ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ကို Omicron လို့ WHO အမည်ပေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံး တွေ့ရှိတဲ့ ကိုဗစ် ဗိုင်းရပ်စ် မျိုးကွဲသစ်ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက မျိုးကွဲပိုးတွေထဲမှာ စိုးရိမ်မှုရတဲ့ ဗိုင်းရပ်စ်အဖြစ် သတ်မှတ်လိုက်သလို ဂရိနာမည် Omicron အိုမီကရွန်းလို့ ပေးလိုက်ပါတယ်။
အခု မျိုးကွဲသစ် ရဲ့ ကူးစက်နိုင်စွမ်းတွေနဲ့ ပတ်သက်လို့ သိပ္ပံနည်းကျ လေ့လာ တွေ့ရှိချက်တွေအရ စိုးရိမ်မှုတွေကို ပိုလို့ ထပ်ဆောင်းပေးလိုက်သလို ဖြစ်ပါတယ်။
ဒီ မျိုးကွဲသစ်မှာ မျိုးဗီဇပြောင်းလဲမှု ပေါင်းများစွာကို စုပေါင်းထားပြီး ကူးစက်နိုင်စွမ်းလည်း မြင့်မားပြီး လက်ရှိ ထိုးနှံပေးနေတဲ့ ကိုဗစ်ကာကွယ်ဆေး တချို့ကို ရှောင်ကွင်း နိုင်တဲ့ စွမ်းရည်မျိုးတောင် ရှိနိုင်တယ်လို့ ဆိုကြပါတယ်။
ဒါပေမယ့် ဒီမျိုးကွဲသစ်နဲ့ ပတ်သက်လို့ တိကျတဲ့ အချက်အလက်တွေ မရရှိသေးပါဘူး။ ဒါကြောင့် ဒီပိုးက ကူးစက်မှုနှုန်း ပိုမြန်သလား၊ ကာကွယ်ဆေးတွေနဲ့ တခြား ဆေးဝါးတွေရဲ့ ဆေးစွမ်းကျသွား စေနိုင်မလား ဒါမှမဟုတ် ရောဂါ အခြေအနေ ပိုပြင်းထန်သွားစေနိုင် သလား ဆိုတာကို သေသေချာချာ မပြောနိုင်သေးပါဘူး။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အခုလို နာမည်ပေးလိုက်ပြီ ဖြစ်တာကြောင့် အစပိုင်းက "Nu variant" နု မျိုးကွဲ ဆိုတဲ့ နာမည်ပေးမလား ဆိုတဲ့ မှန်းဆချက်တွေကိုတော့ အဆုံးသတ်သွားစေပါတယ်။
အဲဒီ "Nu ဆိုတဲ့ ဂရိ အက္ခရာရဲ့ အသံထွက်နဲ့ ပတ်သက်လို့လည်း ငြင်းခုန်နေခဲ့ကြပါသေးတယ်။ တကယ့် အသံထွက်က "Nee" ပါ။ ဒါပေမယ့် အခုတော့ နာမည်သစ် တခု ထပ်ပေါ်လာပါပြီ။ Omicron ဆိုတဲ့ နာမည်ကို လာမယ့် သီတင်းပတ်တွေအတွင်း တော်တော် ကြားလာရနိုင်ပါတယ်။




