ကိုဗစ်ကာကွယ်ဆေး နှစ်စဥ် ထိုးရနိုင်တယ်လို့ ဖိုင်ဇာ အကြီးအကဲပြော

အိုမီခရွန် မျိုးကွဲ အတွက် ကာကွယ်ဆေးကို ထပ်မံပြောင်းလဲ ဖော်စပ်နေပြီလို့ဆို
ဓာတ်ပုံ ပုံစာ, အိုမီခရွန် မျိုးကွဲ အတွက် ကာကွယ်ဆေးကို ထပ်မံပြောင်းလဲ ဖော်စပ်နေပြီလို့ဆို

ဖိုင်ဇာ Pfizer ဆေးကုမ္ပဏီ ရဲ့ အကြီးအကဲက ကိုဗစ်ကာကွယ်ဆေးကို နှစ်စဥ် ထိုးနှံသွားရတာမျိုးတွေ ရှိလာနိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

Dr Albert Bourla က ကိုဗစ်ရန်ကနေ ဆက်ပြီး ကာကွယ်မှု ကောင်းကောင်း ပေးနိုင်ဖို့ဆို ဒီလို လုပ်မှ ဖြစ်မယ်လို့ ဆိုပါတယ်။

ယူကေကလည်း လာမယ့် ၂ နှစ်အတွင်း ထိုးနှံပေးနိုင်ဖို့ ဖိုင်ဇာ Pfizer နဲ့ မဒါးနား Moderna က ထုတ်တဲ့ ကာကွယ်ဆေး လုံးရေ ၁၁၄ သန်းကို ထပ်မံ မှာယူထားလိုက်ပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ တနှစ်က ယူကေဟာ ဖိုင်ဇာ-ဘိုင်အိုအန်တက် က ထုတ်တဲ့ ကာကွယ်ဆေးကို ထိုးနှံပေးဖို့ အတွက် ကမ္ဘာပေါ်မှာ ပထမဆုံး ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

တောင်အာဖရိက နိုင်ငံမှာ အိုမီခရွန် ဗိုင်းရပ်စ် မျိုးကွဲသစ် မတွေ့သေးခင်၊ ယူကေက လာမယ့် ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေမှာ Pfizer-BioNTech ဆီက နောက်ထပ် ကာကွယ်ဆေး လုံးရေ ၅၄ သန်းနဲ့ မဒါးနားဆီက ကာကွယ်ဆေး လုံးရေ သန်း ၆၀ ထပ်မှာယူဖို့ စာချုပ်ခဲ့တာကို မကြေညာသေးခင် မှာ ဖိုင်ဇာ ရဲ့ အမှုဆောင် အရာရှိချုပ်က ဘီဘီစီနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ကျန်းမာရေး ဝန်ကြီး ဌာနကတော့ အနာဂတ်မှာ အိုမီခရွန် မျိုးကွဲသစ်တွေ ထပ်ပေါ်လာရင် ကာကွယ်ဆေးကိုလည်း လိုသလို ပြောင်းလဲ ဖော်စပ်ဖို့တွေပါ သဘောတူစာချုပ်ထဲမှာ ပါဝင်တဲ့ အကြောင်းပြောပါတယ်။

Dr Bourla ကတော့ ဖိုင်ဇာဟာ တောင်အာဖရိကနိုင်ငံမှာပဲ စတွေ့ခဲ့တဲ့ မျိုးကွဲ ဘီတာ နဲ့ အိန္ဒိယနိုင်ငံမှာ တွေ့ခဲ့ရတဲ့ ဒယ်လ်တာ တို့အတွက် ပြောင်းလဲဖော်စပ်ထားတဲ့ ကာကွယ်ဆေးတွေ ရှိပေမယ့် ဒီဆေးတွေ သုံးဖို့တောင် မလိုအပ်ခဲ့ကြောင်း ပြောပါတယ်။

အခုတော့ သူတို့ ကုမ္ပဏီက အိုမီခရွန် မျိုးကွဲ အတွက် ကာကွယ်ဆေးကို ထပ်မံပြောင်းလဲ ဖော်စပ်နေပြီ ဖြစ်ပြီး လာမယ့် ရက် ၁၀၀ အတွင်းမှာ အသင့်ဖြစ်လာမယ်လို့ ဆိုပါတယ်။

ဒီဆေးတွေဟာ ကပ်ရောဂါ ကာလအတွင်းမှာ လူသန်းပေါင်းများစွာရဲ့ အသက်တွေကို ကယ်ဆယ်နိုင်ခဲ့တယ်။ ဒီဆေးတွေသာ မရှိခဲ့ရင် လူ့အသိုက်အမြုံရဲ့ ရှင်သန်ရပ်တည်ရေးဟာ ခြိမ်းခြောက်ခံနေရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီနှစ်ကုန်ပိုင်းမှာ ဖိုင်ဇာဟာ သူတို့ရဲ့ messenger ribonucleic-acid (mRNA) ကာကွယ်ဆေး လုံးရေ ၃ ဘီလျံအထိ ထုတ်လုပ်ပေးနိုင်ဖို့ ရည်မှန်းထားသလို နောက်နှစ်မှာလည်း နောက်ထပ် ၄ ဘီလျံ ထပ်ပြီး ထုတ်လုပ်ပေးဖို့ စီစဥ်ထားပါတယ်။

တဖက်မှာလည်း ကာကွယ်ဆေး ထိုးပြီးသား လူတွေအတွက် ထပ်ပြီး ကာကွယ်မှု ပေးနိုင်ဖို့ အပြိုင်အဆိုင်ကြိုးစားနေကြပါတယ်။ Dr Bourla ကတော့ ၂၀၂၂ အတွင်းမှာ နိုင်ငံတိုင်းဟာ သူတို့ အတွက် လိုအပ်မယ့် ကာကွယ်ဆေး အရေအတွက်အတိုင်း ရရှိမှာပါလို့ ဆိုပါတယ်။

အာဖရိကမှာ လူအများအပြား ကာကွယ်ဆေး မထိုးရသေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာဖရိကမှာ လူအများအပြား ကာကွယ်ဆေး မထိုးရသေး

ရောဂါလက္ခဏာ ပြင်းထန်

ဖိုင်ဇာ ဟာ အသက် ၅ နှစ် အောက် ကလေးတွေအတွက်လည်း ကိုဗစ် ကာကွယ်ဆေးတွေကို စမ်းသပ်နေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ အမေရိကန် အစားအစာနဲ့ ဆေးဝါးဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့က သူတို့ရဲ့ ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးတွေအတွက် ကာကွယ်ဆေးကို ထိုးနှံခွင့် ပြုခဲ့ပြီး ဖြစ်ပါတယ်။ Dr Bourla ကတော့ ယူကေနဲ့ ဥရောပတလွှားမှာလည်း ဒီအသက်အပိုင်းအခြားက ကလေးတွေကို ကာကွယ်ဆေးထိုးပေးနိုင်ရင် ကောင်းမယ်လို့ ပြောပါတယ်။

ကိုဗစ်က ကျောင်းတွေထဲမှာ ဆက်ပြီး ရှင်သန်နေဆဲ ဖြစ်တယ်။ ဒါဟာ ပညာသင်ကြားရေးကို အနှောင့်အယှက် ဖြစ်စေနိုင်ပြီး ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ခံစားရတဲ့ ကလေးတွေ ရှိလာနိုင်တယ်လို့ Dr Bourla က ဆိုပါတယ်။

ဒါကြောင့် သူ့အနေနဲ့တော့ ကာကွယ်ဆေး ထိုးပေးနိုင်ရင် အကျိုးရှိမယ်ဆိုတာကို လုံးဝ ယုံကြည်ထားကြောင်း ပြောပါတယ်။

ဖိုင်ဇာ နဲ့ မဒါးနားက ထုတ်လုပ်တဲ့ mRNA ကာကွယ်ဆေးတွေဟာ ယူကေမှာ ထုတ်လုပ် ဖော်စပ်ခဲ့တဲ့ အောက်စဖို့ဒ် အက်စထရာဇန်နကာက ထုတ်တဲ့ ကာကွယ်ဆေးတွေရဲ့ နေရာကို လုံးဝနီးပါး ဝင်ယူထားပြီဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, အိုမီခရွန် ကိုဗစ်မျိုးကွဲသစ်အတွက် ကြိုတင်ပြင်ဆင်နေ