာလို့ ဒေါက်တာနိုင်လှအောင်က ပြောပါတယ်။

အဲဒီမဲဆန္ဒနယ်အတွက် မဲပေးခွင့်ရှိသူ ၅၄,၀၀၀ ကျော်အထိ ရှိခဲ့ပါတယ်။ အဲဒီထဲကမှ မဲဆန္ဒရှင် ၂၁,၀၂၇ ဦး မဲလာပေးခဲ့ပါတယ်။ အဲဒီမှာ ကြံ့ခိုင်ရေးပါတီက ကြိုတင်မဲ ၃,၁၀၀ ကျော်အပါအဝင် စုစုပေါင်း မဲတစ်သောင်းကျော် ရခဲ့ပါတယ်။

မွန်ညီညွတ်ရေးပါတီကတော့ ကြိုတင်မဲ ၁၇ မဲအပါအဝင် စုစု ပေါင်း ၄,၈၉၁ မဲသာရခဲ့ပါတယ်။ ကျန်တဲ့ မဲ ၆,၁၇၆ မဲကတော့ ပြည်သူ့ပါတီအပါအဝင် ကျန် ၄ ပါတီလေးခုက ခွဲဝေရရှိသွားတာပါ။

"စည်းရုံးရေးလည်း သိပ်မလုပ်နိုင်ဘူး။ သွားလို့မရတဲ့နေရာတွေလည်း အများကြီးရှိတယ်။ မဲပေးနိုင် သူတွေထဲ မွန်တွေ မပါတာနဲ့ ၁၉၉၀ ရွေးကောက် ပွဲကစလို့ ဘယ်တုန်းကမှမနိုင်တဲ့နေရာတွေသာ မဲဆန္ဒနယ်ထဲမှာပါနေတော့ ရှုံးတယ်" လို့ ဒေါက်တာနိုင်လှအောင်က ပြောပါတယ်။

အဲဒီလိုအခြေအနေမျိုးတွေကို ရွေးကောက်ပွဲမတိုင်ခင် မဲဆန္ဒနယ်သတ်မှတ်တဲ့အချိန်ကတည်းက ကြိုသိထားပေမဲ့ ရသင့်ရထိုက်တဲ့ မဲအရေအတွက် သိနိုင်အောင် ဝင်ပြိုင်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။

အဲဒီရခဲ့တဲ့မဲအရေအတွက်ဟာ အချိုးကျကိုယ်စားပြု စနစ်နဲ့ခွဲဝေရရှိမယ့် ပြည်နယ်လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ရဲ့ ရလဒ်ထဲမှာ ထည့်သွင်းတွက်ချက်တာကြောင့်လည်း ဝင်ရောက်ယှဥ်ပြိုင်ကြရတာမျိုးပါ။

ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပတဲ့ မွန်ပြည်နယ်၊ မြို့နယ် ၅ ခုထဲက သံဖြူဇရပ်၊ ရေး၊ ပေါင်၊ မုဒုံ စတဲ့ ၄ မြို့နယ်မှာတော့ မွန်ညီညွတ်ရေးပါတီကအနိုင်ပြန်ရခဲ့ပါတယ်။ ကြံ့ခိုင်ရေးပါတီကတော့ ဘီးလင်း မြို့နယ်မှာသာ အနိုင်ရခဲ့ပါတယ်။

မွန်ပြည်နယ်တစ်ခုလုံးကမြို့နယ် ၁၀ ခုထဲမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ၂ ကြိမ်မှာတော့ ပြည်နယ် လွှတ်တော် ၇ နေရာ၊ အမျိုးသားလွှတ်တော် ၅ နေရာနဲ့ ပြည်သူ့လွှတ်တော် ၅ နေရာတို့ကို မွန်ညီညွတ်ရေးပါတီက အနိုင်ရခဲ့ပါတယ်။

ဒါတောင် မွန်ညီညွတ်ရေးပါတီဟာ အခု ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးဝင်ပြိုင်တဲ့ တိုင်းရင်းသားပါတီ တွေထက် ပြည်ထောင်စုလွှတ်တော်ထဲမှာ နေရာအများဆုံး ရတဲ့ပါတီလည်းဖြစ်ပါတယ်။

"မွန်မဲသက်သက်နဲ့ဆိုရင် ကျွန်တော်တို့မနိုင်ဘူးလေ။ မွန်ရွာကြီးတွေက မဲထည့်လို့ မရလိုက်လို့ မွန်မဲနဲ့သာပဲဆိုရင် နိင်မှာမဟုတ်ဘူးကျွန်တော်တို့က။ ပြည်သူရဲ့ ပူးပေါင်းပါလို့၊ ပြည်သူကလည်း ကျွန်တော်တို့ကို ယုံကြည်တာပေါ့။ အကြောက်တရားရှိပေမယ့်လည်း မဲထည့်ပေးကြပါလို့။ တောင်းဆိုခဲ့တာ" လို့ မွန်ညီညွတ်‌ရေးပါတီဥက္ကဋ္ဌ နိုင်လဝီအောင်က ပြောပါတယ်။

မွန်ပါတီနဲ့ မွန်ဒေသခံတွေရဲ့အဆိုရ မွန်ပြည်နယ်ထဲက ရွေးကောက်ပွဲကျင်းပနိုင်တဲ့နေရာတွေဟာ ပဋိပက္ခဖြစ်နေတဲ့ဒေသတွေနည်းတူ မြို့ပေါ် နေရာတွေမှာသာ လုပ်ဆောင်ခဲ့နိုင်တာမျိုးပါ။

ကြံ့ခိုင်ရေးပါတီကတော့ ဗမာတိုင်းရင်းသားရေးရာ၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအပါ အဝင် နေရာ ၂၁ နေရာကို အနိုင်ရရှိထားပါတယ်။

မွန်ပြည်နယ်လွှတ်တော်မှာ ရွေးကောက်ခံလွှတ်တော်အမတ် ၂၀ ဦးနဲ့ စစ်တပ်ကိုယ်စားလှယ် ၅ ဦး တို့ ပါဝင်သလို၊ ပြည်သူ့လွှတ်တော်အတွက် ၁၀ ဦးနဲ့ အမျိုးသားလွှတ်တော်အတွက် ၁၂ ဦးအထိ သတ်မှတ်ထားရှိပါတယ်။

ရန်ကုန်မြို့တော်ခန်းမရှေ့က ရွေးကောက်ပွဲအသိပေး လှုံ့ဆော်မှုဆိုင်းဘုတ် ရှေ့ ဖြတ်လျှောက်သွားတဲ့ အမျိုးသမီးတစ်ဦး။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့တော်ခန်းမရှေ့က ရွေးကောက်ပွဲအသိပေး လှုံ့ဆော်မှုဆိုင်းဘုတ် ရှေ့ ဖြတ်လျှောက်သွားတဲ့ အမျိုးသမီးတစ်ဦး။

အခွင့်အလမ်းကောင်းတွေ ရခဲ့တဲ့ ကြံ့ခိုင်ရေး

ကြံ့ခိုင်ရေးဘက်ကတော့ NLD မပါတဲ့ ရွေးကောက်ပွဲမို့ နိုင်တာမဟုတ်ဘဲ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါတီကို သေချာပြင်ဆင်ခဲ့လို့ နိုင်တာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

"NLD မပါလို့နိုင်တယ်လို့ ပြောမယ်ဆိုရင် အခြားပါတီ ၅၇ ပါတီကိုအထင်သေးရာကျမယ်။ သူတို့ကို စော်ကားရာကျမယ်။ ပါတီတစ်ခုနိုင်ဖို့အတွက် လုပ်ခဲ့ရတာက အများကြီးပဲ" လို့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ ၂၀၂၅ မှာရွေးကောက်ပွဲအတွက် အသင့်ဖြစ်နေတဲ့ပါတီဆိုရင် ကြံ့ခိုင်ရေးပါတီတစ်ခု လောက်သာရှိခဲ့ပါတယ်။ ကျန်တဲ့ ပါတီတွေထဲ စစ်တပ်နဲ့ နောက်ထပ်မဟာမိတ်ဖြစ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီလောက်သာ ရွေးကောက်ပွဲအတွက်လုံလောက်တဲ့ ပြင်ဆင်ချိန် သိပ်ယူဖို့မလိုခဲ့တာပါ။

အကြောင်းကတော့ တစည ပါတီဟာလည်း ၂၀၁၀ နောက်ပိုင်းရွေးကောက်ပွဲတွေမှာ အနိုင်မရတော့ပေမဲ့ နှစ်ပေါင်း ၃၀ ကျော် ရပ်တည်လာတဲ့ ပါတီကြီးတစ်ခုဖြစ်တာနဲ့အညီ သူတို့ပါတီရုံးတွေနဲ့ ပါတီဆိုင်းဘုတ်တွေကိုနိုင်ငံတဝန်းမှာ ဖွင့်လှစ်ကာ ထားရှိနိုင်ခဲ့ပါတယ်။

ဒါ့အပြင် တစည ရဲ့အားသာချက်တစ်ခုက အွန်လိုင်းထက် မြေပြင်မှာ တစည ပါတီ အမတ်လောင်းတွေအများစုက ဒေသခံစစ်စစ်တွေဖြစ်ပြီး ဒေသလူထုက သိတဲ့သူဖြစ်နေတာလည်း ပါပါတယ်။

ကျန်တဲ့ပါတီတွေမှာတော့ ရွေးကောက်ပွဲကို ၂၀၂၅ မှာ ကျင်းပမယ်လို့ ၂၀၂၄ နှစ်လယ်မှသာ အကြမ်းဖျဥ်း စသိရတာ၊ ပါတီဝင်အရေအတွက် တစ်သိန်း စုခိုင်းတာ၊ နောက်မှ ငါးသောင်း ထိ ဖြေလျှော့တာ၊ နိုင်ငံ တစ်ဝန်းပြိုင်မယ့်ပါတီဆိုရင် ရုံးခန်းတွေကို မြို့နယ် ၃၃၀ ရဲ့ ထက်ဝက်ကျော် ၁၆၅ မြို့နယ်မှာ ဖွင့်ရမယ်လို့ သတ်မှတ်တာ စတာတွေက အခက်အခဲကြီးကြီးမားမားဖြစ်ခဲ့ကြပါတယ်။

အဲဒီအချက်တွေအတွက် ကြံ့ခိုင်ရေးပါတီက အမြဲတမ်းအသင့်ဖြစ်နေခဲ့ပါတယ်။ ဒီလိုအချိန် မလုံ လောက်မှုကို ပါတီတွေက တင်ပြခဲ့ပေမဲ့ ရွေးကောက်ပွဲကော်မရှင်ကတော့ ပါတီတွေမှာ ဒီအတွက် ကြိုတင်ပြင်ဆင်ချိန် သုံးနှစ်ကျော် ပေးထားလို့ အချိန်လုံလောက်တယ်လို့သာ တုံ့ပြန်ခဲ့ပါတယ်။

ကြံ့ခိုင်ရေး တစ်ပါတီတည်း ကြီးစိုးမယ့်လွှတ်တော်

ကျင်းပပြီးစီးတဲ့ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်းလုံးအပြီးမှာတော့ ကြံ့ခိုင်ရေးပါတီဟာ ပြည်ထောင်စု အဆင့်လွှတ်တော်တွေဖြစ်တဲ့ ပြည်သူ့လွှတ်တော်မှာ ၂၃၁ နေရာနဲ့ အမျိုးသား လွှတ်တော်နေရာ ၁၀၈ နေရာတို့ကို အနိုင်ရရှိထားပြီ ဇန်နဝါရီ ၂၉ ရက်နေ့ ကြံ့ခိုင်ရေးပါတီရဲ့ စာရင်းတွေအရသိရပါတယ်။

အဲဒါအပြင် ကြံ့ခိုင်ရေးကိုကျောထောက်နောက်ခံပေးထားတဲ့ စစ်တပ်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတွင်း ထည့်သွင်းနေရာယူထားတဲ့ ပြည်ထောင်စုလွှတ်တော်နေရာ ၁၆၆ နေရာ ရရှိပါဦးမယ်။

ဒါကြောင့် ရွေးကောက်ပွဲအပိုင်း ၃ ခုလုံးအပြီးမှာတော့ ကြံ့ခိုင်ရေးရထားတဲ့ လွှတ်တော်နေရာ ၃၃၉ နေရာနဲ့ စစ်တပ်ရထားတဲ့နေရာ ၁၆၆ နေရာတို့ကို ပေါင်းလိုက်ရင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေါ်ယူနိုင်တဲ့ လွှတ်တော်အမတ် စုစုပေါင်းရဲ့ ထက်ဝက်မကဖြစ်တဲ့ နေရာ ၅၀၅ နေရာအထိရရှိထားတာပါ။ အဲဒီအရေအတွက်ဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းရဲ့ ၇၆ ရာခိုင်နှုန်းရှိသလို သမ္မတရွေးချယ်ကာအစိုးရဖွဲ့နိုင်တဲ့ ပမာဏလည်းဖြစ်ပါတယ်။

ဒီမိုကရက်တွေလည်း ကြံ့ခိုင်ရေးကိုမရှုမလှရှုံးနိမ့်ခဲ့

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မပါတဲ့ရွေးကောက်ပွဲမှာ အခြား လူသိများတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေလည်း ကြံ့ခိုင်ရေးကို ရှုံးနိမ့်ခဲ့ကြပါတယ်။

လမ်းမတော်မြို့နယ်ကနေ ရွေးကောက်ပွဲဝင်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး လည်း ကြံ့ခိုင်ရေးကိုယ်စားလှယ်ကို မဲ ၉၀၀ ကျော်အကွာနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

လမ်းမတော်မြို့နယ်မှာ ဦးကိုကိုကြီးကိုထောက်ခံမဲပေးသူ ၂,၉၁၉ ဦးရှိခဲ့ပြီး ကြံ့ခိုင်ရေးကို မဲပေးသူ ၃,၇၆၂ ဦး ရှိခဲ့ပါတယ်။ အဲဒီမဲတွေထဲမှာ ဦးကိုကိုကြီးအတွက် ကြိုတင်မဲ ၁၉၇ မဲနဲ့ ကြံ့ခိုင်ရေးအတွက် ကြိုတင်မဲ ၈၄၁ မဲ ပါဝင်ပါတယ်။ ဦးကိုကိုကြီးနဲ့ ကြံ့ခိုင်ရေးကိုယ်စားလှယ်တို့အကြား မဲကွာခြားချက်ဟာ ၈၄၃ မဲသာ ကွာခြားပါတယ်။

ဒါကြောင့် ဦးကိုကိုကြီးဟာ ကြိုတင်မဲကြောင့် ရွေးကောက်ပွဲမှာ ရှုံးနိမ်ခဲ့ရတာလို့ ပြည်သူ့ပါတီက တာဝန်ရှိသူ တစ်ဦးကဘီဘီစီကိုပြောပါတယ်။ မဲပေးတဲ့နေ့မှာတော့ လမ်းမတော်မှာ မဲရုံ ၂၂ ရုံရှိပေမယ့် မဲရုံအားလုံးမှာ ပြည်သူ့ပါတီကိုယ်စားပြု စောင့်ကြည့်သူ တစ်ဦးမှ ပါတီအနေနဲ့မထားခဲ့နိုင်ဘူးလို့ သိရပါတယ်။ ကြိုတင်မဲပေးသူတွေက မည်သူမည်ဝါဖြစ်တယ်ဆိုတဲ့အပေါ်တော့ ပါတီဘက်က အတိအကျ သိထားရတာ မရှိသေးဘူးလို့ ပါတီရဲ့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အလားတူ NLD ကနေထုတ်ပယ်ခံရတဲ့ ဒေါ်စန္ဒာမင်းလည်း လသာမြို့နယ်ကနေ တစ်သီးပုဂ္ဂလကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ကြံ့ခိုင်ရေးကို ရှုံးနိမ့်ခဲ့ပါတယ်။

အခုလိုလူသိများထင်ရှားသူတွေရှုံးနိမ့်တာမျိုးတင်မကပဲ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီ၊ ဒေါ်သက်သက်ခိုင်ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီအပါအဝင် ဒီမိုကရက်တစ်အင်အားစုပါတီတွေလည်း မြို့နယ်အားလုံးနီးပါးမှာ ကြံ့ခိုင်ရေးပါတီကို ရှုံးနိမ့်ခဲ့ကြတာပါ။

စစ်တပ်ပြောခွင့်ရသူကတော့ မဲပေးနှုန်း ၅၄ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ပြောပေမဲ့ ရွေးကောက်ပွဲ ၃ ပိုင်းလုံးမှာတော့ မဲထွက်ပေးတဲ့သူအရေအတွက်ဟာ သိသိသာသာကို လျော့နည်း တယ်လို့ နိုင်ငံရေးပါတီတွေက ပြောထားပါတယ်။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကရွေးကောက်ပွဲတွေမှာတော့ လူအများစုမဲပေးတာကို မြင် တွေ့ခဲ့ရ ပေမယ့် ရန်ကုန်၊ မန္တလေးတို့က လူဦးရေထူထပ်တဲ့မြို့နယ်တွေမှာတော့ မဲရုံတွေမှာ မဲလာပေးသူအရေအတွက် နည်းပါးခဲ့ပါတယ်။

ကြိုတင်မဲတွေ မဲစာရင်းပြဿနာတွေနဲ့ မဲဆွယ်စည်းရုံးရေးတွေမှာ မမျှတမှုတွေရှိတယ်လို့ ပါတီတွေကပြောပေမဲ့ ဒါကို ပေါ်ပေါ်ထင်ထင် ကျယ်ကျယ်ပြန့်ပြန့်ကန့်ကွက်တာမျိုးကတော့ တိတ်ဆိတ်နေဆဲပါ။

အကြောင်းက ရွေးကောက်ပွဲကို ဆန့်ကျင်ဝေဖန်ရင်တစ်သက်တစ်ကျွန်းထိချနိုင်တဲ့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေကို စစ်တပ်က ပြဋ္ဌာန်းထားပြီး လူရာနဲ့ချီကိုအမှုဖွင့်ထားသလို ဆယ်နဲ့ချီကို နှစ်ရှည်ထောင်ဒဏ်တွေချပြ ထားပါတယ်။

အဲဒီအခင်းအကျင်းတွေကြားမှာပဲ ဒီမိုကရက်အင်အားစုတွေ ပါတီတွေသီးခြားထောင် မဲရအောင်လုပ်ဖို့ ကြိုးစားရင်းမှ မဲတွေကွဲသွားသလို ကြံ့ခိုင်ရေးအမာခံတွေအများစု မဲထွက်ပေးခဲ့တာကြောင့် ဒါကပဲကြံ့ခိုင်ရေးပါတီ နိုင်သွားစေခဲ့တာလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

အစိုးရလွတ်လွတ်ကျွတ်ကျွတ်ဖွဲ့နိုင်တဲ့အထိနိုင်တဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ခေါင်းဆောင်ဟာ သမ္မတ ဖြစ်ရမှာပါ။ ဒါပေမဲ့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီကတော့ သမ္မတ ဖြစ်ဖို့မျှော်မှန်းထားတာမရှိသေးဘူးလို့ ဘီဘီစီကို ပြောထားပါတယ်။