ဓာတု လက်နက်တင်သင်္ဘော ဆီးရီးယားက ထွက်ပြီ

ဆီးရီးယား ဓာတု လက်နက် ဖျက်သိမ်းရေး အတွက် နိုင်ငံ တကာ သဘော တူညီမှု အရ ပထမဆုံး ထုတ်ယူ လာနဲ့ ဓာတု လက်နက် တွေ တင်ဆောင် လာတဲ့ သင်္ဘော ဆီးရီးယား က ထွက်ခွာ လာပါပြီ။
ဆီးရီးယား နိုင်ငံ Latakia ဆိပ်ကမ်း က ကွန်တိန်နာ သေတ္တာ ၉ လုံးနဲ့ ဒိန်းမတ် ကုန်သင်္ဘော တစင်း ပေါ်ကို တင်ပေး လိုက်တယ်လို့ ဓာတု လက်နက် ပိတ်ပင်ရေး အဖွဲ့က လေ့လာ စောင့်ကြည့်သူ တွေက ဆိုပါတယ်။
ဒီသင်္ဘော ကမ်းက ခွာသွားပြီလို့ ကုလ သမဂ္ဂ ပြောခွင့်ရ Farhan Haq က အတည်ပြု ပြောကြား ပါတယ်။
သင်္ဘော ကို ဒိန်းမတ် ၊ နော်ဝေး၊ ဆီးရီးယား ၊ ရုရှနဲ့ တရုတ် ရေတပ် သင်္ဘော တွေက လိုက်ပါ စောင့်ကြပ် ပေးနေပါတယ်။
ဒီသင်္ဘောကို အီတလီကို ခုတ်မောင်း သွားပြီး အဲဒီမှာ အမေရိကန် ရေတပ် သင်္ဘောက နိုင်ငံ တကာ ရေပိုင်နက်ထဲ သယ်ယူ ဖျက်ဆီး ပစ်မှာ ဖြစ်ပါတယ်။
ဆီးရီးယား စစ်သွေးကြွ စစ်ကြေညာ

ISIS လို့ခေါ်တဲ့ အီရတ်နဲ့ မြေထဲ ပင်လယ် အရှေ့ခြမ်း အစ္စလာမ္မစ် သမ္မတ နိုင်ငံ အဖွဲ့က အယ်ခိုင်းဒါး အနွယ် စစ်သွေးကြွ တွေက သူတို့ကို မထောက်ခံတဲ့ ဆီးရီးယား အတိုက်အခံ အုပ်စု တွေကို တိုက်ခိုက်ဖို့ သူတို့ နောက်လိုက် တွေကို တောင်းဆို လိုက်ပါတယ်။
ဆီးရီးယား အမျိုးသား ညွန့်ပေါင်း ကို စစ်ကြေညာ လိုက်ပြီလို့ ISIS အဖွဲ့က ပြောပါတယ်။
မကြာခင် ကပဲ တခြား အစ္စလာမ္မစ် အုပ်စုက ခေါင်းဆောင် ဖြစ်တဲ့ Mohammed al-Golani က အပစ်အခတ် ရပ်စဲရေး ရဖို့ တောင်းဆို ခဲ့ပါသေးတယ်။
ဒီလို တောင်းဆို ခဲ့ပေမယ့် ပစ်ခတ်မှု ရန်ပွဲ တွေက ဆက်လက် ဖြစ်ပွားနေတယ် လို့ သတင်းများ ရရှိ ပါတယ်။
ISIS စစ်သွေးကြွ တွေက ဖမ်းထားတဲ့ ဓားစာခံ ၅ဝ လောက်ကို သတ်ပစ်လိုက်ပြီး သေသူ တွေထဲမှာ ဆေးဘက် လုပ်သားတွေ၊ ဒေသခံ သတင်းထောက် တွေနဲ့ ပြိုင်ဘက် သူပုန်တွေ ပါတယ်လို့ အလက်ပိုက အတိုက်အခံ လှုပ်ရှားသူတွေက ဆိုပါတယ်။
အစ်ဒလစ်ဘ် ခရိုင်က ပြင်းထန်တဲ့ တိုက်ပွဲတွေ အပြီးမှာတော့ ISIS စစ်သွေးကြွ ၃ဝ ကျော်ရဲ့ အလောင်းတွေကို တွေ့ရှိခဲ့တယ် လို့ သိရပါတယ်။








