ဆီးရီးယား ဓာတုထုတ် ကိရိယာတွေ ရှင်းပြီးပြီ

ဆီးရီးယား အစိုးရက ကြေညာထားတဲ့ ဓာတုလက်နက် ထုတ်လုပ်ရေးပစ္စည်းတွေနဲ့ အဆောက်အဦတွေ အားလုံးကို ဖယ်ရှား ရှင်းလင်းပစ်လိုက်ပြီလို့ နိုင်ငံတကာ ဓာတု လက်နက် ထိန်းချုပ်ရေး အဖွဲ့ OPCW စစ်ဆေးရေးမှူးတွေက ပြောပါတယ်။
ဒီကိစ္စကို ကြားဝင်စေ့စပ်ပေးခဲ့တဲ့ အမေရိကန်နဲ့ ရုရှားတို့က ချမှတ်ပေးထားတဲ့ လုပ်ငန်း ပထမ အဆင့် နောက်ဆုံး သတ်မှတ်ရက် မတိုင်ခင် တစ်ရက်အလိုမှာ OPCW ရဲ့ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လပိုင်းအတွင်းကတည်းက သူတို့ သွားရောက် စစ်ဆေးရမယ်လို့ ကြေညာထားတဲ့ နေရာ ၂၃ ခုထဲက ၂၁ ခုကို စစ်ဆေးခဲ့ပြီး ဖြစ်ပါတယ်။
ကျန်တဲ့ နေရာ ၂ ခုက စက်ကိရိယာ ပစ္စည်းတွေကို အန္တရာယ်ပေးနိုင်မှု နည်းတဲ့ နေရာတွေကို ပြောင်းရွေ့ခဲ့ပြီး စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ခန့်မှန်းခြေ တန်တစ်ထောင်ကျော်လောက် ရှိတဲ့ ဓာတု အဆိပ်သင့် ပစ္စည်းတွေနဲ့ လက်နက်တွေကို ဆက်လက် ဖျက်ဆီးပစ်ဖို့ ရှိသေးတာ ဖြစ်ပါတယ်။




