ဆော်ဒီမှာ အမျိုးသမီး နပန်း ခွင့်မပြု

WWE ကမ္ဘာ့နပန်းသတ် ဖျော်ဖြေရေး အုပ်စုရဲ့ ဆော်ဒီမှာ ကျင်းပမယ့် ပွဲတွေမှာ အမျိုးသမီး နပန်းသတ်သမားတွေ ပါခွင့်မပြုလို့ ဝေဖန်ခံနေရပါတယ်။

ဒီပွဲမှာ နပန်းသမား အမျိုးသား ၅ဝ လောက်ပါပြီး အကြီးဆုံး နပန်းပွဲကြီး တခု ဖြစ်ပါတယ်။

အမျိုးသမီး အားကစား မှာ WWE က တိုးတက်ဖို့ ကြိုးစားခဲ့ပေမယ့် ဒီတပွဲမှာတော့ ပါဝင်ခွင့် ပြုမှာ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ အနှစ် ၃ဝ အတွင်း နပန်းပွဲတွေမှာ အမျိုးသမီးတွေ စပြီး ပါလာခဲ့ပါတယ်။

WWE မှာ အစက အမျိုးသမီးတွေကို နေရာ သိပ်မပေးခဲ့ပေမယ့် ခုတော့ တကယ့် နပန်းကစားသမားတွေ အဖြစ် အသိအမှတ်ပြုလာပါတယ်။

ဒါကို အမျိုးသမီးတွေ အတွက် ဆင့်ကဲပြောင်းလဲမှု လို့ ခေါ်ခဲ့ကြပါတယ်။

ဆော်ဒီပွဲမှာ အမျိုးသမီးတွေ မပါဘူး ဆိုတော့ နပန်း ကစားနည်းကို အားပေးတဲ့ ပရိသတ်တွေ အံ့အားသင့်ကုန်ပါတယ်။

ဒီနိုင်ငံမှာ အမျိုးသမီးတွေကို ဥပဒေနဲ့ ချုပ်ချယ်လွန်းလို့ ဒီလို ခွင့်မပြုတာကတော့ အံ့အားသင့်စရာ သိပ်မရှိပါဘူး။

နောက်လာမယ့်နှစ်တွေမှာ အမျိုးသမီးတွေကို ဆော်ဒီ နပန်းပွဲတွေမှာ ပါခွင့်ပေးမယ် လို့ မျှော်လင့်တယ် လို့ပဲ WWE ရဲ့ အမှုဆောင် Triple H က ဆိုပါတယ်။

ဆော်ဒီမှာ ပြောင်းလဲရေးတွေ ခုမှ ဖြစ်နေတုန်းမို့ အမျိုးသမီး အခွင့်အရေးတွေလည်း ရခါစ ရှိသေးသလို သူတို့ ကုမ္ပဏီ အနေနဲ့ ဒေသထုံးစံတွေကို လေးစားဖို့ လိုတယ် လို့လည်း ဆိုပါတယ်။

ဆော်ဒီ ဘုရင် ဆော်လမန် လက်ထက် ဆော်ဒီမှာ အမျိုးသမီးတွေ ကားမောင်းခွင့် စရ လာသလို စစ်ဘက်မှာ ထမ်းဆောင်ခွင့် ရလာပါတယ်။

ဒါပေမဲ့ ခွင့်ပြုချက် မရဘဲ အမျိုးသား အဖော်မပါဘဲ အမျိုးသမီးတွေကို ခရီးသွားခွင့် မပြုတာမျိုး ရှိပါသေးတယ်။

ဂျေဒါမှာ သောကြာနေ့ လုပ်မယ့် ဒီနပန်းပွဲမှာ အမျိုးသမီးတွေကို အဖော် ပါမှ ကြည့်ခွင့်ပေးမယ် လို့လည်း သိရပါတယ်။