မန်ယူကို အောင်မြင်အောင် မကိုင်နိုင်တဲ့ မော်ရင်ညိုကို ရာထူးဖြုတ်

မော်ရင်ညို

ဓာတ်ပုံ ရင်းမြစ်, BBC Sport

ဓာတ်ပုံ ပုံစာ, ၂ နှစ်ခွဲဝန်းကျင်မှာ မန်ယူကို နှုတ်ဆက်ရပြီ

မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အောင်မြင်မှု ရယူမပေးနိုင် ဖြစ်နေတဲ့ ဂျိုဆေး မော်ရင်ညိုကို မန်နေဂျာ ရာထူးကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။

မော်ရင်ညိုဟာ ယူနိုက်တက်အသင်းကို ၂၀၁၆ မေလ ကတည်းကစပြီး ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။

သူတာ၀န်ယူစဉ် လိဂ်ကပ်နဲ့ ယူရိုးပါးလိဂ် ချန်ပီယံဖြစ်အောင် ဦးဆောင်ပေးခဲ့ပေမယ့်လည်း အဓိက ပြိုင်ပွဲတွေ ဖြစ်တဲ့ ပရီးမီးယားလိဂ်နဲ့ ဥရောပ ချန်ပီယန်လိဂ်တွေမှာ အောင်မြင်မှု မရနိုင်ခဲ့သလို ဒီနှစ် ပရီမီးယားလိဂ်ကို ကြည့်ရင်လည်း ဇယားထိပ်က ဦးဆောင်နေတဲ့ လစ်ဗာပူးရဲ့နောက် ၁၉မှတ်အထိ ပြတ်ကျန်နေပါတယ်။

မော်ရင်ညိုဟာ ကစားသမား ၁၁ ယောက်ကို ပေါင် သန်း ၄ဝဝ အထိ သုံးစွဲပြီး အားဖြည့် ခဲ့ပေမယ့်လည်း ယူနိုက်တက်ရဲ့ ကစားဟန် ထူးထူးခြားခြား ပြောင်းလဲ မလာခဲ့သလို၊ ရလာဒ်ကောင်းတွေလည်း မရနိုင် ဖြစ်နေပါတယ်။

ယူနိုက်တက်ကို ကိုင်တွယ်ခဲ့စဉ် မော်ရင်ညိုရဲ့ မှတ်တမ်းကတော့ ပွဲပေါင်း ၁၄၄၊ နိုင် ၈၄၊ သရေ ၃၂၊ ရှုံး ၂၈၊ ရဂိုး ၂၄၃၊ ပေးဂိုး ၁၁၇၊ အနိုင်ရာခိုင်နှုန်း ၅၈.၃၃% ဖြစ်ပါတယ်။

ဂန္ထဝင် နည်းပြကြီး ဖာဂူဆန် အပါအဝင် ဖာဂူဆန်လွန်ကာလ ယူနိုက်တက် အသင်းကို ကိုင်တွယ်ခဲ့တဲ့ တခြားမန်နေဂျာတွေရဲ့ မှတ်တမ်းကိုလည်း ဇယားမှာ နှိုင်းယှဉ် ကြည့်ရှုနိုင်ပါတယ်။

မော်ရင်ညို
ဓာတ်ပုံ ပုံစာ, ယူနိုက်တက် မန်နေဂျာတွေရဲ့ မှတ်တမ်း

နောက်အသစ်ခန့်မယ့် မန်နေဂျာအသစ် အနေနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အစဉ်အလာ တိုက်စစ် ဦးစားပေး ကစားဟန် အပါအဝင် အသင်းရဲ့ ကိုင်စွဲမြဲ အယူအဆ အတွေးအခေါ် နည်းနာဟန်ပန်တွေ အပေါ် နားလည် သဘောပေါက် မယ့်သူ ဖြစ်ရမယ်လို့ ယူနိုက်တက် အသင်းက ပြောပါတယ်။

မော်ရင်ညိုရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ ကစားသမားတွေနဲ့ အသင်းဝန်ထမ်းတွေဟာ စိတ်ပျက်လက်ပျက် ဖြစ်နေကြရတယ်လို့ နားလည်ရပါတယ်။

မော်ရင်ညို
ဓာတ်ပုံ ပုံစာ, အသင်းသားတွေလည်း စိတ်ဓာတ်ပျက်ပြားနေ

လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အမှတ်စဉ် ၆ နေရာမှာ ရှိနေတယ် ဆိုပေမယ့် ထိပ်ဆုံးက ဦးဆောင်နေတဲ့ လစ်ဗာပူးအသင်းနဲ့ စာရင် အောက်ဆုံး ၃ သင်းနဲ့ ပိုပြီး ရမှတ်တွေ နီးစပ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပဲ လစ်ဗာပူးရဲ့ ကွင်းမှာ ယူနိုက်တက်အသင်း ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ကမ္ဘာ့ နာမည်အကြီးဆုံး နည်းပြတွေထဲပါတဲ့ မော်ရင်ညိုလို သူမျိုးကို ဖြုတ်လိုက်တာကို ကြည့်ရင် လူတစ်ဦးတစ်ယောက်ချင်းစီထက် အသင်းရဲ့ ရေရှည် အနာဂတ် အရေးက ပိုအရေးကြီးတယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ယူနိုက်တက်ဘက်က ချမှတ် ခဲ့တာ ဖြစ်ပါတယ်။

အသင်းအတွက် လုပ်ဆောင်ပေးခဲ့တာတွေ အတွက် ဂျိုဆေးကို ကျေးဇူးတင်တယ်လို့ ယူနိုက်တက် အသင်းရဲ့ ထုတ်ပြန်ချက်ထဲ ရေးသားထားပြီး ဂျိုးဆေးရဲ့ အနာဂတ်မှာ အောင်မြင်မှုတွေ ရဖို့လည်း ဆုတောင်း ပေးထားပါတယ်။

ယူနိုက်တက်ဟာ မော်ရင်ညိုကို ထုတ်ပယ်လိုက်တဲ့အတွက် လျော်ကြေးငွေ ပေါင် ၂၃ သန်းအထိ ပေးခဲ့ရပါတယ်။

မော်ရင်ညို
ဓာတ်ပုံ ပုံစာ, ယူရိုပါလိဂ်ဖလားတော့ ရယူပေးခဲ့
မော်ရင်ညို
ဓာတ်ပုံ ပုံစာ, လူသစ်တွေ ပေါင် သန်း ၄ဝဝ ဖိုး အထိ ဝယ်ယူခဲ့

လက်ရှိ ဘောလုံးရာသီ အကုန်အထိ အသင်းကို တာဝန်ယူမယ့် ယာယီ မန်နေဂျာ တစ်ယောက် ခန့်ထားမှာ ဖြစ်ပြီး အမြဲတမ်းမန်နေဂျာ ခန့်အပ်ဖို့လည်း လူသစ်ရွေးချယ်ရေး လုပ်ငန်းစဉ်ကို အသေအချာ အသေးစိတ် လုပ်ဆောင်သွားမယ်လို့ အသင်းရဲ့ ကြေညာချက်ထဲ တွေ့ရပါတယ်။

လာမယ့် ဒီဇင်ဘာ ၂၂ ရက်၊ ကားဒစ်ဖ်နဲ့ပွဲ အမီ ယာယီမန်နေဂျာ ခန့်မယ်လို့ မျှော်လင့်ရပြီး အဲဒီ နေရာကို လက်ထောက်နည်းပြ အဖြစ် ဆောင်ရွက်နေတဲ့ မိုက်ကယ်ကားရစ်ကို ဖြစ်စေ၊ အကယ်ဒမီ သင်တန်းကျောင်းကို တာဝန်ယူ ကိုင်တွယ် နေတဲ့ နစ်ကီဘတ်ကို ဖြစ်စေ ပေးမှာ မဟုတ်ဘူးလို့လည်း နားလည်ရပါတယ်။

ဒါ့အပြင် အာဆင်နယ်ရဲ့ မန်နေဂျာဟောင်း အာဆင်းဝင်းဂါးကိုလည်း ခန့်မှာ မဟုတ်ပါဘူး။

အမြဲတမ်း မန်နေဂျာ နေရာအတွက် ယူနိုက်တက် မျက်စိကျနိုင်ဖွယ် ရှိတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆခံနေရသူတွေကတော့ ရီးယဲနည်းပြဟောင်း ဇီဒန်းနဲ့ စပါး နည်းပြ ပိုချက်တီနိုတို့ပဲ ဖြစ်ပါတယ်။

ဇီဒန်း
ဓာတ်ပုံ ပုံစာ, နည်းပြဘဝမှာလည်း အောင်မြင်မှုတွေ ဆက်ယူထားတဲ့ ပြင်သစ်ဂန္ထဝင် ဇီဒန်း

ဇီဒန်းဟာ ရီးယဲက ထွက်လာခဲ့ပြီးနောက်ပိုင်း မော်ရင်ညိုနေရာမှာ အစားထိုးဖို့ မီဒီယာတွေမှာ မကြာခဏ ဖော်ပြခံရသူဖြစ်ပြီး လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေသူပါ။

ဇီဒန်းရဲ့ အေးဂျင့်ဖြစ်သူအဆိုအရ ယူနိက်တက်ဟာ ဇီဒန်း ကိုင်တွယ်ချင်တဲ့ အသင်း ပုံစံမျိုးနဲ့ ကိုက်ညီတဲ့ အနေအထား မရတဲ့အတွက် ဇီဒန်းတစ်ယောက် အင်္ဂလန်မှာ နည်းပြလုပ်ဖို့ မသေချာဘူးလို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြင်သစ် ရုပ်သံတခုနဲ့ ဆုံတွေ့တုန်းက ပြောခဲ့ဖူးပါတယ်။

အေးဂျင့်က အခုလိုဆိုခဲ့ပေမယ့် ဇီဒန်းဟာ နည်းပြသစ်ဖြစ်ဖို့ ရေပန်းအစားဆုံး စာရင်းမှာ ရှိနေပါတယ်။

မော်ရင်ညို
ဓာတ်ပုံ ပုံစာ, ယူနိုက်တက်မန်နေဂျာ ဖြစ်လာဖို့ ပိုချက်တီနိုလည်း ထိပ်က တစ်ပြေးနေ

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ စပါးနည်းပြ ပိုချက်တီနိုကို ခေါ်ယူဖို့ သတင်းထွက်ခဲ့ပါတယ်။

ပိုချက်တီနိုဟာ စပါးနဲ့ စာချုပ်သစ် ချုပ်ဆိုထားသူဖြစ်လို့ စာချုပ်သစ်အရ လျော်ကြေးငွေ ပေါင်သန်း ၄ဝအထိ ပေးချေရဖွယ် ရှိနေပါတယ်။

မော်ရင်ညို ရာထူးကနေ ထုတ်ပယ်ခံရပြီးနောက် လောင်းကြေးဒိုင်တွေရဲ့ ရေပန်းစားမှုမှာ ဇီဒန်း၊ ပိုချက်တီနိုအပြင် ချယ်လ်ဆီးနည်းပြဟောင်း ကွန်တေ၊ ပြင်သစ်နည်းပြဟောင်း လော်ရင့်ဘန့် တို့ပါဝင်နေပါတယ်။