မြန်မာစစ်သားတွေ ဘယ်လို ဘက်ပြောင်းခိုလှုံနေကြသလဲ

ဓာတ်ပုံ ရင်းမြစ်, Facebook
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစစ်မီးဟာ မြန်မာနိုင်ငံတစ်ဝန်း ပျံ့နှံခဲ့ပါတယ်။
ဖေ့ဘွတ်ခ်နဲ့ တယ်လီဂရန်တို့လို လူမှုကွန်ရက် မီဒီယာကို ကောင်းကောင်းအသုံးချနေတဲ့ မြေအောက်လှုပ်ရှားရေး ကွန်ရက်တစ်ခုရဲ့ အကူအညီနဲ့ အခုတော့ စစ်သားအများအပြား စစ်တပ်ကနေ ထွက်ခွာနေကြပါပြီ။
ကိုအငယ်လေး (အမည်လွဲ) ဟာ သူ့ဖုန်းကို ဘေးမှာချပြီး စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေပါတယ်။
၅ မိနစ်အကြာမှာတော့ သူ့ဆီကို စာတိုလေးတစ်စောင် ဝင်လာပါတယ်။
စစ်သားတစ်ယောက်ဟာ သူ့အကူအညီ အသည်းသန် လိုအပ်နေတယ်။ သူဟာ မြန်မာစစ်တပ်ကနေ ထွက်ခွာချင်တယ်။ ဒါပေမဲ့ အဖမ်းခံရမှာလည်း ကြောက်နေပါတယ်။
သူ့ကို ကိုအငယ်လေး ကူညီနိုင်မှာပါလား။
အဲဒီလိုစာတွေဟာ အသက် ၄၄ နှစ်အရွယ် ကိုအငယ်လေး ဆီကိုသာမက ပြည်သူ့ရင်ခွင်လို့ခေါ်တဲ့ ဘက်ပြောင်းခိုလှုံကြတဲ့ စစ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေကို အကူအညီပေးနေတဲ့ အဖွဲ့က စေတနာ့ဝန်ထမ်းရာနဲ့ချီဆီကိုလည်း နေ့တိုင်းလိုလို ရောက်လာပါတယ်။
“စစ်တပ်ကနေ ထွက်လာချင်တဲ့သူတွေ ကျွန်တော်တို့ကို တယ်လီဂရမ်ကနေ ဆက်သွယ်ကြဖို့ ဖေ့ဘွတ်ခ်ပေါ်မှာ ကြေညာတယ်” လို့ ကိုအငယ်လေးက ဘီဘီစီကို ပြောပါတယ်။
မြန်မာနိုင်ငံတွင်းက လျှို့ဝှက်နေရာတစ်ခုကနေ အွန်လိုင်းပေါ်မှာ ဆောင်ရွက်နေတဲ့ လှုပ်ရှားမှု တစ်ခုအကြောင်း သူ အကျဥ်းချုံးပြောပြနေတာပါ။

သူတို့ရဲ့ လှုပ်ရှားမှုတွေဟာ အန္တရာယ် အတော်လေးကြီးပါတယ်။ တကယ်လို့များ သူ့ရဲဘော်ဟောင်းတွေက သူကို မိသွားခဲ့ရင် ဘာဖြစ်မလဲဆိုတာကိုလည်း ကိုအငယ်လေး ကောင်းကောင်း သိပါတယ်။
“ကျွန်တော် ကွပ်မျက်ခံရမှာ” လို့ သူက ပြောပါတယ်။
ထိခိုက်သေဆုံးမှုများတဲ့ ပဋိပက္ခ
အရပ်သားအစိုးရလက်ထဲကနေ ပြီးခဲ့တဲ့နှစ်က အာဏာရယူပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ အကြမ်းဖက်မှုတွေ ပိုမို ပေါ်ပေါက်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ရွေးကောက်ခံရပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးကို ဖြုတ်ချခဲ့ပါတယ်။ မဲမသမာမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာသိမ်းတာလို့ စစ်ခေါင်းဆောင်တွေက အကြောင်းပြပါတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲကော်မရှင်ကတော့ အဲဒီလို ပြောဆိုမှုမျိုး လက်ဆုပ်လက်ကိုင်ပြနိုင်ဖို့ သက်သေအထောက်အထားမရှိဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုကို ပြည်သူအများအပြား လမ်းမထွက် ဆန္ဒပြခဲ့ကြပေမယ့် ဆန္ဒပြသမားတွေဟာ စစ်တပ်ရဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေနဲ့ ကြုံခဲ့ရပါတယ်။
အဲဒီအချိန်တုန်းက ကိုအငယ်လေးဟာ စစ်တပ်မှာ စာရေးအဖြစ် လုပ်ကိုင်တဲ့ တပ်ကြပ်ကြီး တစ်ယောက်ပါ။
သူ့အနားတစ်ဝိုက် ပေါ်ပေါက်နေတဲ့ မတည်ငြိမ်မှုတွေကြား ချီတုံချတုံ ဖြစ်ခဲ့ရပေမယ့် အဖြေတွေ ထွက်ဖို့ လူမှုကွန်ရက်ပေါ် တက်ကြည့်ခဲ့ပါတယ်။
စစ်သားတွေဟာ တရားဥပဒေမဲ့ သတ်ဖြတ်နေတဲ့ ဗီဒီယိုတွေ သူတွေ့ခဲ့တယ်လို့ ပြောပါတယ်။
“ပြည်သူတွဟာ တစ်ဖက်သတ် ပစ်မှတ်ထားခံနေရတယ်။ ခေါင်းတွေ အပစ်ခံခဲ့ရတယ်။ အသတ်ခံနေရတယ်ဆိုတာ သူတွေ့ခဲ့တယ်” လို့လည်း ဆိုပါတယ်။
“မတော်တဆ သေဆုံးမှုမျိုး တစ်ခုမှ မရှိဘူး” လို့လည်း သူက ပြောပါတယ်။ ဆယ်ကျော်သက်အရွယ် သူ့သားလေးကို စစ်ထဲဝင်ဖို့ စစ်တပ်က ဖိအားပေးတဲ့အခါမှာ သူ့စိုးရိမ်ထိတ်လန့်မှုက ပိုကြီးခဲ့ပါတယ်။
သူ့သားကို စစ်ထဲမဝင်အောင်လုပ်ဖို့လည်း အဲဒီတုန်းက သူ မတားဆီးနိုင်ခဲ့ပါဘူး။
“တားခဲ့ရင် ကျွန်တော် အပြစ်ပေးရမယ်လို့ ပြောတယ်”။ ဒီတစ်ကြိမ်တော့ သူဘယ်လိုမှ မသည်းခံနိုင်တော့ပါဘူး။
“တပ်ထဲမှာ ဆက်နေဖို့ လုံးဝ ဆန္ဒမရှိတော့ဘူး” လို့ ကိုအငယ်လေးက ပြောပါတယ်။ စစ်အာဏာသိမ်းပြီး ၅ လအကြာမှာ ကိုအငယ်လေးဟာ မိသားစုနဲ့ အတူ လွတ်မြောက်နယ်မြေရှိရာ တောင်တန်းတွေဆီ မောင်းနှင်ထွက်ခွာခဲ့ပါတယ်။
သူတို့မိသားစုဟာ ပြည်သူ့ရင်ခွင်အဖွဲ့က ကူညီခဲ့တဲ့ ပထမဆုံး ဘက်ပြောင်းခိုလှုံသူတွေထဲမှာ ပါပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လူမှုကွန်ရက်ကို လက်နက်သဖွယ်အသုံးချမှု
ကိုအငယ်လေးဟာ တစ်ချိန်က သူခိုလှုံခဲ့တဲ့ အဖွဲ့အစည်းမှာ အခု ပါဝင်လုပ်ဆောင်ပေးနေပါတယ်။
လူနည်းစုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကြီးစိုးတဲ့ လွတ်မြောက်နယ်မြေတစ်ခုကနေ သူ အလုပ်လုပ်နေပါတယ်။
သူ့အဆိုအရ “နှစ်ပေါင်းများစွာ မှားယွင်းတဲ့ အယူအဆတွေ ရိုက်သွင်းခံရမှုကနေ” သူ နိုးထလာပြီး လွတ်မြောက်လာစေဖို့အတွက် ဖေ့ဘွတ်ခ်နဲ့ တယ်လီဂရမ်ဟာ ဘယ်လိုအရေးပါခဲ့လဲဆိုတာ သူက ဘီဘီစီကို ပြန်ပြောပြပါတယ်။
ပြည်သူ့ရင်ခွင်အဖွဲ့ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ followers ပေါင်း ၁၀၀,၀၀၀ ကျော် ရှိနေပါပြီ။
အွန်လိုင်းကနေတစ်ဆင့် ဆက်သွယ်ကြတဲ့ ဘက်ပြောင်းခိုလှုံဖို့ ကြိုးစားသူတွေကို စိစစ်ပြီး တပ်ထဲကနေ အောင်အောင်မြင်မြင် ဆွဲထုတ်နိုင်ခဲ့သူတွေကို အစားအသောက်၊ နေစရာ၊ လုံခြုံရေးနဲ့ ထောက်ပံ့ကြေး ပေးပါတယ်။
“ဘက်ပြောင်းခိုလှုံသူတွေရဲ့ သူငယ်ချင်း မိတ်ဆွေတွေလည်း တပ်ထဲကနေ ထွက်ခွာချင်ရင် သူတို့အချင်းချင်း အဆက်အသွယ် လက်ဆင့်ကမ်းကြတယ်” လို့လည်း ကိုအငယ်လေးက ပြောပါတယ်။ ဘက်ပြောင်းခိုလှုံသူတွေရဲ့ အစီအစဥ်မှာ လူမှုကွန်ရက်ဟာ အဓိက အခန်းကဏ္ဍမှာ ပါဝင်မှုဟာ သာမန်ရိုးကျ မဟုတ်တဲ့ အခုနောက်ဆုံး အလှည့်အပြောင်းတစိခု ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း မျက်မှောက်ခေတ် မြန်မာ့ သမိုင်းမှာ နည်းပညာအသုံးပြုမှုကြောင့် ဒုက္ခရောက်တာတွေလည်း မကြာခဏ ရှိပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုတုန်းကတော့ အင်တာနက်ကို ချိတ်ဆက်နိုင်ဖို့ နေနေသာသာ လူအနည်းငယ်ပဲ လက်ကိုင်ဖုန်းတွေ ကိုင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ စျေးနှုန်းတွေ လျှော့ချပေးလိုက်တဲ့အခါမှာ လူမှုကွန်ရက်ဟာ မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားခဲ့ပါတယ်။
အခုတော့ မြန်မာ့လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ ဖေ့ဘွတ်ခ် သုံးနေပါပြီ။ လူမှုကွန်ရက်ကြောင့် ပြည်သူ့ရင်ခွင်တို့လို လှုပ်ရှားမှုမျိုးတွေ ပေါ်ပေါက်ခဲ့သလို စစ်တပ်က ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေလည်း ပျံ့နှံ့ခဲ့ပါတယ်။
“တရားမျှတဖို့ တာဝန်ခံမှုရှိဖို့ လှုံ့ဆော်မှုတွေအတွက် တခြားလမ်းကြောင်းတွေက အဆင့်သင့်မဖြစ်သေးတဲ့အချိန်မှာ အရပ်သားတွေဟာ အွန်လိုင်းပေါ် ရောက်လာနိုင်တယ်” လို့ လန်ဒန်အခြေစိုက် Myanmar Witness NGO က စုံစမ်းစစ်ဆေးရေးဌာန လက်ထောက်အကြီးအကဲ Daniel Anlezark က ပြောပါတယ်။
သူ့အဖွဲ့ဟာ စစ်တပ်က အကြမ်းဖက် ကျုးလွန်နေတာကို ပြသနေတဲ့ ဗီဒီယို ထောင်ပေါင်းများစွာနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတာတွေကို စိစစ်နေပါတယ်။
ဒါပေမဲ့ ဖေ့ဘွတ်ခ်ဟာ သတင်းတုသတင်းမှားနဲ့ အမုန်းတရားတွေ ဖြန့်ဝေရာမှာလည်း လက်နက်တစ်ခု ဖြစ်ခဲ့ပါတယ်။
ဒီကိစ္စဟာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအထိ ဖြစ်စေခဲ့ပြီး မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေကို ရခိုင်ပြည်နယ်တွင်း လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ တခြားနေရာတွေက လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှူတွေအတွက် စုံးစမ်းစစ်ဆေးရမယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာအစိုးရကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါကြောင့် လူမှုကွန်ရက်ဟာ မြန်မာနိုင်ငံတွင်းမှာ “အသွားနှစ်ဖက်ပါတဲ့ ဓားတစ်လက်လို့” ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက James Rodeheaver က ခိုင်းနှိုင်းပြောဆိုပါတယ်။
စစ်တပ်ဟာ သတင်းတု သတင်းမှားတွေ ဖြန့်ဝေနေတယ်၊ အင်တာနက် ဖြတ်တောက်မှုကို စစ်ဆင်ရေးတစ်ခုလို အသုံးပြုနေတယ်လို့လည်း သူ မှတ်ချက်ပြုပါတယ်။
တိုက်ခိုက်တာတွေ ဖြိုခွင်းတာတွေ မလုပ်ခင် ဆက်သွယ်မှုလိုင်းအားလုံးကို ပိတ်ချလိုက်သလို ဒါဟာ အွန်လိုင်းပေါ်က တစ်ဆင့် ပြည်သူတွေရဲ့ ဆန့်ကျင်တော်လှန်မှုကို အားလျော့စေတယ်လို့လည်း ဆိုပါတယ်။
အရုဏ်သစ်
ကိုအငယ်လေးနဲ့ တခြားသူတွေရဲ့ စွပ်စွဲပြောဆိုမှုတွေအတွက် စစ်တပ်ကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရှိခဲ့ပါဘူး။
ပဋိပက္ခကြီး ဆက်လက်ရှည်ကြာလာတာနဲ့အမျှ ပြည်သူ့ရင်ခွင်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ဟာ ထောက်ခံအားပေးမှုတွေ ပိုပို ရရှိလာပါတယ်။
ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေမယ့် စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၈,၀၀၀ ကျော် ဘက်ပြောင်းခိုလှုံခဲ့ကြတယ်လို့ NUG အစိုးရက ပြောပါတယ်။
တချို့ကတော့ စစ်မြေပြင်မှာ အတိုက်အခံတွေဘက်က ကူတိုက်ပေးနေသလို ရဲတပ်ဖွဲ့ဝင်တွေအဖြစ်လည်း လုပ်ကိုင်ပေးနေပါတယ်။
တချို့လည်း ပြည်သူ့ရင်ခွင်အဖွဲ့ရဲ့ လူသစ်စုဆောင်းမှု ကြိုးပမ်းချက်မှာ ကူညီဆောင်ရွက်ပေးနေကြသလို တချို့ကတော့ အရပ်သားတွေလို နေထိုင်သွားဖို့ ရွေးချယ်ခဲ့ကြပါတယ်။
ဘက်ပြောင်းခိုလှုံလာတဲ့ လူအများအပြားကို ကူညီခဲ့တာဟာ သူ့ဘဝမှာ ရည်မှန်းချက် ပြန်လည် ရရှိလာသလို ခံစားရတယ်လို့ ကိုအငယ်လေးက ပြောပါတယ်။
“အခြေခံလူ့အခွင့်အရေးတွေ ဆုံးရှုံးနေတယ်။ လူနေမှု အဆင့်အတန်း တစ်ချိန်လုံး နိမ့်ကျခဲ့ပြီး အဂတိလိုက်စားမှုတွေ ရှိနေတယ်။ဒါတွေအားလုံးကို မြင်ရင် ကျွန်တော်တို့အတွက် ခင်ဗျားတို့ စိတ်မကောင်းဖြစ်ကြမှာ” လို့လည်း ဆိုပါတယ်။
အာဏာသိမ်းမှုကို ပြောင်းပြန်လှန်ပစ်ပြီး စစ်တပ်ကို မဖြုတ်ချ နိုင်မခြင်း ဆက်လက်တိုက်ပွဲဝင်သွားဖို့ သန္နိဋ္ဌာန်ချထားတယ်လို့ ကိုအငယ်လေးက ပြောပါတယ်။









