မြန်မာနိုင်ငံသား သန်းနဲ့ချီရှိတဲ့ထိုင်းမှာ ကြိုတင်မဲပေးသူ ရာဂဏန်းသာရှိ

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့

ဓာတ်ပုံ ရင်းမြစ်, MCGCM

ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံ၊ မြောက်ပိုင်း ချင်းမိုင်မြို့က မြန်မာကောင်စစ်ဝန်ရုံးမှာပြုလုပ်တဲ့ ကြိုတင်မဲပေးမှု

မြန်မာနိုင်ငံသားလူဦးရေ သန်းနဲ့ချီရှိတဲ့ ထိုင်းနိုင်ငံမှာ စစ်တပ်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးသူ အရေအတွက် ရာဂဏန်းသာရှိတယ်လို့ ဘန်ကောက်မြို့၊ မြန်မာသံရုံးနဲ့ နီးစပ်သူတချို့ဆီက သိရှိရပါတယ်။

Media Intelligence Group (MIG) Thailand ရဲ့ ၂၀၂၃–၂၀၂၄ ခုနှစ် သုတေသနအချက်အလက်အရ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား လူဦးရေ ၄ သန်းကနေ ၆ သန်းအထိရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါအပြင် ဘန်ကောက်ခရိုင်အတွင်းမှာ မြန်မာလူဦးရေ ၁ သန်းကျော်ရှိတယ်လို့ တွက်ချက်ထားပါတယ်။

ထိုင်းမှာရှိနေတဲ့ သန်းနဲ့ချီတဲ့ မြန်မာလူဦးရေနဲ့ မဲပေးသူအရေအတွက် ရာဂဏန်းပမာဏကို နှိုင်းယှဥ်ကြည့်ရင် ထိုင်းရောက် မြန်မာအများစုကြားမှာစစ်တပ်ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းပါးနေတာက မြင်သာနေပါတယ်။

ဘီဘီစီနဲ့ စကားပြောခဲ့တဲ့ ပြည်ပရောက် မြန်မာအလုပ်သမားအချို့ကတော့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ချက်တွေ၊ စစ်တပ်ရွေးကောက်ပွဲကို မယုံကြည်မှုနဲ့ နိုင်ငံရေးသဘောထားကြောင့် မဲမပေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ပြောပါတယ်။

ဘန်ကောက်မြို့၊ ပသူနမ်စျေးထဲမှာ အလုပ်လုပ်နေတဲ့ ဧရာဝတီတိုင်း၊ မြောင်းမြဇာတိ မဇင်သူကတော့ စစ်တပ်က တဖက်သတ်လုပ်တဲ့ ရွေးကောက်ပွဲဖြစ်လို့ ဆန္ဒမဲမပေးတာလို့ သူ့သဘောထားကိုပြောပါတယ်။

''ကိုယ်ကြိုက်တဲ့ ပါတီလည်းမပါဘူးလေ။ ပြီးတော့ မဲပေးတာနဲ့ နိုင်ငံရေးအပြောင်းအလဲဖြစ်လာမယ်လို့လည်း မထင်ပါဘူး" လို့ မဇင်သူက ဘီဘီစီကို ပြောပါတယ်။

သူပြောတဲ့ နိုင်ငံရေးအပြောင်းအလဲဆိုတာက ဒေါ် အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရပြန်လာဖို့ ရည်ရွယ်တယ်လို့ သူက ဖြည့်ပြောပါတယ်။

တရုတ်၊ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတို့က စစ်တပ်ရွေးကောက်ပွဲကို ထောက်ခံထားပါတယ်။

ဒါပေမဲ့ ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံအသိုင်းအဝိုင်းကတော့ စစ်တပ်ရွေးကောက်ပွဲဟာ လွတ်လပ်မှုနဲ့ မျှတမှုမရှိနိုင်ဘူးလို့ သူတို့ စိုးရိမ်ချက်တွေကို ထုတ်ပြောထားကြပါတယ်။

ဒါတင်မက ရွေးကောက်ပွဲက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်မယ့် နည်းလမ်းမဖြစ်နိုင်ဘူးလို့လည်း ပြောထားကြပါတယ်။

မြန်မာမှာ အာဏာသိမ်းလို့ CDM ကျောင်းသားလုပ်ပြီး ချင်းမိုင်က တက္ကသိုလ်တစ်ခုမှာ ပညာသင်ကြားနေတဲ့ နိုင်ငံရေးသိပ္ပံဘာသာရပ်ဆိုင်ရာ ကျောင်းသူတစ်ဦးကတော့ ''စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်လို့ မဲမပေးတာ'' လို့ ဘီဘီစီကို တုံ့ပြန်ပါတယ်။

ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့ဆန္ဒပြမှုမြင်ကွင်း ( ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့ဆန္ဒပြမှုမြင်ကွင်း (ပုံဟောင်း)
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာ နေထိုင်တဲ့ မြန်မာအလုပ်သမားအရေးဆောင်ရွက်တဲ့ အသက် ၃၃ နှစ်အရွယ် မနော်ကော်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

သူက ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲကာလတွေမှာ ထိုင်းနိုင်ငံအတွင်း မဲပေးခွင့်ရှိတဲ့ မြန်မာအလုပ်သမားတွေကို ကြိုတင်မဲပေးနိုင်ဖို့ တက်ကြွစွာ လှုပ်ရှားဆော်သြခဲ့သူတစ်ဦးဖြစ်ပါတယ်။

" ၂၀၁၅ တုန်း ကျွန်မက ပထမဆုံးမဲပေးရမယ့်သူလည်းဖြစ်တယ်ဆိုတော့ ပိုပြီးကို တက်ကြွတာ။ ၂၀၂၀ မှာ ကိုဗစ်တွေကြားမှာပဲ ရသမျှဆော်သြတာက အမေစု ပါတီကြောင့်လည်းပါတယ်။ နောက်ပြီး ကိုယ့်နိုင်ငံအတွက်ဖြစ်လို့ မဲမပေးဘဲ ကျန်ခဲ့ရသူ မရှိအောင် လုပ်ခဲ့တာ'' လို့ မနော်ကော်က ပြောပါတယ်။

ချွန်ဘူရီခရိုင်ထဲတင်မက ဘန်ကောက်ခရိုင်ထဲက မြန်မာအလုပ်သမားတွေ အများစုရှိတဲ့ စက်ရုံတွေမှာ အလုပ်ဆင်းချိန်တွေစောင့်ပြီး မဲပေးနိုင်ဖို့ ရှင်းပြတာ လိုအပ်တဲ့စာရွက်စာတမ်းတွေကို ထောက်ပံ့ပေးတာတွေ လုပ်ခဲ့တယ်လို့ သူက ၂၀၁၅နဲ့ ၂၀၂၀ ရွေးကောက်ပွဲကာလအခြေအနေကို ပြောပြပါတယ်။

''မဲပေးတဲ့နေ့မှာလည်း အလုပ်သမားတွေအဆင်ပြေအောင် စုရပ်တွေလုပ်ပြီး ဘန်ကောက်သံရုံးအထိ ကားတွေနဲ့ စုသွားကြပြီး မဲပေးခဲ့ကြတာ။ လူတွေထောင်ချီပဲ''လို့ မနော်ကော် က ပြန်ပြောပြပါတယ်။

ဒီလို အခြေအနေကို ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်မှာ အလုပ်သမားအရေးလုပ်တဲ့ ဦးဇော်ကလည်း သဘောထားတူစွာ ပြောပါတယ်။

ဦးဇော်က မနော်ကော်တို့လို အလုပ်သမား အရေးဆောင်ရွက်သူပဲဖြစ်လို့ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ သူတို့အလုပ်သမားအဖွဲ့တွေချင်း ချိတ်ဆက်ပြီး ခရိုင်အလိုက်မြန်မာလုပ်သားတွေ မဲပေးခွင့်မဆုံးရှုံးရအောင် လုပ်ခဲ့ကြတယ်လို့ ပြောပြပါတယ်။

ဦးဇော်က ၂၀၁၆ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးမှာ မြန်မာလုပ်သားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်ရအောင် စီစဥ်ပေးခဲ့တဲ့ အလုပ်သမားအရေးဆောင်ရွက်သူတွေထဲက တစ်ဦးဖြစ်ပါတယ်။

ဘီဘီစီက လက်လှမ်းမီတဲ့ ဘန်ကောက်ခရိုင်နဲ့ နီးစပ်တဲ့ ချွန်ဘူရီနဲ့ မဟာချိုင်က အလုပ်သမားခေါင်းဆောင် အများစုကို မေးခဲ့တဲ့ အချက်အလက်တွေအရ သဘောထားဆန္ဒတွေတူညီနေကြပါတယ်။

ဒါတင်မက မဲဆောက်နဲ့ ချင်းမိုင်က မြန်မာအလုပ်သမားတွေ၊ ကျောင်းသားတချို့နဲ့လည်း ဘီဘီစီက ဆက်သွယ်စကားပြောခဲ့ပါတယ်။ သူတို့ကလည်း ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲလို ၂၀၂၅ စစ်တပ်ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မရှိကြောင်းပြောပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေရဲ့ အတက်ကြွဆုံးအခြေအနေတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် လက်ရှိ ၂၀၂၅ ခုနှစ် စစ်တပ်ရွေးကောက်ပွဲအတွက် ထိုင်းနိုင်ငံအတွင်း ကြိုတင်မဲပေးသူ အရေအတွက်ဟာ သိသာထင်ရှားစွာ နည်းပါးနေတယ်လို့ ထိုင်းရောက်အလုပ်သမားအရေးလုပ်သူတွေက ပြောပါတယ်။

''အရင်ရွေးကောက်ပွဲတွေမှာ မဲပေးဖို့ ဆော်သြခဲ့သူမဟုတ်ဘဲ ကျွန်မရဲ့ ပုဂ္ဂလိကအမြင်နဲ့ဆိုရင်လည်း အခုလက်ရှိပါတီတွေကြောင့်လည်း မဲမပေးတာပါ။ နောက်ပြီး ကျွန်မတို့အစိုးရကို အာဏာသိမ်းထားပြီး သူတို့ဘာသာ ရွေးကောက်ပွဲလုပ်လို့ မဲမပေးတာ'' လို့ မနော်ကော်က သူ့သဘောထားကိုပြောပါတယ်။

ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့ စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြမှုမြင်ကွင်း ( ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့ စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြမှုမြင်ကွင်း ( ပုံဟောင်း)

မြန်မာစစ်တပ်က ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ကြိုတင်မဲပေးနိုင်ဖို့ အောက်တိုဘာလကတည်းက ညွှန်ကြားချက်အချို့ ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်ရဲ့ ညွှန်ကြားချက်အရ ပြည်ပရောက် မဲဆန္ဒရှင်တွေဟာ သက်ဆိုင်ရာ နိုင်ငံမှာရှိတဲ့ မြန်မာသံရုံး ဒါမှမဟုတ် ကောင်စစ်ဝန်ရုံးတွေမှာ ပုံစံ ၁၅ နဲ့ ကြိုတင်ဆန္ဒမဲလက်မှတ် လျှောက်ထားရတာဖြစ်ပါတယ်။

စာရင်းသွင်းရာမှာ နိုင်ငံကူးလက်မှတ်၊ နေထိုင်ခွင့် စာရွက်စာတမ်းတွေကို တင်ပြရပြီး သံရုံးက သတ်မှတ်ထားတဲ့ ကြိုတင်မဲပေးခွင့်ပုံစံဖောင်မှာ အချက်အလက် ဖြည့်စွက်ရပါတယ်။

ကြိုတင်မဲပေးနိုင်သူအဖြစ် အတည်ပြုခံရသူတွေကို သံရုံးက မဲပေးရမယ့် နေ့ရက်နဲ့ နေရာကို အသိပေးခဲ့ပါတယ်။ မဲပေးတဲ့အချိန်မှာလည်း သံရုံး ဒါမှမဟုတ် သတ်မှတ်ထားတဲ့နေရာမှာ ကိုယ်တိုင် သွားရောက်မဲပေးရမယ်လို့ ညွှန်ကြားထားပါတယ်။

ဒါပေမဲ့ တဖက်မှာတော့ လုံခြုံရေးဆိုင်ရာစိုးရိမ်ချက်တွေ၊ စာရင်းသွင်းလုပ်ငန်းစဉ်ရှုပ်ထွေးမှုတွေကြောင့် ကြိုတင်မဲပေးဖို့ အခက်အခဲရှိတယ်လို့ ထိုင်းရောက် မြန်မာအချို့က ပြောပါတယ်။

''ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို သံရုံးကိုပေးရမှာ အဆင်မပြေဘူး။ မလုံခြုံဘူးလို့ ခံစားရလို့ မဲပေးဖို့ မလုပ်ခဲ့တာ'' လို့ ဘန်ကောက်မှာ အခြေချပြီး အွန်လိုင်းစျေးရောင်းလုပ်ငန်းလုပ်နေတဲ့ မလင်းလက်ကလည်းပြောပါတယ်။

အသက် ၃၅ နှစ်အရွယ် မလင်းလက်က တော်လှန်ရေးနဲ့ စစ်ကော်မရှင်တို့ နှစ်ဖက်လုံးအပေါ် နိုင်ငံရေးသဘောထားဘက်တိမ်းမှု မရှိတဲ့ အရပ်သားတစ်ဦးဖြစ်ပါတယ်။

ပြည်တွင်းနဲ့ ထိုင်းကို ကူးလူးဆက်သွယ်ပြီး ထိုင်းက ကွန်ဒိုရောင်းဝယ်ရေးလုပ်ငန်းနဲ့ ငွေလဲလုပ်ငန်းလုပ်တဲ့ မြန်မာတွေကို စစ်ကော်မရှင်က အရေးယူခဲ့တဲ့ဖြစ်စဥ်တွေကြောင့် သူ့ လုံခြုံရေး စိုးရိမ်ချက်ရှိတာလို့ မလင်းလက်က ပြောပါတယ်။

စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီးဌာနက ရွေးကောက်ပွဲကော်မရှင်ကို ကြိုတင်မဲလွှဲပြောင်းပေးနေမှု

ဓာတ်ပုံ ရင်းမြစ်, MOFA

ဓာတ်ပုံ ပုံစာ, စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီးဌာနက ရွေးကောက်ပွဲကော်မရှင်ကို ကြိုတင်မဲလွှဲပြောင်းပေးနေမှု

ဘန်ကောက်အခြေစိုက် မြန်မာသံရုံးနဲ့ နီးစပ်သူတစ်ဦးရဲ့ ပြောပြချက်အရ သံရုံးအနေနဲ့ ဝန်ထမ်းတွေကလွဲလို့ အရပ်သားတွေ မဲပေးဖို့ အတင်းအကျပ်ဖိအားပေးတာ မရှိခဲ့ဘူးလို့ပြောပါတယ်။

ကြိုတင်မဲပုံစံဖြည့်ကာလတွေမှာ သံရုံးကို ပတ်စ်ပို့နဲ့ တခြားကိစ္စသွားရောက်ခဲ့သူတချို့နဲ့ အလုပ်သမား အထောက်အထား လုပ်ကိုင်ပေးတဲ့ ပွဲစားတချို့ရဲ့ အပြောအရလည်း သံရုံးက မဲထည့်ဖို့ တိုက်တွန်းဖိအားပေးတာမရှိဘူးလို့ပြောပါတယ်။

'' အရပ်သားတွေကိုတော့ သူတို့မဲပေးရမယ်လို့ အတင်းအကျပ်မပြောဘူး။ ဒါပေမဲ့ ဒီထိုင်းနိုင်ငံထဲရှိနေတဲ့ သံရုံးဝန်ထမ်း၊ တခြား CI ထုတ်ပေးရေးရုံးတွေက ဝန်ထမ်းတွေ၊ နိုင်ငံတော်ပညာတော်သင်တွေကိုတော့ မဖြစ်မနေ မဲပေးဖို့ သူတို့ပြောတာရှိတယ်။ ဆန္ဒမဲလည်းပေးခဲ့ရတယ်'' လို့ CI ရုံးတစ်ခုက ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဘန်ကောက်ကမြန်မာသံရုံးနဲ့ နီးစပ်သူတစ်ဦးကတော့ ကြိုတင်မဲပေးဖို့ ပုံစံဖောင်တောင်းသူ တစ်ထောင်ကျော်ခန့်ရှိခဲ့ပြီး အမှန်တကယ်မဲပေးသူ အရပ်သားဦးရေ က ၁၀၀ ကျော်သာရှိခဲ့တာလို့ဆိုပါတယ်။

''ဝန်ထမ်းတွေ၊ ပညာတော်သင်တွေ အားလုံးပေါင်းရင် ၁၀၀ ကျော်ပေးတယ်။ အရပ်သားက ၁၀၀ ကျော်ပေးတယ်။ မဲပေးသူ စုစုပေါင်း ၂၇၀ ကျော်ပဲ ပေးတယ်လို့ သိရပါတယ်'' လို့ သံရုံးနဲ့ နီးစပ်သူကပြောပါတယ်။

ချင်းမိုင်မြို့က မြန်မာကောင်စစ်ဝန်ချုပ်ရုံးကတော့ ဒီဇင်ဘာ ၁ ရက်ကနေ ၄ ရက်အထိ မဲပေးနိုင်ဖို့ စီစဥ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးနိုင်ဖို့ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး စုစုပေါင်း ရုံး ၅၀ မှာ သတ်မှတ်ရက်အလိုက် မဲရုံတွေဖွင့်လှစ်ပြီး ကြိုတင် ဆန္ဒမဲပေးဖို့ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ကြိုတင် မဲလက်မှတ်တွေအားလုံးကို ဒီဇင်ဘာ ၁၈ ရက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။

ထိုင်းမှာ ကြိုတင်ဆန္ဒမဲပေးသူ နည်းပါးတဲ့အခြေအနေနဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာရဖို့ ဘီဘီစီက ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။