ယူကရိန်းစစ်ပွဲ- ရုရှားက နည်းဗျူဟာ နျူလက်နက်တွေ ထုတ်သုံးမှာလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားက ယူကရိန်းကို စတင် ကျူးကျော်ပြီး မကြာခင်မှာပဲ သမ္မတ ပူတင်က နျူးကလီးယားလက်နက်တွေကို တိုက်ပွဲဝင် အနေအထား အသင့်ဖြစ်အောင် ပြင်ဆင် ရွှေ့ပြောင်းထားတယ်ဆိုပြီး ကြေညာခဲ့ပါတယ်။
အခုလို ကြေညာချက်ကြောင့် ရုရှားအစိုးရဟာ နျူးကလီးယားစစ်ပွဲ အပြည့်အစုံဆင်နွှဲတာ မဟုတ်ပေမယ့် နျူလက်နက် အသေးစားတွေ သုံးလာနိုင်မလား ဆိုပြီး စိုးရိမ်မှုတွေ ရှိလာပါတယ်။
နည်းဗျူဟာ နျူလက်နက်ဆိုတာ ဘယ်လိုမျိုးလဲ
နည်းဗျူဟာ နျူလက်နက်ဆိုတာကတော့ တာတိုသာ ပစ်ခတ်နိုင်ပြီး ပြင်းထန်မှုကိုလည်း လျှော့ချထားတဲ့ နျူလက်နက် အမျိုးအစား ဖြစ်ပါတယ်။
အရင် စစ်အေးတိုက်ပွဲကာလတုန်းကတော့ အမေရိကန်နဲ့ ဆိုဗီယက်တို့ဟာ မဟာဗျူဟာမြောက် နျူလက်နက် ဆိုတာတွေနဲ့ အပြန်အလှန် ခြိမ်းခြောက်ခဲ့ကြဖူးပါတယ်။
မဟာဗျူဟာမြောက် နျူလက်နက်ဆိုတာကတော့ တာဝေးပစ် ဒုံးပျံသုံး အကြီးစား နျူလက်နက်တွေကို ဆိုလိုတာ ဖြစ်ပါတယ်။
နည်းဗျူဟာ နျူလက်နက် ဆိုရာမှာတော့ တာဝေးပစ် သဘောထက် စစ်မြေပြင်တစ်ခု အကျယ်အဝန်းအတွင်းမှာပဲ သုံးနိုင်တဲ့ အသေးစားဗုံး၊ လက်နက်ကြီးကျည်၊ ဒုံးကျည်စတဲ့ လက်နက်တွေမှာ နျူကလီးယား ထည့်သွင်း ပစ်ခတ်တာကို ဆိုလိုတာ ဖြစ်ပါတယ်။
ရုရှားမှာ ဘယ်လို နည်းဗျူဟာ နျူလက်နက်တွေ ရှိသလဲ
ရုရှားမှာ နည်းဗျူဟာ နျူလက်နက် ထိပ်ဖူး ၂၀ဝ၀ လောက် ရှိမယ်လို့ နျူကလီးယား သိပ္ပံပညာရှင်တွေ လေ့လာမှု တခုအရ သိရပါတယ်။
အဲဒီ နျူလက်နက် ထိပ်ဖူးတွေကို သာမန်ဖောက်ခွဲရေးအတွက်သုံးတဲ့ ဒုံးကျည် ကျည်ဆန် အမျိုးမျိုး ထည့်သွင်း အသုံးပြုနိုင်ပြီး စစ်မြေပြင်က အဝေးပစ် လက်နက်ကြီး ကျည်ဆံတွေမှာတောင် ထည့်သွင်း အသုံးပြုနိုင်ပါတယ်။
အဲဒီ နျူလက်နက်တွေကို လေယာဉ်နဲ့ သင်္ဘောတွေကလည်း ပစ်ခတ်နိုင်အောင် အသွင်ပြောင်းထားပြီး သင်္ဘောတွေမှာဆိုရင် အချင်းချင်း ပစ်ခတ်နိုင်တဲ့ တော်ပီဒိုကျည်နဲ့ ရေငုပ်သင်္ဘောတွေကို တိုက်ခိုက်နိုင်တဲ့ ရေနက်သုံး လက်နက်တွေမှာပါ သုံးနိုင်အောင် လုပ်ထားပါတယ်။
နည်းဗျူဟာ နျူလက်နက် ထည့်သွင်း ပစ်နိုင်တဲ့ ရုရှားလက်နက်စနစ် နှစ်မျိုး
ရုရှားရဲ့ ကာလီဘာ ဒုံးကျည် SS-N-30 လက်နက် စနစ်ဆိုရင် ရေငုပ်သင်္ဘောတွေနဲ့ ရေပေါ်သွား သင်္ဘောတွေက လှမ်းပစ်နိုင်တဲ့ လက်နက်ဖြစ်ပြီး အသေးစား နျူလက်နက်ထိပ်ဖူးတွေ ထည့်ပစ်နိုင်တဲ့ လက်နက်လည်း ဖြစ်ပါတယ်။
ကလီဘာ ဒုံးကျည်စနစ်ဟာ အဝေးထိန်း ခရုစ် ဒုံးကျည် အမျိုးအစားဖြစ်ပြီး ကုန်းပြင်နဲ့ ရေပြင်ပစ် လက်နက်လည်း ဖြစ်ပါတယ်။
အဲဒီ ဒုံးကျည် အမျိုးအစားဟာ ကီလိုမီတာ ၁၅၀ဝ ကနေ ၂၅၀ဝ အထိ အကွာအဝေးအထိ ရောက်ရှိ ပစ်ခတ်နိုင်ပြီး ဒုံးကျည်တခုရဲ့ အရှည်က ၆.၂ မီတာ (ပေ ၂၀ နီးပါး) အရှည် ရှိပါတယ်။
ကလီဘာ ဒုံးကျည်စနစ်ကို လက်ရှိ ယူကရိန်းစစ်ပွဲအတွင်းမှာ ရုရှားက ထည့်သွင်း အသုံးပြု ပစ်ခတ်နေပေမယ့် နျူထိပ်ဖူးတပ်ဆင် ပစ်ခတ်ခြင်းတော့ မရှိသေးပါဘူး။
အသေးစား နျူထိပ်ဖူး ထည့်သွင်း ပစ်ခတ်နိုင်တဲ့ နောက်ထပ် ရုရှားလက်နက်တမျိုးကတော့ Iskander M (SS-26) ဒုံးကျည်လက်နက် ဖြစ်ပါတယ်။
အဲဒီ အစ်စ်ကန်ဒါ ဒုံးကျည်ကတော့ မြေပြင်ပစ်မှတ်ကိုသာ ပစ်လို့ ရပြီး ကီလိုမီတာ ၄၀ဝ ကနေ ၅၀ဝ အထိ ရောက်ရှိ ပစ်ခတ်နိုင်တဲ့ လက်နက်ဖြစ်ပါတယ်။
ဒီဒုံးကျည်ဟာ လောင်စာခဲသုံး ဒုံးကျည် အမျိုးအစားဖြစ်ပြီး ဒုံးကျည် အလျားက ၇.၃ မီတာ (၂၂ ပေ ခန့် ) ရှိပါတယ်။
သာမန် ဖေါက်ခွဲ ကျည်သုံး ဒီအစ်စ်ကန်ဒါ ဒုံးကျည်တွေကို ရုရှားက ယူကရိန်းစစ်ပွဲမှာ အသုံးမပြုသေးပေမယ့် သုံးလို့ရအောင် တပ်ရွှေ့ပြောင်းတာတွေ ရှိနေတယ်ဆိုတဲ့ သတင်းပေးပို့ချက်တွေလည်း ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နည်းဗျူဟာ နျူလက်နက်တွေကို ရုရှားက အသင့်ပြင်ထားပြီလား
ရုရှားဟာ သူတို့ ရှိထားတဲ့ နည်းဗျူဟာ နျူလက်နက် ထိပ်ဖူးတွေကို ပစ်ခတ် အသုံးပြုလို့ရတဲ့အထိ အသင့်ပြင်ထားခြင်းတော့ မရှိသေးပဲ သိုလှောင်ထားတဲ့ အဆင့်သာ ရှိသေးတယ်လို့ သိရပါတယ်။
ရုရှားဟာ အကြီးစား တိုက်ချင်းပစ် နျူလက်နက်တွေကို အသင့်ပြင်ထားတယ်လို့ ပြောကြားထားပြီး ဖြစ်ပေမယ့် အမှန်တကယ်မှာ အဲဒီ အသေးစားလက်နက်တွေကိုတော့ တကယ် အသုံးပြုလာနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေ ရှိနေပါတယ်။
ရုရှားစစ်တပ်အနေနဲ့ အခုလို အသေးစား နျူလက်နက်တွေကို စစ်မြေပြင် အတွင်းက သာမန် တိုက်ခိုက်မှုအတွင်းမှာ သုံးတာကို နျူလက်နက်ကြီး ထုတ်သုံးတယ် ဆိုတဲ့ ဘောင်ကျော်သွားတယ်လို့ မယူဆတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဒေါက်တာ ပက်ထရစ်ရှာ လူးဝစ်က ပြောပါတယ်။
ဒေါက်တာ ပက်ထရစ်ရှာ လူးဝစ်ကတော့ ချက်တမ်ဟောက်စ် နိုင်ငံရေး မူဝါဒဆိုင်ရာ အကြံပြုအဖွဲ့က နိုင်ငံတကာ လုံခြုံရေး အစီအစဉ်ရဲ့ အကြီးအကဲ ဖြစ်ပါတယ်။
နည်းဗျူဟာ နျူလက်နက်တွေက ဘယ်လောက်အထိ အရှိန်ပြင်းနိုင်သလဲ
နည်းဗျူဟာ နျူလက်နက်တွေရဲ့ ဖောက်ခွဲ ဖျက်စီးနိုင်မှု စွမ်းအားက အမျိုးမျိုး ရှိနိုင်ပါတယ်။
အသေးဆုံး နျူထိပ်ဖူး တခုရဲ့ ပေါက်ကွဲအားက သာမန် TNT သမားရိုးကျ ပေါက်ကွဲ ယမ်း တန်တထောင်အား လောက်အထိ ရှိနိုင်ပြီး ယမ်းတန် တသိန်းအားအထိ ပြင်းထန်တဲ့ နျူထိပ်ဖူးတွေလည်း ရှိနိုင်ပါတယ်။
ဒီ နည်းဗျူဟာ နျူလက်နက်တွေရဲ့ သက်ရောက်မှုကတော့ ထိပ်ဖူး အရွယ်အစားသာမက မြေပြင်နဲ့ ဘယ်လောက်နီးနီးမှာ ပေါက်ကွဲသလဲ ဆိုတာနဲ့ ပစ်မှတ် ပတ်ဝန်းကျင် အနေအထားပေါ်မှာလည်း မူတည်မှာ ဖြစ်ပါတယ်။
လက်ရှိ စွမ်းအား အကြီးဆုံး နျူလက်နက်တွေရဲ့ အင်အားအရသာ ဒီလက်နက်တွေကို နည်းဗျူဟာ နျူလက်နက်လို့ ခေါ်ဆိုရပေမယ့် ဒုတိယ ကမ္ဘာစစ်က ဂျပန်ကို အမေရိကန် ပစ်ခဲ့တဲ့ နျူးကလီးယားဗုံးထက်တော့ ပိုပြင်းနိုင်တဲ့ လက်နက်တွေ ဖြစ်ပါတယ်။
ဥပမာအားဖြင့် ဟီရိုရှီးမားကို ပစ်ခဲ့တဲ့ နျူးကလီးယားဗုံး ပေါက်ကွဲအားက ယမ်း တန် ၁၅,၀ဝ၀ အား ရှိပြီး လူပေါင်း ၁၄၆,၀ဝ၀ လောက် အသက် ဆုံးရှုံးခဲ့ရပါတယ်။
ရုရှားမှာ ရှိထားတဲ့ နည်းဗျူဟာမြောက် တိုက်ချင်းပစ် နျူဒုံးကျည်တွေရဲ့ ပေါက်ကွဲမှုအား ဆိုရင်တော့ အနည်းဆုံး ယမ်းတန် ၈၀ဝ,၀ဝ၀ လောက်အထိ ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

နျူလက်နက်ကို ထည့်ပြောလာတဲ့ ပူတင်ကို ဘယ်လောက်အထိ စိုးရိမ်သင့်သလဲ
ရုရှားသမ္မတ ပူတင်ဟာ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်တဲ့ ပြောဆိုမှုတွေမှာ နျူလက်နက်တွေ အကြောင်းကို တကြိမ်မက ထည့်သွင်း ပြောဆိုထားပြီး ရန်သူဘက်က အကြောက်တရားများလာအောင် ရည်ရွယ်တယ်လို့ ယူဆရပါတယ်။
အမေရိကန် သူလျှိုတွေ အနေနဲ့လည်း ပူတင်က အခုလို လုပ်တာဟာ အနောက်နိုင်ငံတွေကို ယူကရိန်းစစ်ပွဲမှာ ဝင်မပါကြဖို့ သတိပေးတဲ့ သဘောမျိုးသာဖြစ်ပြီး တကယ်တမ်း နျူကလီးယားစစ်ပွဲ အတွက် ပြင်ဆင်တာမျိုး မဟုတ်ဘူးလို့ ယူဆထားကြပါတယ်။
ရုရှားက နျူစစ်ပွဲ ပြင်တဲ့ ဖြစ်နိုင်ခြေ နည်းတယ် ဆိုပေမယ့်လည်း ယူကရိန်းမှာ နည်းဗျူဟာ နျူလက်နက် သုံးတဲ့အထိ လုပ်နိုင်လာခြေတော့ ရှိတယ်လို့ စိုးရိမ်သူတွေလည်း ရှိနေပါတယ်။
ရုရှားအနေနဲ့ ယူကရိန်းစစ်ပွဲမှာ နေတိုးတပ်ဖွဲ့တွေနဲ့ပါ ထိပ်တိုက်တွေ့မယ့် အနေအထားဖြစ်လာရင် သူတို့ဘက်က နျူလက်နက် အသုံးပြုပြီး နေတိုးဘက်က ပြန်ဟန့်သွားအောင် လုပ်လို့ရတယ် ဆိုတဲ့ ယူဆချက် ရှိနေတယ်လို့ အမေရိကန် ထောက်လှမ်းရေးက ဆိုပါတယ်။
အခုလို နေတိုးဘက်ကို ပြန်ဟန့်ချင်တဲ့ ရုရှားအနေနဲ့ ယူကရိန်းစစ်မြေပြင်မှာ နည်းဗျူဟာ နျူလက်နက် သုံးပြတာ၊ ဒါမှမဟုတ် တခြားတနေရာရာမှာ နျူလက်နက် စမ်းပြတာနဲ့ ပစ်တော့မယ် ဆိုပြီး ခြိမ်းခြောက်တာမျိုးတွေ လုပ်နိုင်တယ်လို့ ဆိုပါတယ်။
တကယ်တမ်း ဖြစ်လာနိုင်ခြေ တခုကတော့ ယူကရိန်းစစ်ပွဲမှာ ပူတင်ရဲ့ နည်းဗျူဟာက အဆင်မပြေ ဖြစ်လာမယ်ဆိုရင် သူဟာ ရှေ့မတိုးနိုင် ဖြစ်နေတဲ့ အနေအထားတခု ဒါမှမဟုတ် ရှုံးတော့မယ့် အနေအထားတခုမှာ နည်းဗျူဟာ နျူလက်နက်ကို ထိထိရောက်ရောက် စသုံးလာနိုင်တဲ့ ကိစ္စ ဖြစ်ပါတယ်။
ဒီလို အနေအထားအထိ ရောက်လာဖို့ကတော့ ယူကရိန်းစစ်ပွဲ အခြေအနေ ပိုဆိုးလာတာ ဒါမှမဟုတ် ရုရှားပြည်တွင်းဖိအား များလာတာတွေ ဖြစ်မှသာ လုပ်လာနိုင်ပြီး ဒီလို ဖြစ်လာမှာကို စိုးရိမ်တယ်လို့ နိုင်ငံတကာငြိမ်းချမ်းရေးအတွက် ကာနက်ဂျီအဖွဲ့ က နျူးကလီးယား ကျွမ်းကျင်သူ ဂျိမ်းစ် အက်တန်က ဆိုပါတယ်။
ဘုရင့်ကောလိပ် လန်ဒန်က နျူးကလီးယားကျွမ်းကျင်သူ ဒေါက်တာ ဟယ်သာ ဝီလျံကတော့ ယူကရိန်းမှာ ဘယ်လို အခြေအနေကို ရုရှားက အနိုင်ရတယ်လို့ သတ်မှတ်မလဲ ဆိုတာ မရှင်းလင်းတဲ့အတွက် ဒီအခြေအနေက ရုရှားကို နည်းဗျူဟာနျူလက်နက်သုံးအောင် တွန်းပို့သွားနိုင်တယ်လို့လည်း မှတ်ချက်ပေးခဲ့ပါတယ်။
ရုရှားက နျူလက်နက် တမျိုးမျိုး စသုံးလိုက်လို့ ဆိုးကျိုးပိုများသွားနိုင်သလား
ပူတင်အနေနဲ့ ယူကရိန်းဟာ ရုရှားရဲ့ တစိတ်တဒေသသာ ဖြစ်တယ်လို့ ပြောဆိုထားတဲ့အတွက် တကယ်တမ်း နျူလက်နက်သုံးခဲ့ရင် ကိုယ့်မြေကို ပြန်ပစ်ပြီး ထိခိုက်စေတာမျိုး လုပ်သလိုလည်း ဖြစ်နေပါမယ်။
ရုရှားက တကယ်တမ်း နျူလက်နက်သုံးမယ်ဆိုရင် နောက်ဆက်တွဲ အကျိုးဆက် သက်ရောက်မှုတွေကို နယ်စပ်ခြင်း ကပ်နေတဲ့ ရုရှားလည်း ခံရနိုင်တယ်လို့ ဒေါက်တာ ပက်ထရစ်ရှာ လူးဝစ်က ပြောပါတယ်။
နျူလက်နက်ကို စစ်ပွဲမှာ အသုံးပြုမှုက ပြီးခဲ့တဲ့ ဒုတိယကမ္ဘာစစ်က နောက်ဆုံးဖြစ်ခဲ့တဲ့အတွက် ဒီနောက်ပိုင်း ပထမဆုံး နျူလက်နက် အသုံးပြုသူအဖြစ် ပူတင်က အဖြစ်ခံမလား ဆိုတာလည်း မေးခွန်းထုတ်စရာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့လည်း ယူကေမှာ ရုရှားသူလျှိုဟောင်းကို အဆိပ်ခတ်သတ်ဖို့ ကြိုးစားတာက စလို့ ယူကရိန်းကို ကျူးကျော်တာမျိုးအထိ အများမထင်မှတ်တာတွေ ရုရှားက လုပ်ခဲ့တဲ့အတွက် ပူတင်က မထင်မှတ်တာတွေ လုပ်နိုင်သေးတယ်လို့ ယူဆ စိုးရိမ်သူတွေလည်း ရှိနေပါတယ်။
ရုရှားဘက်က နျူလက်နက် မသုံးနိုင်လောက်တဲ့ နောက်ထပ် အကြောင်းအရင်းတခုကတော့ တရုတ်နိုင်ငံကြောင့် ဖြစ်တယ်လို့ ဒေါက်တာ ဝီလျံက ဆိုပါတယ်။
ရုရှားအတွက် အားကိုးရတဲ့ တရုတ်နိုင်ငံမှာ နျူလက်နက်ကို တဖက်က သုံးလာမှ ပြန်သုံးရမယ် ဆိုတဲ့ မူဝါဒ ရှိထားတဲ့အတွက် ရုရှားက နျူလက်နက် စသုံးတဲ့ကိစ္စဖြစ်လာရင် တရုတ်ကို မဟာမိတ်အဖြစ်က ဆုံးရှုံးရတာမျိုး ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။
နျူလက်နက်တွေကို ကမ္ဘာမှာ ဘယ်သူတွေက ဘယ်လောက်အထိ ပိုင်ဆိုင်ထားကြသလဲ
ရုရှားရဲ့ အကြီးစား နျူလက်နက် ပိုင်ဆိုင်မှုက စုစုပေါင်း ၅၉၇၇ ခု နဲ့ အများဆုံး ဖြစ်ပေမယ့် နေတိုးတပ်ဖွဲ့ဝင် စုစုပေါင်းရဲ့ နျူလက်နက် ပိုင်ဆိုင်မှု ၅၉၄၃ နဲ့ကတော့ မတိမ်းမယိမ်းမှာ ရှိနေပါတယ်
အဲဒီ နေတိုးတပ်ဖွဲ့ဝင်တွေရဲ့ နျူလက်နက်ပိုင်ဆိုင်မှု စုစုပေါင်းထဲမှာ အမေရိကန်က အများဆုံး ပိုင်ဆိုင်နေပြီး အမေရိကန်မှာ ၅၄၂၈ ခု၊ ပြင်သစ်မှာ ၂၉၀ ခုနဲ့ ယူကေမှာ၂၂၅ ခု တို့ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ နျူလက်နက်ပိုင်ဆိုင်မှုမှာ ရုရှားနဲ့ အမေရိကန်ပြီးရင် တရုတ်အများဆုံးလို့ ဆိုနိုင်ပြီး တရုတ်က ၃၅၀ ခု ပိုင်ဆိုင်တယ် ဆိုပေမယ့် အများဆုံး နှစ်နိုင်ငံရဲ့ အရေအတွက်တွေနဲ့ကတော့ အဆ ပေါင်းများစွာ ကွာဟနေပါသေးတယ်။
အခြား နျူလက်နက် ပိုင်ဆိုင်မှုတွေကတော့ ပါကစ္စတန် ၁၆၅ ခု၊ အိန္ဒိယ ၁၆၀ ခု၊ အစ္စရေး ၉၀ ခုနဲ့ မြောက်ကိုရီးယား ၂၀ ခု တို့ ဖြစ်ပါတယ်။
နျူကလီးယားစစ်ပွဲ ဖြစ်သွားတဲ့အထိ ဖြစ်နိုင်ခြေ ဘယ်လောက် ရှိနေသလဲ
နျူလက်နက်ကြီး မသုံးဘူးဆိုပေမယ့်လည်း နျူလက်နက် အသေးစား အသုံးပြုမှုက ဘယ်လောက်အထိ ရှေ့တိုး အခြေအနေ ဆိုးသွားမလဲဆိုတာ ခန့်မှန်းဖို့ ခက်ပါတယ်။
ပူတင်ကိုယ်တိုင်က နျူကလီးယားစစ်ပွဲ ဖြစ်တဲ့အထိ မလိုလားဘူး ဆိုရင်တောင် တွက်ဆမှု လွဲချော်ပြီး ဖြစ်သွားတာမျိုးတွေလည်း ဖြစ်နိုင်ခြေ ရှိနေပါတယ်။
အထူးသဖြင့် ရုရှားရဲ့ နည်းဗျူဟာနျူလက်နက် အသုံးပြုမှုကို နေတိုးက စတင် တုံ့ ပြန်လာမယ်ဆိုရင် အခြေအနေက ပိုဆိုးတဲ့ဘက် ရောက်သွားနိုင်ပါတယ်။
အမေရိကန်ထောက်လှမ်းရေးကတော့ ရုရှားအခြေအနေကို အနီးကပ် အသေအချာ စောင့်ကြည့်နေပြီး သိသာတဲ့ အပြောင်းအလဲတွေ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။
အမေရိကန်ထောက်လှမ်းရေးဟာ ရုရှားရဲ့ အသေးစား နျူလက်နက်တွေ သိုလှောင်ရုံတွေကနေ ရွှေ့ပြောင်းခြင်း ရှိမရှိ ဆိုတာတွေနဲ့ ဒုံးကျည်ပစ်စင်တွေမှာ လှုပ်ရှားမှု အပြောင်းအလဲ ရှိမရှိ ဆိုတာတွေကို အနီးကပ် စောင့်ကြည့်နိုင်တဲ့ အင်အားရှိနေပါတယ်။
ရုရှားရဲ့ နျူလက်နက်အသုံးပြုမှုကို အနောက်နိုင်ငံတွေက တုံ့ ပြန်တဲ့နေရာမှာ နျူလက်နက်မဟုတ်ပေမယ့် တခြား အပြင်းစား လက်နက်တွေနဲ့ တုံ့ ပြန်တဲ့လမ်းကို ရွေးချယ်တာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။
ဒါပေမဲ့ တဖက်ဖက်က စပြီး နျူလက်နက် သုံးလိုက်ပြီ ဆိုကတည်းက အပြန်အလှန်တွေ ဖြစ်လာဖို့က အလားအလာရှိနေတယ်လို့ ဂျိမ်းစ် အက်တန်က ပြောဆိုခဲ့ပါတယ်။










