တောင်အာဖရိကမှာ အိုမီခရွန် ကူးစက်မှု လွှမ်းမိုးလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တောင်အာဖရိကနိုင်ငံမှာ Omicron အိုမီခရွန် မျိုးကွဲသစ်ကြောင့် ကိုဗစ် ကူးစက်မှုတွေ တက်လာနေပါတယ်။ အမျိုးသား ကူးစက်ရောဂါများဆိုင်ရာ ဌာနက ပြီးခဲ့တဲ့ လ အတွင်းက သူတို့ ရရှိခဲ့တဲ့ ဗိုင်းရပ်စ် ဇီဝပစ္စည်းတွေထဲက ၇၀ ရာခိုင်နှုန်း ကျော်ဟာ မျိုးကွဲသစ်တွေ ဖြစ်တယ်လို့ ပြောပါတယ်။
တောင်အာဖရိကမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၈,၅၀၀ ထပ်တွေ့ခဲ့ပါတယ်။
အရင်နေ့က ကူးစက်သူ ၄,၃၀၀ ရှိခဲ့တာကြောင့် ကူးစက်မှု နှစ်ဆလောက် တက်လာဖြစ်ပါတယ်။
နိုင်ငံတွင်း နေရာ အနှံ့အပြားမှာလည်း ကိုဗစ်-၁၉ ကူးစက်ခံရမှုတွေဟာ မှန်မှန် တက်လာနေတာကို တွေ့ရပါတယ်။
နောက်ပြီး နိုင်ငံရဲ့ ပြည်နယ် ၉ ခုထဲက ၇ ခုမှာလည်း ကူးစက်မှုတွေ တက်လာနေတယ်လို့ ကျန်းမာရေး ဌာနက ပြောပါတယ်။
တောင်အာဖရိကမှာ ကိုဗစ် စတုတ္ထလှိုင်းရဲ့ စနေပြီလို့ ဆိုနေကြပြီး ကူးစက်မှုသစ်တွေ ထပ်ပြီး တက်လာနိုင်တယ်လို့ မှန်းထားကြပါတယ်။
ဆေးရုံတင်ရတဲ့ လူနာအရေအတွက်လည်း နည်းနည်းတိုးလာတယ်လို့ ကျန်းမာရေး ဌာနက ပြောပါတယ်။
အမျိုးသား ကူးစက် ရောဂါများဆိုင်ရာ ဌာနကတော့ ဆေးရုံတင်ရတဲ့ လူတွေထဲက အများစုက ကာကွယ်ဆေး မထိုးရသေးသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကတော့ ဒီ Omicron မျိုးကွဲသစ်ကို ကမ္ဘာတဝန်းက နိုင်ငံပေါင်း ၂၄ နိုင်ငံမှာ တွေ့ရှိထားပြီ ဖြစ်တယ်လို့ ပြောပါတယ်။









