ယူကရိန်းအရှေ့ပိုင်းဒွန်ဘတ်စ်မြို့ကို ဒုံးကျည်တွေ အမြောက်တွေနဲ့ ရုရှားကပစ်

ရုရှားတပ်တွေဟာ ယူကရိန်း အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကို ပစ်မှတ်ထားလာ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty image

ဓာတ်ပုံ ပုံစာ, ရုရှားတပ်တွေဟာ ယူကရိန်း အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကို ပစ်မှတ်ထားလာ

ယူကရိန်းနိုင်ငံ အရှေ့ဘက်က ဒွန်ဘတ်စ်မြို့ကပစ်မှတ်တွေကို ညတုန်းက တိုက်ခိုက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

တစ်ညတည်းမှာ ယူကရိန်းက ပစ်မှတ် ၁၂၆၀ ကို ဒုံးကျည်နဲ့ အမြောက်တွေသုံးပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သူ့တို့ ရဲ့နောက်ဆုံးထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

အဓိကမြို့တစ်မြို့ဖြစ်တဲ့ ဆလိုဗန်နက်စ်မြို့ အပါအဝင် ဒွန်ဘတ်စ်မြို့က ယူကရိန်းတပ်တွေ တပ်စွဲထားတဲ့ နေရာ၁၃ခုကို "တိကျတဲ့ လေကြောင်းပစ် ဒုံးကျည်တွေ "က ထိမှန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အရှေ့ဘက်က စစ်ပွဲဖြစ်ပွားရာရှေ့တန်းနဲ့နီးတဲ့ မြို့တွေ အပါအဝင် ယူကရိန်းရဲ့ စစ်ဘက်ဆိုင်ရာနေရာ ၆၀ ကိုလည်း ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားလေယာဉ်ပစ်တပ်ဖွဲ့တွေကလည်း ဒွန်ဘတ်စ်ဒေသမှာ ယူကရိန်းရဲ့ MiG-29 ဂျက်လေယာဥ်ကို ပစ်ချခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ရုရှား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ပြောကြားချက်ကို ဘီဘီစီက သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

မာရီယိုပူးလ် ဆိပ်ကမ်းမြို့ကြီးမှာ ရုရှားတပ်တွေ တိုက်ခိုက်မှုကြောင့် ရစရာမရှိအောင်ပျက်စီးနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မာရီယိုပူးလ် ဆိပ်ကမ်းမြို့ကြီးမှာ ရုရှားတပ်တွေ တိုက်ခိုက်မှုကြောင့် ရစရာမရှိအောင်ပျက်စီးနေ

မာရီယူပိုးလ်က ယူကရိန်းတွေရဲ့ နောက်ဆုံးစခန်းကို ရုရှားကိုထောက်ခံတဲ့ သူပုန်တပ်တွေ ဝင်စီး

အထူးတပ်ဖွဲ့တွေက မာရီယူပိုးလ်မြို့က ယူကရိန်းတပ်ဖွဲ့ဝင်တွေ နောက်ဆုံးစခန်းချနေတဲ့ အာဇော့စတယ် သံနဲ့ သံမဏိစက်ရုံကို ဝင်ရောက်စီးနင်းနေတယ်လို့ အရှေ့ပိုင်းဒွန်ဘတ်စ်ဒေသ ရုရှားထောက်ခံတဲ့ ခွဲထွက်ရေးအဖွဲ့ တာဝန်ရှိတဲ့သူတစ်ဦးက ပြောပါတယ်။

ကိုယ်တိုင်လွတ်လပ်‌ရေး ကြေညာထားတဲ့ ဒွန်းညက် ပြည်သူ့သမ္မတနိုင်ငံ (DNR) ခေါင်းဆောင် အက်ဒွတ် ဘာဆူရင်က သူတို့တပ်ဖွဲ့တွေကို ရုရှားက လေကြောင်းနဲ့ အမြောက်တွေသုံးပြီး ကူညီနေတယ်လို့ ရုရှား 24 TV ချန်နယ်မှာ ထုတ်ပြောပါတယ်။

ကလေးသူငယ်တွေအပါအဝင် အရပ်သားအများအပြား မြို့လယ်က စက်မှုဇုန်ဧရိယာ အာဇော့စတယ်မှာ ပုန်းအောင်းနေကြတယ်လို့ ယူကရိန်းဘက်ကပြောတာကိုလည်း ဘာဆူရင်က ငြင်းဆိုထားပါတယ်။

ဓာတုလက်နက်အသုံးပြုနိုင်တဲ့ ခြိမ်းခြောက်မှုရှိတယ်လို့ ယူကရိန်းနဲ့ အနောက်နိုင်ငံ စစ်ရေးကျွမ်းကျင်သူအချို့က ပြောကြားခဲ့တာရှိပြီး ယူကရိန်းတပ်ဖွဲ့တွေ ကို စက်ရုံကနေ ဖယ်ရှားသင့်တယ်လို့ ပြီးခဲ့တဲ့အပတ်တုန်းကလည်း သူပြောထားပါတယ်။

ရုရှားက ဒရုန်းကနေ အမည်မသိ ပစ္စည်းတစ်ခုကို ကြဲချခဲ့တယ်လို့ ယူကရိန်းကို ကာကွယ်တိုက်ခိုက်နေတဲ့ သူတွေဘက်က နောက်ပိုင်းမှာ ပြောခဲ့ပေမယ့် အဲ့ဒီပြောဆိုချက်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

လူဦးရေ လေးသိန်းကျော်ရှိတဲ့ အာဇော့ပင်လယ်ကမ်းရိုးတန်းက မဟာဗျူဟာကျတဲ့ ဆိပ်ကမ်းမြို့ မာရီယိုပူးလ်မြို့ကို စစ်ပွဲမတိုင်မီ မတ်လအစောပိုင်းကတည်းက ရုရှားတပ်တွေက ဝိုင်းထားခဲ့တာပါ။

လက်ရှိအချိန်မှာ မာရီယူပိုးလ်မြို့ဟာ ပြင်းထန်တဲ့ ပစ်ခတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြို့ပျက်ကြီးလိုဖြစ်နေပြီး အရပ်သား ထောင်ပေါင်းများစွာ သေဆုံးခဲ့တယ်လို့ မြို့တော်အာဏာပိုင်တွေက အတည်ပြုပြောထားပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Reuters

လက်နက်ကြီးတွေနဲ့ဆို အရှေ့ဘက်စစ်မျက်နှာမှာ အနိုင်ယူနိုင်တယ်လို့ ယူကရိန်း သမ္မတအကြံပေးကပြော -

ယူကရိန်းရဲ့ အရှေ့ဘက်အခြမ်းမှာစတင်နေတဲ့ ရုရှားရဲ့ထိုးစစ်အသစ်ကို မှန်ကန်အသုံးဝင်တဲ့ လက်နက်တွေနဲ့ ပြန်တိုက်မယ်ဆိုရင် ရုရှားကို အနိုင်ယူလို့ရတယ်လို့ ယူကရိန်း သမ္မတဇာလန်စကီးရဲ့ အကြံပေးက ပြောပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ သူတို့ အစီအစဥ်အတိုင်း အရှေ့ဘက်စစ်မျက်နှာမှာ "ထိုးစစ်တခုကို စုစည်း " မနေ့က စတင်လိုက်ပြီး အမြောက်တွေနဲ့ ပြင်းပြင်းထန်ထန် ပစ်ခတ်ခဲ့တယ်လို့ ဇာလန်စကီးရုံးရဲ့ လက်ထောက်အကြီးအကဲ အီဟို ဇိုဗက်ဗာက အတည်ပြုပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေအတွက် အမြောက်တွေ၊ တင့်ကားတွေနဲ့ သံချပ်ကာယာဉ်တွေ အပါအဝင် "လက်နက် ကြီးတွေရဖို့ အလွန်အရေးကြီးတယ်"လို့ ဘီဘီစီရေဒီယို ဒီကနေ့ အစီအစဥ်မှာ သူက ပြောကြား ခဲ့ပါတယ်။

ယူကရိန်းမှာ ဒီလိုလက်နက်မျိုး တွေရှိရင် ရုရှား ထိုးစစ်ကို တောင့်ခံနိုင်ပြီး အရှေ့ပိုင်းဒေသမှာ အောင်ပွဲခံနိုင်မယ်လို့ သူက ပြောပါတယ်။

အနောက်နိုင်ငံတွေဆီက လက်နက်တင်ပို့မှု "ပိုကောင်းလာ"ပြီး အမေရိကန်ကနောက်ဆုံးပေးတဲ့ စစ်ဘက်ဆိုင်ရာ အကူအညီ ဒေါ်လာ သန်းရှစ်ရာထဲမှာ "သူတို့ အမှန်တကယ် လိုအပ်နေတဲ့ ပစ္စည်းတွေ" လည်းပါတယ်ဆိုတာ ဇိုဗက်ဗာက အတည်ပြုပါတယ်။

နောက်ဆုံးထိုးစစ်ဖြစ်ပွားနေတဲ့ ဒွန်ဘတ်စ်မြို့ဟာ ရုရှားအတွက် အလွန်အရေးကြီးတယ်လို့ သူက ထပ်ဖြည့်ပြောခဲ့ပြီး အဲ့ဒီဒေသဟာ ၂၀၁၄ခုနှစ်တုန်းက ရုရှားက "ယူကရိန်းအပေါ် ရန်စမှု" စလုပ် ခဲ့တဲ့နေရာဖြစ်သလို အဲ့ဒီက နယ်မြေအချို့ကိုသိမ်းပိုက်ပြီး "သမ္မတနိုင်ငံတွေလို့ ဆိုတဲ့ " နေရာတွေလည်း ထူထောင်ခဲ့တယ်လို့ ဇိုဗက်ဗာက ထပ်ဖြည့်ပြောပါတယ်။