စစ်သင်္ဘောအနီး မြောက်ကိုရီးယား ပစ်ခတ်ဟုဆို

ဓာတ်ပုံ ရင်းမြစ်, stratfor
ပင်လယ်ဝါ ထဲက အငြင်းပွား ရေပိုင်နက်မှာ ကျောက်ချထားတဲ့ တောင်ကိုရီးယား စစ်သင်္ဘော အနီးကို မြောက်ကိုရီးယား ဘက်က ပစ်ခတ်တယ်လို့ တောင်ကိုရီးယားက စွပ်စွဲ လိုက်ပါတယ်။
သင်္ဘောကိုတော့ ထိခိုက်မှု မရှိဘူးလို့ တောင်ကိုရီးယား အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
တောင်ကိုရီးယား ဘက်က တုံ့ပြန် ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား သတင်းဌာန တွေက ရေးသားကြ ပါတယ်။
အနီးအနား ကျွန်းတစ်ကျွန်းပေါ်က ဒေသခံတွေကိုလည်း ဗုံးကျင်းထဲ ဝင်ခိုင်း ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီနှစ်ဆန်းပိုင်းကလည်း မြောက်ကိုရီးယား ရဲ့ စစ်ရေး စမ်းသပ်မှု တွေကြောင့် ဒီဒေသမှာ ကျည်ဆန် ရာနဲ့ချီပြီး ၂ ဘက် အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။




