နိုင်ငံတကာ အကူအညီ ယူကရိန်းသမ္မတ တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, bbc
ရုရှား လိုလားသူ ခွဲထွက်ရေး သူပုန်တွေ နဲ့ တိုက်ခိုက် နေရတဲ့ ယူကရိန်း နိုင်ငံကို အကူအညီ တွေ ပေးကြဖို့ ယူကရိန်း သမ္မတ ပက်ထရို ပိုရိုရှဲန်ကို က အင်မတန် စိတ်ခံစားမှု ပြင်းပြင်း ထန်ထန် နဲ့ နိုင်ငံတကာ ကို တောင်းဆို လိုက်ပါတယ်။
ရုရှား ရဲ့ ရန်လိုမှု ကို ယူကရိန်း အနေနဲ့ တွေ့ကြုံနေရတယ် ဆိုပြီး မြူးနစ်မြို့ ညီလာခံ မှာ ကမ္ဘာ့ ခေါင်းဆောင်တွေ ကို သမ္မတ ပိုရိုရှဲန်ကို က ပြောပါတယ်။
ပြင်သစ်နဲ့ ဂျာမဏီ တို့ ကြားဝင် ဆောင်ရွက် ပေးနေ တဲ့ ယူကရိန်း အရှေ့ဘက်ခြမ်း ငြိမ်းချမ်းရေး အစီအစဉ် အောင်မြင် နိုင် မလား ဆိုတာ လာမယ့် ၂ ရက် ၃ ရက် အတွင်း အဖြေ ထွက်လာ လိမ့် မယ် လို့ ဂျာမဏီ နိုင်ငံခြားရေး ဝန်ကြီး ဖရန့်ခ် ဗော်လ်တာ စတိုင်းမိုင်းယား က ပြောပါတယ်။
အမေရိကန် ဒု သမ္မတ ဂျိုး ဘိုင်ဒဲန် က အခု ဆောင်ရွက် နေတဲ့ ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းမှု တွေ မအောင်မြင်ခဲ့ရင်၊ ယူကရိန်း အနေနဲ့ မိမိကိုယ်ကိုယ် ခုခံ ကာကွယ် နိုင်အောင်၊ အမေရိကန် က ကူညီ မယ် ဆိုပြီး ပြောခဲ့ပါတယ်။
ဂျာမဏီ ဝန်ကြီးချူပ် အိန်ဂလာ မက်ခဲလ် ကတော့၊ ယူကရိန်း ကို လက်နက် တပ်ဆင် ပေးဖို့ အစီအစဉ် အပေါ် သတိပေး ကန့်ကွက်ခဲ့ပါတယ်။
ဒီ အချိန်မှာပဲ၊ ယူကရိန်း အရှေ့ဘက်ပိုင်း တိုက်ပွဲတွေ ဖြစ်ပေါ်နေရာ ဒေသတွေ ထဲ ရုရှား လိုလားသူ ခွဲထွက်ရေး သူပုန် တွေ ရဲ့ လက်နက်ကြီးတွေ သုံးပြီး အပြင်းအထန် ပစ်ခတ် လာမှု ဒဏ်ကို ယူကရိန်း အစိုးရတပ်တွေ ခံနေရတယ် လို့ ယူကရိန်း အာဏာပိုင် တွေက ပြောပါတယ်။
အစိုးရ ထိန်းချူပ်ထားရ အဓိက ၂ မြို့ဖြစ်တဲ့ ရထားလမ်းဆုံ ဒက်ဘ်အာလ် ဆာဗာ မြို့နဲ့ ကမ်းရိုးတန်း မြို့တော် မာရီအူပိုးလ် မြို့တွေ ကို သူပုန်တွေ က သံချပ်ကာ ကားတွေ အတွဲလိုက် ပစ်ခတ်နိုင်တဲ့ ရော့ကက် လောင်ချာ တွေ ထပ်မံ အင်အား ဖြည့်ပြီး ထိုးစစ် အသစ်တွေ ဆင်လာတယ် လို့ ယူကရိန်း စစ်ဘက် က ပြောပါတယ်။




