နျူးကလီးယားတိုးမြှင့်ထုတ်လုပ်မယ်လို့ မြောက်ကိုရီးယားပြော

နျူးကလီးယားစွမ်းအင်ကို အမြန်ဆုံးမြှင့်တင်ရမယ်လို့ မြောက်ကိုရီယားခေါင်းဆောင်ပြော

ဓာတ်ပုံ ရင်းမြစ်, KNCA/REUTERS

ဓာတ်ပုံ ပုံစာ, နျူးကလီးယားစွမ်းအင်ကို အမြန်ဆုံးမြှင့်တင်ရမယ်လို့ မြောက်ကိုရီယားခေါင်းဆောင်ပြော

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက အနောက်နိုင်ငံတွေကို ပြောင်ပြောင်တင်းတင်းဆန့်ကျင်တဲ့ မိန့်ခွန်းပြောကြားလိုက်ပါတယ်။ နျူးကလီးယားလက်နက်တွေတိုးမြှင့်ထုတ်လုပ်ဖို့ မြောက်ကိုရီးယားက သန္နိဋ္ဌာန်ချထားတယ်လို့ တနင်္လာနေ့က စစ်ရေးပြပွဲမှာပြောကြားလိုက်တာပါ။

စစ်ရေးပြအခမ်းအနားက မြောက်ကိုရီးယားတပ်မတော်တည်ထောင်ခြင်း အထိမ်းအမှတ်နေ့အဖြစ် ပြုလုပ်တာဖြစ်ပါတယ်။ အဲဒီအခမ်းအနားမှာ တားမြစ်ထားတဲ့ တိုက်ချင်းပစ်မစ်ဇိုင်းဒုံးတွေကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။

မြောက်ကိုရီးယားစစ်တပ်တည်ထောင်မှု နှစ် ၉၀ မြောက်အခမ်းအနား

ဓာတ်ပုံ ရင်းမြစ်, KCNA/REUTERS

ဓာတ်ပုံ ပုံစာ, မြောက်ကိုရီးယားစစ်တပ်တည်ထောင်မှု နှစ် ၉၀ မြောက်အခမ်းအနား

သိထားရသမျှထဲမှာ အကြီးဆုံးဖြစ်တဲ့ တိုက်ချင်းပစ်မစ်ဇိုင်းဒုံးအမျိုးအစားကိုလည်း ပြီးခဲ့တဲ့ မတ်လတုန်းက စမ်းသပ်ခဲ့ပါသေးတယ်။ အဲဒီအမျိုးအစားစမ်းသပ်မှုဟာ ၂၀၁၇ နှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ အဲဒီစမ်းသပ်မှုကို အနောက်နိုင်ငံအသိုင်းအဝိုင်းကကျယ်ကျယ်လောင်လောင် ရှုတ်ချပြစ်တင်ခဲ့ကြပါတယ်။ စမ်းသပ်မှုပြုလုပ်ပြီးနောက် အမေရိကန်က မြောက်ကိုရီးယားကို ပိတ်ဆို့မှုတချို့ တိုးလုပ်ခဲ့ပါတယ်။ နျူးကလီးယား လက်နက်တပ်ဆင်အသုံးပြုဖို့ ဒီဇိုင်းလုပ်ထားတဲ့ တိုက်ချင်းပစ်မစ်ဇိုင်းဒုံးတွေဟာ အမေရိကန်ပြည်မအထိရောက်လောက်အောင် တာဝေးပစ်နိုင်တဲ့ ဒုံးတွေပါ။

စစ်ရေးပြအခမ်းအနားမှာ အသံထက်အဆများစွာမြန်တဲ့ဟိုင်ပါဆိုးနစ်မစ်ဇိုင်းတွေ အပြင် ရေငုပ်သင်္ဘောကနေ ပစ်နိုင်တဲ့ ပဲ့ထိန်းဒုံးတွေကိုလည်း ပြသခဲ့ပါတယ်။

ဒါပေမဲ့ အနောက်နိုင်ငံတွေရဲ့ ပြစ်တင်ရှုတ်ချမှုတွေဟာ မစ္စတာကင်မ်ကို နောက်ပြန်ဆုတ်အောင် စွမ်းဆောင်နိုင်မဲ့ပုံမပေါ်ပါဘူး။

"ကျွန်တော်တို့နိုင်ငံရဲ့ နျူးကလီးယားစွမ်းရည်ကို အမြန်ဆုံးနှုန်းထားနဲ့ အကောင်အထည်ဖော် အင်အားဖြည့်တင်းသွားဖို့အတွက် အဆင့်ဆင့်ဆက်လက်ဆောင်ရွက်သွားပါမယ်" လို့ပြောပြီး မြောက်ကိုရီးယားရဲ့ နျူးကလီးယားတပ်ဖွဲ့ဟာ အချိန်မရွေး "အဆင်သင့်ဖြစ်နေရမယ်"လို့လည်း ဆိုကြောင်း မြောက်ကိုရီးယားရဲ့ တရားဝင်သတင်းဌာနဖြစ်တဲ့ ကိုရီးယားဗဟိုသတင်းအေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူးကလီးယားလက်နက်တွေဟာ စစ်ကိုဟန့်တားဖို့အတွက် ရည်ရွယ်ထုတ်လုပ်တာဖြစ်ပေမဲ့ တခြားနေရာတွေမှာလည်း အသုံးပြုနိုင်သေးတယ်လို့ မစ္စတာကင်မ်ကဆိုပါတယ်။ မြောက်ကိုရီးယားကို တိုက်ခိုက်လာရင် တုံ့ပြန်တိုက်ခိုက်ဖို့ရာ အသုံးပြုနိုင်တယ်လို့ အရင်သူပြောနေကျစကားကိုပဲ ထပ်မံပြောဆိုပါတယ်။

အစိုးရမီဒီယာက ထုတ်ပြန်တဲ့လက်နက်ပုံတွေထဲမှာ ဟွာဆောင်း ၁၇ လည်း အပါအဝင်ဖြစ်ပါတယ်။

ဟွာဆောင်း ၁၇ မစ်ဇိုင်းကိုပါ ထုတ်ပြန်ပြသ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဟွာဆောင်း ၁၇ မစ်ဇိုင်းကိုပါ ထုတ်ပြန်ပြသ

မတ်လမှာ ပထမဆုံးအကြိမ် အနေနဲ့ တိုက်ချင်းပစ်မစ်ဇိုင်းအများအပြား စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယားက ကြေညာပါတယ်။ အဲဒီစမ်းသပ်မှုတွေဟာ အမှန်တကယ်အောင်မြင်မှုရှိမရှိဆိုတဲ့ အချက်ကိုတော့ တောင်ကိုရီးယား လက်နက်ကျွမ်းကျင်သူတွေက မေးခွန်းထုတ်နေကြပါတယ်။

အစဉ်အလာအားဖြင့် မြောက်ကိုရီးယားက သူတို့ရဲ့ လက်နက်အသစ်တွေကို ထုတ်ပြဂုဏ်တင်တဲ့အခါမှာ တင့်ကားတွေ၊ အမြောက်တွေ၊ စစ်သားတွေကိုသာ တသီတန်းကြီး ပြသလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ မစ်ဇိုင်းတချို့ကို စမ်းသပ်ခဲ့တာကြောင့် ပြီးခဲ့တဲ့ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ စစ်ရေးပြအခမ်းအနားကိုလည်း သတိထားစောင့်ကြည့်ခဲ့ကြပါတယ်။

ဒါ့အပြင် ဂြိုဟ်တုကတွေ့မြင်ရတဲ့ပုံရိပ်တွေအရ မြောက်ကိုရီးယားရဲ့ ပန်ဂေရီနျူးကလီးယားစမ်းသပ်စက်ရုံမှာ စမ်းသပ်မှုအသစ်စတင်ဖို့ ပြင်ဆင်နေတဲ့ လှုပ်ရှားမှုမျိုး မတ်လထဲမှာ တွေ့မြင်ခဲ့ရပါတယ်။ ဒါ့ကြောင့် မြောက်ကိုရီးယားဟာ နျူးကလီးယားလက်နက်တွေနဲ့ တာဝေးပစ်မစ်ဇိုင်းတွေ ပြန်လည် စတင်စမ်းသပ်လာလိမ့်မယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိပါတယ်။

ပြီးခဲ့တဲ့တောင်ကိုရီးယား ရွေးကောက်ပွဲမှာ မြောက်ကိုရီးယားကို ခပ်ပြင်းပြင်းဝေဖန်လေ့ရှိတဲ့ သမ္မတသစ် ယွန်းဆောက်ယူးလ် အရွေးကောက်ခံရတဲ့အတွက် နှစ်နိုင်ငံဆက်ဆံရေးကလည်း ကျိုးတိုးကျဲတဲ ဖြစ်လာပါတယ်။

ဒီလစောစောပိုင်းတုန်းက တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဆူးဝစ်ခ်က တောင်ကိုရီးယားဟာ မြောက်ကိုရီးယားရဲ့ မစ်ဇိုင်းပစ်လွှတ်တဲ့နေရာကို ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိတယ်လို့ ပြောဆိုခဲ့လို့ မြောက်ကိုရီးယားက ဒေါသအမျက်ခြောင်းခြောင်းထွက်ပြီး တုံ့ပြန်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်တုန်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဆွေးနွေးပွဲပြုလုပ်ပြီးနောက် တာဝေးပစ်တိုက်ချင်းဒုံးတွေနဲ့ နျူးကလီးယားစမ်းသပ်မှုတွေကို ယာယီရပ်ဆိုင်းပေးခဲ့ပါတယ်။

ဒါပေမဲ့နောက်ပိုင်းမှာ ဆွေးနွေးပွဲတွေ မအောင်မမြင်ဖြစ်ပြီးနောက် မစ္စတာကင်မ်က အဲဒီတုန်းကကတိကဝတ်တွေကို ဆက်လက်စောင့်ထိန်းမှာ မဟုတ်တော့ဘူးလို့ ၂၀၂၀ ခုနှစ်မှာ ကြေညာခဲ့ပါတယ်။

အခုအခါ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့အစိုးရ က ကြိုတင်သတ်မှတ်တဲ့ စည်းကမ်းချက်တွေ မထားဘဲ ဆွေးနွေးပွဲပြန်စချင်တယ်လို့ အကြိမ်ကြိမ်ပြောဆိုပေမဲ့ မြောက်ကိုရီးယားဘက်ကတော့ စိတ်ဝင်စားမှု အနည်းငယ်ပဲပြသတုံ့ပြန်ပါတယ်။ အဲဒီတုံ့ပြန်ချက်ကတော့ ပိတ်ဆို့အရေးယူမှုတွေကို အရင် ရုပ်သိမ်းပေးရမယ်လို့ တောင်းဆိုတာပဲဖြစ်ပါတယ်။

မစ္စတာဘိုင်ဒန်ကတော့ ပိတ်ဆို့အရေးယူမှုကိစ္စထက် တောင်ကိုရီးယား၊ ဂျပန်တို့နဲ့ မြောက်ကိုရီးယားနိုင်ငံတို့ ဆက်ဆံရေးကောင်းမွန်ဖို့ကိုသာ ဦးစားပေးခဲ့ပါတယ်။ အခုအခါ ရာထူးကနေ အနားယူသွားပြီဖြစ်တဲ့ တောင်ကိုရီးယား သမ္မတဟောင်း မွန်းဂျေအင်းရဲ့ နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ချောမွေ့ရေးကြိုးစားမှုကိုသာ ထောက်ခံအားပေးမှုပြသခဲ့ပါတယ်။