အာဆီယံနဲ့ မြန်မာ့ရွေးကောက်ပွဲ

ဒီမိုကရက်တစ် အင်အားစုတွေ၊ တော်လှန်ရေးအင်အားစုတွေ လုံလုံခြုံခြုံနဲ့ ဘေးကင်း ရန်ကင်း စုဝေး တိုင်ပင်နိုင်တဲ့ အခင်းအကျင်း နေရာမျိုးတွေ ဖန်တီးပေးခဲ့တဲ့ မလေးရှားနိုင်ငံရဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနေရာမှာ နောက်လာမယ့် နှစ်ဆန်းက စပြီး ဖိလစ်ပိုင် စတင် တာဝန်ယူတော့မှာ ဖြစ်ပါတယ်။
မလေးရှား အလှည့်ကျ ဥက္ကဋ္ဌ နေရာမှာ ရှိတုန်း မြန်မာအရေးနဲ့ ပတ်သက်ပြီး စစ်တပ်နဲ့ ဒီမိုကရက်တစ် အင်အားစုတွေကြား ကြီးမားလွန်းနေဆဲ ကွာဟချက်ကို ကျော်လွှားနိုင်တဲ့ အထိ မဆောင်ရွက် နိုင်ခဲ့ပေမဲ့ မလေးရှားနိုင်ငံဟာ မြန်မာ့အရေး အင်မတန် အားထုတ် ကြိုးပမ်းခဲ့ပြီး NUG ဝန်ကြီးချုပ်နဲ့ ဆွေးနွေးတာကို လူသိရှင်ကြား ပြုလုပ်ခဲ့တာမျိုးအထိ ဘက်နှစ်ဖက်စလုံး အပေါ် တန်းတူ ဆက်ဆံရေး တည်ဆောက်ခဲ့ပါတယ်။
ဖိလစ်ပိုင်လက်ထက် မြန်မာ့အရေး အပေါ် အာရုံစိုက်မှုဟာ နိုင်ငံရေး တိုးတက်ပြောင်းလဲနိုင်စေရေး အပေါ် ဆက်ပြီး အာရုံ စိုက်မလား ... မြန်မာအခြေစိုက် နိုင်ငံတကာ ခြိမ်းခြောက်မှု ဖြစ်နေတဲ့ အွန်လိုင်း အလိမ်အညာ ကျားဖြန့်တွေကို ကိုင်တွယ် နိုင်ရေး ဆိုတဲ့ ရှုထောင့်ကနေ ပိုပြီး ချည်းကပ်လာမလား ...
စစ်တပ်ရဲ့ရွေးကောက်ပွဲအလွန် ပေါ်လာမယ့် အစိုးရသစ်အပေါ်မှာရော အာဆီယံ ဘယ်လို သဘောထားမလဲ ... မြေရှားနဲ့ပတ်သက်လို့ သမ္မတထရမ့်က ထိုင်းနဲ့ နားလည်မှု စာချွန်လွှာ ထိုးခဲ့လို့ မြန်မာ့အရေးကစားပွဲမှာ တရုတ်နဲ့အပြိုင် အမေရိကန် ပြန်ဝင်လာမလား ... စတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး စင်္ကာပူနိုင်ငံအခြေစိုက် သုတေသနအဖွဲ့ ဖြစ်တဲ့ အိုက်ဆက်-ယူဆွဖ် အီရှပ်ခ် အင်စတီကျုမှာ ဧည့်သုတေသီအဖြစ် လုပ်ကိုင်နေတဲ့ ထိုင်းအမျိုးသမီး နိုင်ငံရေး သိပ္ပံပညာရှင် ဒေါက်တာ ဆူရာချဏီ "ဟမ္မလီ" ဆရီရိုင်ကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး ဆက်သွယ် မေးမြန်းထားပါတယ်။

ဘီဘီစီ။ ။ ဟမ္မလီ ရေ ... လတ်တလော အာဆီယံ ထိပ်သီးဆွေးနွေးပွဲအပါအဝင် တခြား ဆက်စပ် အစည်းအဝေးတွေမှာ မြန်မာ့အကျပ်အတည်းနဲ့ပတ်သက်ပြီး သိသာထင်ရှားတဲ့ အောင်မြင်မှု ရလဒ်တွေ ရရှိနိုင်ခဲ့တယ်လို့ မြင်လား။
ဒေါက်တာ ဆူရချာဏီ ဆရီရိုင်။ ။ အားလုံးလည်း သတိထားမိပြီး ဖြစ်နိုင်ပါတယ် ... အခု ထိပ်သီးဆွေးနွေးပွဲအတွင်းမှာ မြန်မာအကြောင်း သိပ်ပြီး ပြောတာ မရှိပေမဲ့ ထိပ်သီးဆွေးနွေးပွဲ အပြီး အာဆီယံခေါင်းဆောင်တွေ ထုတ်ပြန်တဲ့ "ဘုံသဘောထား ၅ ချက် အကောင်အထည် ဖော်နိုင်မှု အပေါ် ပြန်လည်သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်ဆိုတဲ့" ကြေညာချက်ကတော့ မြန်မာ့အရေးမှာ အာဆီယံရဲ့ရပ်တည်မှု အနေအထားက ဘာလဲဆိုတာကို အထင်ရှားဆုံး ညွှန်ပြနိုင်မယ်လို့ ထင်ပါတယ်။ အဲဒီကြေညာချက်ကို အောက်တိုဘာလ ၂၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
မြန်မာအရေးနဲ့ပတ်သက်လို့ အာဆီယံ ထုတ်ပြန်ဖူးသမျှတွေထဲ အရှည်လျားဆုံး ဖြစ်ပြီး အချက် ၂၈ ချက် ဖော်ပြထားပါတယ်။ ဒါပေမဲ့ အသစ်ရယ်လို့တော့ မပါဝင်ပါဘူး။ ပြောနေကြ AHA Centre (အာဆီယံလူသားချင်းစာနာမှုအကူအညီပေးရေးစင်တာ) ဟာ စာနာမှု အကူအညီတွေ ပေးဖို့ရာ အဓိက ဗဟိုပြုရမယ့်အဖွဲ့အစည်းဖြစ်တယ်ဆိုတာမျိုး တွေ့ရပါတယ်။ တကယ်တော့ အဟာ စင်တာမှာ အဲဒီလို လုပ်နိုင်တဲ့ စွမ်းရည် အကန့်အသတ်နဲ့သာ ရှိတယ်ဆိုတာကို ဝေဖန် ထောက်ပြမှုတွေရှိနှင့်ပြီးဖြစ်ပါတယ်။
ထုတ်ပြန်ချက်ထဲ ပါဝင်တဲ့နောက်အချက်ကတော့ ... မြန်မာ့အရေး အာဆီယံ အထူးသံတမန်ကို ပိုပြီး ကြာမြင့်တဲ့သက်တမ်းနဲ့ ခန့်အပ်မှသာ ပိုပြီး ထိထိရောက်ရောက် လုပ်ဆောင်နိုင်စွမ်း ရှိလိမ့်မယ်ဆိုတဲ့ အကြံပြုချက်တွေအပေါ်မှာလည်း အသေအအချာ ဆန်းစစ် သုံးသပ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်တော့ ဆုံးဖြတ်မှာလည်း ... တကယ်တမ်းရော အဲဒီလို ဖြစ်လာမှာလား ဆိုတာကတော့ အခုအချိန်ထိ ဘယ်သူမှ မသိနိုင်သေးပါဘူး။
ထုတ်ပြန်ချက်ရဲ့ ဟိုး ... အောက်ဆုံးနားမှာတော့ မြန်မာနိုင်ငံမှာ လုပ်မယ် ဆိုတဲ့ ရွေးကောက်ပွဲ အကြောင်း ထည့်ပြောထားတာ တွေ့ရပါတယ်။ အချက် ၂၈ ချက်ထဲ ၂၆ နေရာမှာ ရှိနေတာ ဖြစ်လို့ တကယ့်ကို ပြီးကာနီး အဆုံးသတ် နေရာကျမှ ထည့်ထားတာ ဖြစ်ပေမဲ့ အဲဒီအချက်ကပဲ ဒီ ထုတ်ပြန်ချက်ထဲ အရေးကြီးဆုံးဖြစ်တယ်လို့ ကျွန်မ မြင်ပါတယ်။ အရေးကြီးဆုံးလို့ ဆိုပေမဲ့ သိပ်ပြီး ကောင်းလှချည်ရဲ့ဆိုတဲ့အဓိပ္ပာယ်မျိုး ကျွန်မ မဆိုလိုပါဘူး။

အဲဒီမှာ ရွေးကောက်ပွဲအကြောင်း ဘာပြောထားသလဲ ဆိုတော့ ... မြန်မာနိုင်ငံမှာ လာမယ့် ဒီဇင်ဘာလထဲ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိတာမှာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့လည်း စောင့်ကြည့်ရေး အဖွဲ့တွေ စေလွှတ်ဖို့ ဖိတ်ခေါ်ခံထားရတယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲဆိုတာ တရားမျှတရမယ်၊ ပွင့်လင်းရမယ်၊ အားလုံးပါဝင်နိုင်ခွင့် ရှိရမယ် အစရှိသဖြင့်တွေ ပြောထားပါတယ်။
အဲဒီလောက်ထိ ထည့်ပြောတာမျိုး၊ ရေးထားမျိုးဟာ တကယ်တော့ အာဆီယံအနေနဲ့ လုပ်လေ့လုပ်ထ မရှိလှပါဘူး။ ဒါပေမဲ့လည်း မြန်မာ့အရေးမှာ အဲဒီလောက် ပြောရုံနဲ့ မလုံလောက်ဘူး ဆိုတာကိုလည်း ကျွန်မတို့ သဘောပေါက်သင့်ပါတယ်။
စစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲအပေါ် ကန့်ကွက် ရှုတ်ချကြောင်း ပေါ်ပေါ်ထင်ထင် ကြေညာဖို့ ပျက်ကွက်တာဟာ ... စစ်တပ်အနေနဲ့ တကယ်ပဲ ရွေးကောက်ပွဲ ကျင်းပပေးနိုင်တဲ့ တရားဝင်မှု ရှိနေသယောင် အဖြစ်မျိုး ပို ရောက်သွားစေပါတယ်။ အဲဒါရဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုက ကြီးမားပါလိမ့်မယ်။ ရွေးကောက်ပွဲ အကြိုကာလမှာရော .... ရွေးကောက်ပွဲလွန် ကာလမှာပါ အကြမ်းဖက် နည်းနာတွေ အသုံးပြုမှု မြန်မာနိုင်ငံမှာ ပိုပြီး ဖြစ်ထွန်း လာစေနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဝန်ကြီးချုပ် အန္နဝါအီဘရာဟင်မ် ထုတ်ပြန်ချက်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဘီဘီစီ။ ။ ဟုတ်ကဲ့၊ ရွေးကောက်ပွဲ ဗဟိုပြု ဆွေးနွေးချက်တွေကို ကျွန်တော် နောက်ပိုင်းမှာ ထပ်ပြီး လုပ်ပါမယ်။ အခု မလေးရှား အလှည့်ကျ ဥက္ကဋ္ဌ ပြုမူခဲ့တာတွေကို ကြည့်ရင် သူတို့ဟာ ဒီမိုကရက်တစ် အင်အားစုတွေ၊ တော်လှန်ရေး အင်အားစုတွေနဲ့ပါ ထိတွေ့ ဆက်ဆံတာတွေ ပြုလုပ်ပါတယ်။ မြန်မာ့ အကျပ်အတည်း ဖြေရှင်းနိုင်ရေး အစည်းအဝေးတွေ ကျင်းပနိုင်ဖို့ ပံ့ပိုးပေးတာတွေ လုပ်တာကိုလည်း သတိထားမိပါတယ်။ အဲဒါတွေက မြန်မာ့ အကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး နည်းလမ်းတွေ ရရှိနိုင်အောင် အထောက်အကူ ပြုပေးနိုင်ခဲ့လား ခင်ဗျ။
ဒေါက်တာ ဆူရချာဏီ ဆရီရိုင်။ ။ အာဆီယံ ဥက္ကဋ္ဌအနေနဲ့ မလေးရှားနိုင်ငံ ကြိုးပမ်း အားထုတ်ခဲ့တာတွေဟာ တကယ်ပဲ ချီးကျူးဖို့ ကောင်းပါတယ် ဆိုတာ စပြီး ပြောချင်ပါတယ်။ တစ်နှစ်တာ ဆိုတဲ့ ကာလအတွင်းမှာ မြန်မာ့အရေးအတွက် အတော်လေးကို လုပ်ဆောင်ပေးခဲ့တာပါ။ အထူးသဖြင့် တော်လှန်ရေး အင်အားစုတွေ ဘေးကင်းလုံခြုံစွာ စုစည်းနိုင်တဲ့ ပလက်ဖောင်း နေရာမျိုးတွေ ဖန်တီးပေးခဲ့ပါတယ်။
အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ဘယ်လို ရှေ့ဆက် လုပ်ဆောင် နိုင်ကြမလဲဆိုတာကို သူတို့ အချင်းချင်းကြား ဆွေးနွေးနိုင်ဖို့ ဖြစ်ပါတယ်။ အဲဒါဟာ Nation Building လို့ ခေါ်တဲ့ တိုင်းပြည်တည်ဆောက်ရေးကဏ္ဍ ... ရေရှည်အတွက် အင်မတန် အရေးကြီးပါတယ်။
ဒါပေမဲ့လည်း ရှင် မေးတဲ့ အထဲမှာပါတဲ့ "ပြဿနာ ဖြေရှင်းနိုင်ရေး ငြိမ်းချမ်းတဲ့ နည်းနာ" ဆိုတဲ့ အပေါ် ကျွန်မတို့ ကြည့်ရအောင်ပါ။ "Peaceful solution" "ငြိမ်းချမ်းတဲ့နည်း" လို့ ပြောတဲ့ အခါတိုင်း နှစ်ဖက် ပါဝင်မှ ရတာမျိုး မဟုတ်လား။
ဒီတော့ အကြမ်းနည်းတွေ အသုံးပြုတာမျိုး ရပ်ဖို့ ဆိုတာ တိုင်းရင်းသားအဖွဲ့တွေ အပါအဝင် တော်လှန်ရေး အင်အားစုတွေ တစ်ဖက်တည်းကနေ သဘောတူ လက်ခံရုံနဲ့ အထမမြောက်နိုင်ပါဘူး။ စစ်အာဏာပိုင်တွေဘက်ကလည်း သဘောတူ လက်ခံဖို့ လိုတယ် မဟုတ်လား။
စစ်တပ် လုပ်ဆောင်နေတာတွေကို ကြည့်ရင် တောက်လျှောက် မြင်နေရတာကတော့ အကြမ်းနည်းတွေကို သုံးတာ ရပ်တဲ့ အရိပ်အယောင်မျိုး လုံးဝ ရှိမနေတဲ့ အပြင်၊ ပို ပိုပြီးတော့ပဲ အသုံးပြုနေတာ တွေ့ရပါတယ်။ ဒီတော့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်တပ်ကြား ကွာဟချက် ကြီးမားနေဆဲ ဖြစ်ပြီး၊ မလေးရှားအနေနဲ့လည်း အာဆီယံဥက္ကဋ္ဌ နေရာမှာ ရှိနေတုန်း အဲဒီ အဟ ကွာမှုကြီးကို သူ လွယ်လွယ်နဲ့ ကျော်ဖြတ်နိုင်ခဲ့စွမ်း မရှိပါဘူး။
မလေးရှားရဲ့ ကြိုးပမ်းမှုတွေဟာ အကူအညီ ဖြစ်စေလားလို့ မေးရင် ... ဖြစ်တယ် ... ဘယ်လို နေရာမှာ ဖြစ်သလဲဆိုရင် တော်လှန်ရေး အင်အားစုတွေကြား ညီညွတ်မှု တည်ဆောက်နိုင်ရေးမှာ အကူအညီ ဖြစ်စေပါတယ်။ ဒါပေမဲ့ "ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး နည်းလမ်း" ဆိုတဲ့ ကဏ္ဍအထိအောင်တော့ မရောက်ပါဘူး။
ဒါဟာလည်း မလေးရှားကို အပြစ်ပြောလို့ မရနိုင်ပါဘူး။ ကာယကံရှင် မဟုတ်ဘဲ ပြင်ပကနေ လုပ်ဆောင်ပေးသူတွေအတွက် "peaceful solution" တစ်ခု ဆောင်ကြဥ်းပေးဖို့ ဆိုတာ မလွယ်လှပါဘူး။ ဒါဟာ အင်မတန်မှ ကဏ္ဍစုံ၊ ဘက်ပေါင်းစုံ၊ ရှုထောင့်စုံကနေ လုပ်ဆောင်ရမယ့် multi-task အရာကြီးဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ကိုသံခဲ၊ ABSDF
ဘီဘီစီ။ ။ မြန်မာ့အရေးဟာ အခုလို ထိပ်သီးဆွေးနွေးပွဲမျိုးနဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ အစည်းအဝေးလို နေရာတွေမှာ အလေးထား ပြောစရာ ကိစ္စချင်းရာ အဖြစ် သဘောထား နေခဲ့ကြတာကတော့ ထင်ရှားပါတယ်။ ဖိလစ်ပိုင် ဥက္ကဋ္ဌ နေရာ ရောက်လာတဲ့ အခါမှာရော မြန်မာ့အရေးဟာ ဒေသတွင်း အရေးတကြီးကိစ္စအဖြစ် ဆက်ပြီး အာရုံစိုက် ခံရနိုင်ဖွယ် ရှိလားခင်ဗျ။
ဒေါက်တာ ဆူရချာဏီ ဆရီရိုင်။ ။ ဆက်ပြီး အလေးထားနေဦးမယ်လို့တော့ ထင်ပါတယ်။ ဒါပေမဲ့ မလေးရှား လက်ထက်ကနဲ့တော့ ချဥ်းကပ်ပုံ ချဥ်းကပ်နည်း ရှုထောင့်တွေ တူချင်မှတော့ တူပါလိမ့်မယ်။ ရှင်လည်း သတိထားမိမှာပါ။ မြန်မာပိုင်နက်ထဲ အခြေစိုက် လှုပ်ရှားနေခဲ့တဲ့ အွန်လိုင်း အလိမ်အညာ ဂိုဏ်းတွေ ပြဿနာရဲ့ရိုက်ခတ်မှုက အင်မတန်မှ ကြီးမားခဲ့ပါတယ်။ ဒေသတွင်း ပြဿနာထက်ကို ကျော်လွန်ပြီး၊ ကမ္ဘာလုံး ဆိုင်ရာ ပြဿနာကြီး ဖြစ်လာခဲ့ပါတယ်။
ဒီတော့ ... အဲဒီ scam centre တွေနဲ့ပတ်သက်တဲ့ပြဿနာမျိုးကို အရေးတကြီး ကိုင်တွယ်ရမယ့် ကိစ္စအဖြစ် ဖိလစ်ပိုင်က ဦးစားပေး သတ်မှတ်လာလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီ ပြဿနာ ကိုင်တွယ်နိုင်ရေးအတွက် အာဆီယံဒေသတွင်းနိုင်ငံတွေအပြင် နိုင်ငံတကာ အသိုင်းအဝိုင်းတွေနဲ့ပါ အတူတွဲပြီး ဖိလစ်ပိုင် လုပ်ဆောင်လာဖွယ်ရှိပါတယ်။
မြန်မာ့အကျပ်အတည်း ပြဿနာရဲ့ တကယ့် အခြေခံ ဇစ်မြစ် "root cause"အပေါ် ကိုင်တွယ်ရေး အထိ ဖိလစ်ပိုင် လုပ်ဆောင်မလားဆိုတဲ့အပေါ်မှာတော့ ကျွန်မအနေနဲ့ သိပ်ပြီး မျှော်လင့်ချက် မထားပါဘူး။ ပြဿနာရဲ့ ဇစ်မြစ်ဟာ ကာလတာရှည်လှပြီ ဖြစ်တဲ့ ပြည်တွင်းစစ်ပဲ ဖြစ်ပါတယ်။ အနှစ် ၈၀ နီးပါး ကြာညောင်းခဲ့တဲ့ ပြည်တွင်းစစ်ဟာ တိုင်းပြည်ရဲ့ အထွေထွေ အကျပ်အတည်း ပြဿနာတွေ ပေါ်ပေါက်လာစေခဲ့တာပဲ ဖြစ်ပါတယ်။
ကောင်းမွန်တဲ့ အုပ်ချုပ်ရေး မထူထောင်နိုင်တဲ့အတွက်လည်း အခုလို အွန်လိုင်း အလိမ်အညာ ဂိုဏ်းတွေအပါအဝင် တရားမဝင် စီးပွားရေး မျိုးတွေဟာ အခြေစိုက် လှုပ်ရှားနိုင်စွမ်း ရှိနေတာ ဖြစ်ပါတယ်။ အဲဒီ အခြေခံ အရင်းခံကြောင့်ပဲ ရှိသမျှ အကျပ်အတည်း ပြဿနာတွေဟာ အခု ဒီနေ့ ဒီအချိန် ကျွန်မတို့ မြင်တွေ့ နေရတဲ့အတိုင်းအတာ ပမာဏမျိုးထိအောင် ကြီးမားနေရတာ ဖြစ်ပါတယ်။
ဒီလိုနှစ်ကာလတာရှည်ခဲ့ပြီဖြစ်တဲ့ပြဿနာကြီးကို ဖြေရှင်းရေးမှာ အာဆီယံ ဥက္ကဋ္ဌသက်တမ်း "တစ်နှစ်" ဆိုတဲ့ ကာလအပိုင်းအခြားမှာ တိုးတက်မှု အများကြီးရှိလာဖို့ရာ မမျှော်လင့်နိုင်ပါဘူး။ ဒီတော့ နောင်လာမယ့် အလှည့်ကျဥက္ကဋ္ဌ လက်ထက် မြန်မာ့အရေး ကိုင်တွယ်ရာမှာ "ကံကောင်းပါစေ" လို့ပဲ ကျွန်မ ဆုတောင်းပေးလိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ ကျွန်တော်တို့ ဒီ ထိပ်သီးဆွေးနွေးပွဲကာလ အာဆီယံ အဝန်းအဝိုင်းထဲကနေပဲ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မတူတဲ့ သဘောထား အမြင်မျိုးတွေ ထွက်လာနေခဲ့ပါတယ်။ ရွေးကောက်ပွဲကို တားလို့တော့ ရမှာမဟုတ်ဘူး၊ တရားမျှတ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ ကိုသာ တိုက်တွန်း နေရမှာပဲ ဆိုတာမျိုး မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောသလို၊ အင်ဒိုနီးရှား သမ္မတကလည်း အာဆီယံ အနေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့ စေလွှတ်သင့်တယ်လို့ ဆိုပါတယ်။ အာဆီယံ တစ်ခုလုံး အနေနဲ့ကတော့ လွှတ်မယ် မလွှတ်ဘူး ဆိုတာကို မဆုံးဖြတ်ရသေးဘူးလို့ ကျွန်တော် နားလည် ထားပါတယ်။ ဒီတော့ အဆုံးတစ်နေ့ သူတို့ ဘယ်လို ဆုံးဖြတ်လာနိုင်ဖွယ် ရှိလဲ ခင်ဗျ။
ဒေါက်တာ ဆူရချာဏီ ဆရီရိုင်။ ။ ဟုတ်ပါတယ် ကိုဝေဖြိုးရေ ... အခုအချိန်ထိတော့ အာဆီယံ အဖွဲ့ အနေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ ဆိုတာမျိုး သတ်သတ်မှတ်မှတ် ဖွဲ့စည်းပြီး စေလွှတ်မယ်၊ မစေလွှတ်ဘူး ဆိုတာကို မသိရသေးပါဘူး။ အာဆီယံခေါင်းဆောင်တွေရဲ့ ထုတ်ပြန်ချက်ထဲ ရေးထားတာကတော့ အဖွဲ့ဝင်တစ်နိုင်ငံချင်းစီအနေနဲ့ စောင့်ကြည့်ဖို့ စိတ်ဝင်စားသူ ရှိရင် ကိုယ့်နိုင်ငံအလိုက် စောင့်ကြည့်ရေးအဖွဲ့တွေ လွှတ်ချင်ရင်လွှတ်ဆိုတဲ့ပုံစံမျိုး ရေးထားတာ ဖြစ်ပါတယ်။
ကျွန်မ အစောပိုင်းတုန်းကလည်း ပြောထားသလို သူတို့ရေးထားတာတွေက ဘယ်လို ပုံစံမျိုး ပေါက်နေသလဲဆိုရင် မြန်မာ စစ်အာဏာပိုင်တွေဆီမှာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပေးနိုင်တဲ့ တရားဝင်မှုမျိုး ရှိနေတာကို သွယ်ဝိုက်ပြီး အသိအမှတ်ပြုပေးရာ ရောက်နေပါတယ်။ ရွေးကောက်ပွဲ လုပ်ပေးပိုင်ခွင့် မရှိဘူး ဆိုပြီး မပြောတာဟာ ... ရွေးကောက်ပွဲလုပ်မယ် ဆိုတဲ့ အပေါ် ပြတ်ပြတ်သားသား မရှုတ်ချတာဟာ ... ထောက်ခံမှုပေးတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်မတို့ မမေ့သင့်တာက မြန်မာနိုင်ငံမှာ လုပ်မယ် ဆိုတဲ့ ရွေးကောက်ပွဲရဲ့ နောက်ကွယ်မှာ တရုတ်ရဲ့အခန်းကဏ္ဍ ဘယ်လောက်ပါဝင်နေသလဲဆိုတဲ့အချက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အခုလို ရွေးကောက်ပွဲ တစ်ရပ် ဖြစ်မြောက်လာဖို့ ရှိတာဟာ အဓိက .. ဘာ့ကြောင့်လဲဆိုရင် တရုတ်က လုပ်စေချင်တဲ့အတွက်ပဲ ဖြစ်ပါတယ်။ တရုတ်ဟာ အာဆီယံဒေသတွင်းမှာပါ ဩဇာရှိလွှမ်းမိုးတယ်ဆိုတဲ့အချက်ကိုကြည့်ရင် ရွေးကောက်ပွဲလွန် ပေါ်ပေါက်လာတဲ့ အစိုးရသစ်အနေနဲ့ အာဆီယံဒေသတွင်း အပြင်းအထန် ဆန့်ကျင်တာမျိုး ကြုံရဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ တခါ အဲဒီအစိုးရသစ်အနေနဲ့ကရော အာဆီယံကို အလေးထားဖို့ တကယ်တမ်း လိုအပ်ပါ့မလား အချက်ကိုလည်း ထည့်ပြီး စဥ်းစားသင့်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရှင့်အနေနဲ့ စိတ်မရှိဘူး ဆိုရင် .... မြန်မာရွေးကောက်ပွဲ တရားဝင်မှု ရှိမရှိ ဆိုတဲ့ အပေါ် နိုင်ငံတကာ ရပ်တည်မှု ဘယ်လိုတွေရှိနိုင်လဲဆိုတာကိုပါ ... တလက်စတည်း ထည့်သွင်း ပြောချင်ပါတယ်။ ရှင်သိတဲ့အတိုင်း လက်ရှိ နိုင်ငံတကာအခင်းအကျင်းဟာ သာမန်အခြေအနေ အချိန်အခါ မဟုတ်ပါဘူး။ ဥရောပနိုင်ငံတွေရဲ့အာရုံစိုက်မှုဟာ ယူကရိန်းနဲ့ ရုရှားစစ်ပွဲ အပေါ်မှာ ကျရောက်နေပြီး သူတို့ နိုင်ငံတွေကိုယ်နှိုက် လုံခြုံနိုင်ရေးအပေါ်မှာ အလေးထားနေရပါတယ်။
ဒီတော့ ... ရွေးကောက်ပွဲကနေ ဘာဖြစ်လာမလဲ ... ဘာရလဒ်တွေ ထွက်လာမလဲစတဲ့ မြန်မာနိုင်ငံထဲက အရေးကိစ္စတွေအပေါ် တကယ်တမ်း အလေးမူကြလိမ့်မယ်လို့ မထင်ပါဘူး။ အမေရိကန်ကို ကြည့်ရင်တော့ မြန်မာနဲ့ ပတ်သက်ပြီး အမျိုးမျိုး ရောထွေးနေတဲ့ခြေလှမ်းမျိုးတွေ တွေ့နေရပါတယ်။
သမ္မတ ဘိုင်ဒင် လက်ထက်တုန်းကတော့ မြန်မာအရေး အမေရိကန်အနေနဲ့ ဘယ်လို ရပ်တည် သဘောထားသလဲဆိုတဲ့ ရပ်တည်ချက်မျိုး အစိုးရဘက်ကကို တိတိကျကျ မူဝါဒ သဘောထားမျိုး ရှိခဲ့ပါတယ်။ ထရမ့် သမ္မတ ဖြစ်လာပြီး ယူအက်စ်အေအိုင်ဒီ (USAID) အထောက်အပံ့တွေ ရုပ်သိမ်းတာမျိုး လုပ်ပါတယ်။ ဒီ ယူအက်စ်အေအိုင်ဒီ အထောက်အပံ့တွေဟာ အမေရိကန် ဩဇာ လွှမ်းနိုင်စွမ်း အရေးအကြီးဆုံး ကိရိယာတန်ဆာပလာတွေထဲ ပါဝင်ပါတယ်။ ဒါကို ရုပ်သိမ်းတာဟာ မြန်မာအပါအဝင် ဒေသတွင်းမှာ အမေရိကန်ရဲ့အာရုံစိုက် အလေးထားမှု ရပ်တည်ချက်တွေ အပြောင်းအလဲ ရှိလာတဲ့သဘောဆိုပြီး မြင်နေခဲ့ရပါတယ်။
ဒါပေမဲ့လည်း ထရမ့်ဟာ အခု အာဆီယံ ထိပ်သီးညီလာခံမှာ ပါဝင်ခဲ့ပါတယ်။ အဲဒါနဲ့ တလက်စတည်း သူ လုပ်ဆောင်ခဲ့တာတွေကို ကြည့်ရင် အာဆီယံဒေသတွင်း အာဏာ ချိန်ခွင်လျှာ ညှိနိုင်ဖို့ အပေါ် အမေရိကန်အနေနဲ့ ပြန် စိတ်ဝင်စားလာပြီး ... အဲဒီထဲမှာ မြန်မာ့အရေးလည်း ပါဝင်နေတယ်ဆိုတာ တွေ့လာရပါတယ်။ အမေရိကန်ဟာ ထိုင်းနဲ့ ဂျပန် နိုင်ငံတွေကြား နားလည်မှု စာချွန်လွှာတွေ လက်မှတ် ရေးထိုးပါတယ်။ အရေးကြီး သတ္တုဒြပ်စင်တွေ ကမ္ဘာ့ စျေးကွက်ထဲ နည်းလမ်း အသွယ်သွယ်နဲ့ ရောက်ရှိစေရေးအပေါ် ဝိုင်းဝန်း အားပေး တိုးမြှင့်ကြမယ် ဆိုပြီး နားလည်မှုတွေ ရယူတာ ဖြစ်ပါတယ်။
ဒါဟာ မြန်မာနိုင်ငံထဲက မြေရှားသတ္တုတွေကို ထိုင်းကနေ တစ်ဆင့် ဖြတ်သယ်ပြီး ရယူနိုင်ဖို့ အမေရိကန်က ခြေလှမ်းတာဖြစ်တယ်ဆိုတဲ့ထောက်ပြမှုတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံထဲမှာလည်း ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးအကြီးအကဲ ဦးဆောင်တဲ့အဖွဲ့ ကချင်ပြည်နယ်ထဲကို သွားရောက်ခဲ့တယ်ဆိုတဲ့သတင်းတွေ ကြားလာရပါတယ်။
အဲဒီခရီးစဥ်အတွင်း ကချင်မှာရှိတဲ့ လူမှုအသိုင်းအဝိုင်းထဲက ခေါင်းဆောင်တွေ၊ စီးပွားရေး နယ်ပယ်က သူတွေနဲ့ကြား တွေ့ဆုံခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ ကချင်ဆိုတာ မြေရှား သတ္တုတွေ အဓိက ထုတ်လုပ်ရာနေရာ တစ်ခုဖြစ်ပါတယ်။ ဒီတော့ ... အမေရိကန်အတွက်လည်း အင်မတန် အရေးကြီးလှတဲ့ သတ္တုပစ္စည်းတွေ ရရှိနိုင်ရေးဆိုတဲ့အခန်းကဏ္ဍ ရှိလာခဲ့ပြီဆိုရင် မြန်မာ့အရေးမှာ အမေရိကန် ဘယ်လို ပြုမူလာနိုင်မလဲဆိုတဲ့အပေါ် အလေးအနက်ထားပြီး ဆက်လက်စောင့်ကြည့်သွားဖို့ လိုပါတယ်။
ဘီဘီစီ။ ။ မှန်ပါတယ်။ လက်ရှိ အခြေအနေတွေကိုကြည့်ရင် မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလွန်ကာလ အစိုးရသစ် တစ်ရပ်ကတော့ မလွဲမသွေ ပေါ်ပေါက်လာဖို့ ရှိနေပါတယ်။ ဒေသတွင်း အင်အားကြီး နိုင်ငံတွေ ဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယ တို့ အနေနဲ့လည်း အဲဒီအစိုးရကို လက်ခံ အသိအမှတ် ပြုလာဖွယ် ရှိပါတယ်။ တခါ မြန်မာအရေး အဖြေရှာချင်တယ်ဆိုရင် မြန်မာ စစ်အာဏာပိုင်တွေနဲ့ဖြစ်စေ၊ ပေါ်ပေါက်လာတဲ့ အစိုးရသစ်နဲ့ ဖြစ်စေ စကားပြောဖို့တော့ လိုမယ်မဟုတ်လား။ ဒီတော့ အာဆီယံအနေနဲ့ရော ဘယ်လိုရပ်တည်လာမလဲ။ လက်ရှိအချိန်အထိတော့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေနဲ့ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွေမှာ မြန်မာကို နိုင်ငံရေးအရ ကိုယ်စားပြုခွင့် မပေးဘူးဆိုတဲ့မူကို စွဲကိုင်ထားဆဲဖြစ်ပါတယ်။ အဲဒီရပ်တည်မှု ပြောင်းလဲ သွားနိုင်လားခင်ဗျ။
ဒေါက်တာ ဆူရချာဏီ ဆရီရိုင်။ ။ ကျွန်မ အနေနဲ့ကတော့ အခုအချိန်မှာ အတိတကျ ပြောနိုင်ဖို့ ခက်လိမ့်မယ်လို့ ထင်ပါတယ်။ နှစ်မျိုးစလုံး ဖြစ်နိုင်ပါတယ်။ ကျွန်မတို့ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို ကြည့်ရင်ကို အခြေအနေဟာ ဘယ်လောက် ရှုပ်ထွေးနေသလဲဆိုတာ သိသာပါတယ်။ အဲဒီလို နားလည်ရခက်တာ၊ အဓိပ္ပာယ် တစ်မျိုးထက်မက ဘာသာပြန်လို့ ရနေတာကိုက "အာဆီယံရဲ့ အလှ" ပဲ ရှင့်။
အဲဒီလိုအခြေအနေကို မသေချာ မရေရာ ရှုပ်ထွေး နောက်ကျိနေစေမှလည်း သူတို့ ဘယ်ဘက်ကို ဦးတည်သွားရမလဲဆိုတာကို မဆုံးဖြတ်သေးခင်၊ ပြဿနာအပေါ် ဆင်ခြင်သုံးသပ်နေခွင့်ရှိမယ့် လှုပ်သာရှားသာ၊ ရှေ့တိုးနိုင် နောက်ဆုတ်နိုင်ဆိုတဲ့အနေအထားမျိုးကို ရနေနိုင်မှာ မဟုတ်လား။
ဒီတော့ မြန်မာရဲ့ နိုင်ငံရေး ကိုယ်စားပြုခွင့်နဲ့ပတ်သက်ရင် ရှင်ထောက်ပြသလိုမျိုး ... ပြဿနာ ဖြေရှင်းနိုင်ရေးအတွက် အစိုးရသစ်နဲ့ကြား ထိတွေ့ ဆက်ဆက်ဖို့လိုတယ်ဆိုတဲ့ရှုထောင့်ကနေ ဖြစ်စေ ...၊ ဒေသတွင်း ဩဇာကြီး တရုတ်ရဲ့တိုက်တွန်းချက်အရဖြစ်စေ ... ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာတဲ့အစိုးရနဲ့ကြား ဆက်ဆံတာတွေ လုပ်လာနိုင်ပါတယ်။ အဲဒါဟာ သူတို့ကို နိုင်ငံရေးအရ ကိုယ်စားပြုခွင့် ပေးလာတဲ့အထိလည်း ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်။
ဒါပေမဲ့ ... တစ်ဖက်မှာလည်း အာဆီယံ ခေါင်းဆောင်တွေ အခု နောက်ဆုံး ထုတ်ပြန်ထားတဲ့ ကြေညာချက်ကို ကြည့်ရင် ... မြန်မာနိုင်ငံမှာ အကြမ်းပတမ်း သွေးထွက်သံယို ဖြစ်ရပ်တွေ ရပ်မသွားသရွေ့ ... ငြိမ်းချမ်းစွာဖြေရှင်းပုံ ဖြေရှင်းနည်းတွေ မတည်ဆောက်နိုင်သရွေ့တော့ နိုင်ငံရေး ကိုယ်စားပြုခွင့် မပေးဘူး ဆိုတဲ့မူကို ဆက်ပြီး ကိုင်စွဲထားဦးမယ်လို့ ဆိုထားပါတယ်။
ကျွန်မထောက်ပြချင်တာကို အဲဒီ "ငြိမ်းချမ်းတဲ့နည်းလမ်း" တို့ "အားလုံးပါဝင် ပတ်သက်နိုင်မှု" ဆိုတဲ့ ဝေါဟာရတွေဟာ တကယ်တမ်းတော့ ကိုယ်စီ ရှုထောင့် အမြင်တွေကနေ အဓိပ္ပာယ် ဖွင့်နိုင်တဲ့ ဒြပ်မဲ့ ဝေါဟာရမျိုးတွေဖြစ်ပါတယ် ... "subjective" ဖြစ်လှပါတယ်။ ပြန်ချုပ်ရရင်တော့ ... အခုချိန်မှာ ပြောဖို့ စောနေပါတယ် ...။ အာဆီယံ အနေနဲ့ သူတို့ရဲ့ မူဝါဒ အပြောင်းအလဲ လုပ်ဖို့ ဆိုရင် တကယ်တမ်း အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာပြီး ဖြစ်ပေါ် လာတဲ့ အခြေအနေတွေကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်လာရတဲ့အထိ စောင့်ဆိုင်းနေဖွယ် ရှိပါတယ်။ အဲဒီအခါ နိုင်ငံရေး အရ ကိုယ်စားပြုခွင့် ပေးတာမျိုး လုပ်ကောင်းလုပ်လာနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOFA- NUG
ဘီဘီစီ။ ။ NUG အပေါ် ဆက်ဆံရေးကရော ဘယ်လို ဖြစ်သွားနိုင်မလဲ ခင်ဗျ။ မလေးရှား နိုင်ငံ ဥက္ကဋ္ဌ ဖြစ်နေချိန်မှာ NUG အပါအဝင် NUG နဲ့ အတူတူ ဖြစ်တဲ့ CRPH တို့၊ NUCC တို့ အစ ရှိတဲ့ အင်အားစုတွေနဲ့ ထိတွေ့ ဆက်ဆံတာတွေ လုပ်ပြီး၊ နောက်ပိုင်း ပေါ်ပေါ်ထင်ထင်ကို ဖွင့်ချ ပြလာပါတယ်။ အဲဒီ ရပ်တည်မှုမျိုးရော အလှည့်ကျ ဥက္ကဋ္ဌ ပြောင်းသွားတဲ့အခါ တစ်ခါတည်း ပြောင်းသွားနိုင်လား။
ဒေါက်တာ ဆူရချာဏီ ဆရီရိုင်။ ။ ကျွန်မ အမြင်မှာတော့ အဲဒီအချက်ဟာလည်း လာမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အာဆီယံရဲ့သဘောထား ဘယ်လိုရှိမလဲဆိုတဲ့အပေါ် သွားပြီး မူတည်နိုင်ပါတယ်။ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြု လက်ခံမလား၊ လက်မခံဘူးလား ဆိုတဲ့ ရပ်တည်မှုဟာ တစ်ဖက်က ဒီမိုကရက်တစ် အင်အားစုတွေနဲ့ကြား ဆက်ဆံရေး အတိုင်းအတာနဲ့ သဘောသဘာဝ အပေါ်မှာပါ သွားပြီး သက်ရောက်မှာ ဖြစ်ပါတယ်။
ကျွန်မ အဲဒီလို ဘာလို့ ပြောရတာလဲဆိုတဲ့အခြေခံအချက် ရှိပါတယ်။ ရှင်ပြောတဲ့ CRPH၊ NUCC၊ NUG ဆိုတဲ့ ဖွဲ့စည်းမှု အားလုံးဟာ ဘယ်အပေါ်မှာ အဓိကအခြေခံထားတာလဲဆိုရင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲရဲ့တရားဝင်မှုနဲ့ ရလဒ်အပေါ် အခြေခံထားတာဖြစ်ပါတယ်။ တကယ်လို့သာ ... လာမယ့် ရွေးကောက်ပွဲဖြစ်မြောက်လာခဲ့ပြီ ... အသိအမှတ်ပြု လက်ခံတာတွေဖြစ်လာပြီဆိုရင်တော့ ... ဥပဒေကြောင်းအရ ကြည့်ရင် ၂၀၂၀ ရွေးကောက်ပွဲက ထွက်ပေါ်လာခဲ့တဲ့ ရလဒ်တွေရဲ့ သက်တမ်းဟာ ကုန်ဆုံးသွားပြီဆိုတဲ့ရှုထောင့်မျိုးရှိလာမှာဖြစ်ပါတယ်။
အဲဒီအခါ NUG အပါအဝင် အခုနပြောတဲ့ ဖွဲ့စည်းမှုအစုအဝေး "Apparatus" ကြီးတစ်ခုလုံးရဲ့ တရားဝင်နိုင်မှု အပေါ်မှာလည်း မေးခွန်း ထုတ်ခံရပါလိမ့်မယ်။ အဲဒီအခါ NUG အနေနဲ့ သူတို့မှာ တရားဝင်မှု ဘာ့ကြောင့် ရှိတယ် ... တရားဝင်မှုကို ဘာ့ကြောင့် ဆက်ခံနိုင်သလဲဆိုတဲ့ အခြေခံ အချက်တွေကို ပြန်ပြီး တည်ဆောက်လာရဖွယ် ရှိပါတယ်။













