နျူကလီးယားလက်နက် မသုံးဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြောတဲ့ အကြောင်းအပါအဝင် ယူကရိန်း ရုရှားစစ်ပွဲ ဧပြီလ ၁၉ ရက်နေ့ နောက်ဆုံးသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Reuters
ယူကရိန်းနိုင်ငံ အရှေ့ဘက် ဒွန်ဘတ်စ် ဒေသ မိုင် ၃၀၀ တစ်ဝိုက် ရှေ့တန်းစစ်မျက်နှာပြင်မှာ ရုရှားတပ်ဖွဲ့တွေက ယူကရိန်းတပ်တွေကို ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။
ရုရှားတပ်တွေက အရှေ့ဘက်ပိုင်းထိုးစစ်ကို အာရုံစိုက်နေသလို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကလည်း အနောက်ဘက်စစ်မျက်မှာ လဗီးမြို့ အပါအဝင် နိုင်ငံတစ်ဝန်းက မြို့တွေကို တိုက်ခိုက်ခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ယူကရိန်းတပ်ဖွဲ့တွေကလည်း ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်မြို့ တောင်ဘက်မှာ တန်ပြန်တိုက်ခိုက်မှုအချို့ကို အောင်အောင်မြင်မြင် ပြုလုပ်နေတယ်လို့ စစ်ရေး လေ့လာသုံး သပ်သူတွေဆီကတစ်ဆင့် သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်းမှာ နျူကလီးယားလက်နက် မသုံးဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြော
ယူကရိန်းစစ်ပွဲမှာ ရုရှားနိုင်ငံက နျူလက်နက်တွေကို အသုံးပြုသွားမှာ မဟုတ်ဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ က ပြောလိုက်ပါတယ်။
တီဗီချန်နယ် India Today နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ "သမားရိုးကျ လက်နက်တွေကိုပဲ " ယူကရိန်းစစ်ပွဲမှာ အသုံးပြုမယ်လို့ သူက ပြောခဲ့တာပါ။
ယူကရိန်းစစ်ပွဲအစပိုင်းမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားရဲ့ နျူကလီးယားတပ်ဖွဲ့တွေကို အဆင်သင့်ပြင်ထားဖို့ အမိန့်ပေးခဲ့သလို ရုရှားအစိုးရအဖွဲ့က ပုဂ္ဂိုလ်အများအပြားကလည်း အချို့အခြေအနေတွေမှာ နျူကလီးယား အသုံးပြုလိုတဲ့ပုံစံမျိုး အချက်ပြခဲ့တဲ့ သဘောရှိပါတယ်။
ယူကရိန်းအရှေ့ဘက်ခြမ်းမှာ ထိုးစစ်ဆင်နေတဲ့ ရုရှားရဲ့ ထိုးစစ်ဟာ အခုအချိန်မှာ အခြေအနေ အသစ်တစ်ခုကို ရောက်နေပြီဖြစ်ပြီး ယူကရိန်းစစ်တပ်ကလည်း အလားတူမှတ်ချက်မျိုးတွေပေးနေပြီလို့ လာဗရော့ဗ်က ပြောပါတယ်။
"စစ်ဆင်ရေးအစမှာ ကြေညာထားတဲ့အတိုင်း ယူကရိန်းအရှေ့ပိုင်းက(မိမိကိုယ်ကိုယ် ကြွေးကြော်နေတဲ့) ဒွန်းညက်စ်နဲ့ လူဟန့်စ်ဒေသက ရီပတ်ဗလစ်ကန်တွေ အပြည့်အဝ လွတ်မြောက်ဖို့ ရည်ရွယ်ပါတယ်။ ပြီးတော့ ဒီစစ်ဆင်ရေးက ဆက်ရှိနေဦးမှာပါ" လို့ လာဗရော့ဗ်က ဆိုပါတယ်။
"ဒီစစ်ဆင်ရေးရဲ့နောက်အဆင့်က စနေပါပြီ။ ဒါက ဒီအထူးစစ်ဆင်ရေးတစ်ခုလုံးအတွက် အလွန်အရေးကြီးတဲ့ အချိန်ကာလဖြစ်တယ်ဆိုတာ ကျွန်တော်အသေချာပြောနိုင်ပါတယ်။"

ဓာတ်ပုံ ရင်းမြစ်, EPA
စစ်သုံ့ပန်း ၇၆ ယောက်ကို ရုရှားက ပြန်လွှတ်ပေး
စစ်သုံ့ပန်းလဲလှယ်မှုအဖြစ် ယူကရိန်းနိုင်ငံသား ၇၆ ဦးကို ရုရှားက ပြန်လည်ပေးအပ်ခဲ့ကြောင်း ယူကရိန်းဒုတိယဝန်ကြီးချုပ် အီရီနာဗီရက်ချခ်က ပြောကြားခဲ့ပါတယ်။
ယူကရိန်းအရာရှိ ၁၀ ဦးနဲ့ အရပ်သား ၁၆ ဦးအပါအဝင် စစ်သား ၆၀ ကို ရုရှားက ပြန်လွှဲပေးခဲ့တယ်လို့ ဗီရက်ချ်ခ်က ပြောတာကို ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အခုအချိန်ဟာ ရုရှားနဲ့ယူကရိန်းနိုင်ငံကြား စစ်သုံ့ပန်းတွေ လဲလှယ်တာ ပဉ္စမအကြိမ်ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားကို ရေနံနဲ့ပတ်သက်တဲ့ နောက်ထပ် ပိတ်ဆို့အရေးယူမှုတွေ အီးယူ အသေအချာ လုပ်ဆောင်နေ
"ရေနံနဲ့ပတ်သက်ပြီး " ရုရှားအပေါ် နောက်ထပ် ပိတ်ဆို့အ ရေးယူမှုတွေ"အသေအချာ လုပ်ဆောင်နေတယ်" လို့ ဥရောပ ကော်မရှင်က ပြောပါတယ်။
ဒါပေမဲ့ ဘယ်လိုအရေးယူ လုပ်ဆောင်မယ်ဆိုတဲ့ အသေးစိတ်အချက် အလက်တွေကို ထုတ်မပြောနိုင်သေးဘူးလို့ ဥရောပကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ အီးရစ်မန်မာက ဆိုပါတယ်။
အီးယူအနေနဲ့ လက်ရှိအချိန်အထိ ပိတ်ဆို့အရေးယူမှု အစီအစဥ်ငါးခုကို အတည်ပြုထားပြီးဖြစ်ပေမယ့် ဆဋ္ဌမမြောက်အစီအစဥ်ကို ဘယ်အချိန်မှာ အတည်ပြုမယ်ဆိုတာကိုတော့ အခုထိမသိရသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်းကနေ လူ ၅ သန်းလောက် ထွက်ပြေးသွားပြီလို့ ကုလသမဂ္ဂကပြော၊ သူတို့ ဘယ်ရောက်သွားကြတာလဲ။
ရုရှားကျူးကျော်မှုနောက်ပိုင်း ယူကရိန်းနိုင်ငံသား ငါးသန်းနီးပါး နိုင်ငံတွင်းကထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂကအတည်ပြုပြောကြားထားတာရှိပါတယ်။ ဒီပမာဏဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ အလျင်မြန်ဆုံး ကြီးထွားလာတဲ့ ဒုက္ခသည် အကျပ်အတည်းဖြစ်ပါတယ်။
ထွက်ပြေးခဲ့တဲ့သူတွေထဲက ၉၀ရာခိုင်နှုန်းခန့် ဟာ အမျိုးသမီးနဲ့ ကလေးတွေဖြစ်ပြီး အသက်၁၈နှစ်ကနေ ၆၀အတွင်း စစ်မှုထမ်းဖို့ အရည်အချင်းပြည့်မီတဲ့ အမျိုးသားတွေကိုတော့ နိုင်ငံတွင်းကနေ ထွက်ခွာခွင့်မပြုပါဘူး။
နိုင်ငံအတွင်းမှာ ရှိနေကြဆဲသူတွေ အပါအဝင် ယူကရိန်းကလေးငယ် အားလုံးရဲ့ သုံးပုံနှစ်ပုံနီးပါးဟာ နေအိမ်တွေကနေ အတင်းအကြပ် ဖိအားပေး ထွက်ခွာမှုတွေနဲ့ကြုံခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ထွက်ပြေးတာတဲ့ထဲက ယူကရိန်းဒုက္ခသည် ၂.၈ သန်းကျော် ပိုလန်ကို ရောက်နေကြပါပြီ။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR)ကပြုစုထားတဲ့ ကိန်းဂဏန်းတွေ အရ ဖေဖော်ဝါရီလထဲမှာ ယူကရိန်းနိုင်ငံသား ၆၄၅,၀၀၀ နီးပါး ထွက်ပြေးခဲ့ပြီး မတ်လမှာ ၃ ဒသမ ၄ သန်းနီးပါးနဲ့ ဒီလထဲမှာ ၉၄၅,၀၀၀ ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။
“အဓိကကတော့ နယ်စပ်တွေကို ဖွင့်ပေးထားတယ်။အဲ့ဒါကြောင့်ပြေးလာတဲ့ လူတွေ ဘေးကင်း လုံခြုံစွာ သွားလာနိုင်ပြီး အိမ်နီးချင်း နိုင်ငံတွေဆီ ရောက်သွားတဲ့အခါ အကူအညီတွေလဲ ရနိုင်တယ်”လို့ UNHCR ပြောခွင့်ရ အမျိုးသမီး ရှာလီယာမန်တူးက သတင်းထောက်တွေကို ဂျီနီဗာမှာ ပြောခဲ့ပါတယ်။








