ဖိအားတွေ များနေတဲ့ မော်ရင်ညို ထွက်ခွာသင့်ပြီးလား

alt

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဖိအားတွေ ကိုယ်စီ ရှိနေကြတဲ့ မော်ရင်ညို နဲ့ အက်ဝုဒ်

၂၉ နှစ်အတွင်း မန်ချက်စတာ ယူနိုက်တက်မှာ အဆိုးရွားဆုံး ရာသီအဖွင့်ကို ရင်ဆိုင်နေရတဲ့ ဂျိုဇေ မော်ရင်ညို တစ်ယောက် သူ့အပေါ် ကျရောက်နေတဲ့ ဖိအားတွေကို ပြောင်းလဲဖို့ ကြိုးစားနေပါတယ်။

အသင်းရဲ့ အကောင်းဆုံး ဘောလုံးသမား ပေါ့ပ်ဘာနဲ့ အဆင်မပြေဖြစ်ပြီး တင်းမားတဲ့ အခြေအနေ အထိ ဖြစ်ခဲ့တဲ့ မော်ရင်ညိုနဲ့ မန်ချက်စတာ ယူနိုက်တက် အပေါ် မီဒီယာ တွေက တောက်လျှောက် ကြည့်နေကြတာပါ။ လက်ရှိ မန်ချက်စတာ ယူနိုက်တက်မှာ ပြသာနာ တွေများစွာနဲ့ ရှုပ်ထွေး နေလွန်းတယ်လို့ ဘောလုံးပွဲ သုံးသပ်တဲ့ နာမည်ကျော် ဘောလုံးသမား တွေက ဆိုကြပြီး ဘယ်သူ့ကို အပြစ်တင်ရမှန်းကို မသိတော့ဘူးလို့ ဆိုပါတယ်။

ဆိုတော့ နာမည်ကျော် ဘောလုံးသမားတွေရဲ့ အဆိုကတော့ …….

alt

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, တတိယ ရာသီတိုင်း သူကိုင်တွယ်တဲ့ အသင်းတိုင်းမှာ ရုန်းကန်ရပြီး လမ်းခွဲနေရတဲ့ မော်ရင်ညို

ဂယ်ရီ လင်နီကာ ( အင်္ဂလန် တိုက်စစ်မှူးဟောင်း)

စပါးနဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်း ဂယ်ရီ လင်နီကာ ကတော့ ယူနိုက်တက်ရဲ့ အဝတ်လဲခန်းထဲမှာ ပြသာနာပေါင်းစုံနဲ့ ပြည့်နေပါပြီ။ အသင်းကြီး တစ်သင်းရဲ့ စိတ်ဓာတ်တွေ၊ ခံယူချက်တွေ ပုံစံမျိုးတွေကို မြင်တွေ့ရတော့မှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။

မိုကယ်အိုဝင် (တိုက်စစ်မှူးဟောင်း)

လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကတော့ လက်ရှိ မန်ချက်စတာ ယူနိုက်တက်ရဲ့ လက်ရှိ ခြေစွမ်း ကတော့ လွန်ခဲ့တဲ့ ၃၊ ၄နှစ် တုန်းကနဲ့ ဘာမှ မကွာခြားပါဘူး။ သာမန် အဆင့်ပဲ ရှိပါတယ်။

ကွာတာ ကတော့ မော်ရင်ညိုက ဒေးဗစ်မွိုက်စ်၊ ဗန်ဟားလ်တို့ထက် လူတွေပိုဝယ်ခဲ့တယ်။ ကစားသမားကောင်းတွေ များစွာ ရခဲ့တယ်။ ဒါပေမယ့် မော်ရင်ညိုဟာ လက်ထက်မှာ ဆန်းချက်ဆိုရင်လည်း သာမန် ကစားသမား တစ်ဦးဖြစ် သွားတယ်။ ပေါ့ပ်ဘာကိုပဲ ကြည့်ပါ။

သူဟာ ကမ္ဘာ့ချန်ပီယံ တစ်ယောက်၊ စီးရီးအေမှာ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်ပေမယ့် ပရီးမီးယားလိဂ်မှာ ဆိုရင် သူဟာ သာမန် ကစား သမားအဆင့်ပါပဲလို့ မော်ရင်ညိုအပေါ်ကို ဝေဖန်ခဲ့ပါတယ်။

ရီယို ဖာဒီနန် ( နောက်ခံလူဟောင်း )

မန်ချက်စတာယူနိုက်တက်ရဲ့ နောက်ခံလူဟောင်း ရီယို ဖာဒီနန်ကလည်း ဝက်စ်ဟမ်းကို ရှုံးခဲ့တဲ့ ပွဲအပြီးမှာ အသင်းအနေ နဲ့ မော်ရင်ညိုကို ဆက်ထားမယ်၊ မထားဘူး ဆုံးဖြတ်ဖို့ လိုနေပါတယ်။ ပေါ့ပ်ဘာလို ကစားသမားကို ဆုံးရှုံးမယ် ဆိုရင် ယူနိုက်တက် အတွက် အဆိုးရွားဆုံး အခြေအနေ ကို ရင်ဆိုင်သွားရမယ်လို့ ဆိုပါတယ်။ အခုချိန်ဟာ အသင်းအတွက် အရေးကြီးနေပါတယ်။ လို့ ပြောခဲ့ပါတယ်။

ရှာရင်ဂမ် ( တိုက်စစ်မှူးဟောင်း)

၁၉၉၉ ခုနှစ်မှာ ဖလား ၃လုံးရခဲ့တဲ့ တိုက်စစ်မှူး ရှာရင်ဂမ်ကလည်း ပေါ့ပ်ဘာကို အသင်းခေါင်း ဆောင်အဖြစ် ဆက်ပြီး မခန့်တော့ဘူးလို့ ပြောတဲ့အချိန် ပေါ့ပ်ဘာကို ယူနိုက်တက် ပွဲတွေမှာ ထည့်ပြီး မကစားသင့်ဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် မော်ရင်ညိုက ပေါ့ပ်ဘာကို ငါ့အသင်းမှာ မင်းခေါင်းငုံ့ပြီး ပြန်ကစားဆိုတဲ့ ပုံစံမျိုးနဲ့ သုံးခဲ့တယ်။ ဒီလိုပုံစံမျိုး ဖြစ်နေချိန်မှာ မော်ရင်ညို အနေနဲ့ ပေါ့ပ်ဘာဆီက ဘာတွေ မျှော်လင့်နေတာလဲလို့ ဝေဖန်ခဲ့ပါတယ်။

ဒီယွန် ဒပ်ဘလင် ( တိုက်စစ်မှူးဟောင်း)

ဗီလာနဲ့ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဒီယွန် ဒပ်ဘလင်ကတော့ အမှန်က အသင်းမှာ ရှိတဲ့ သူတိုင်းက ပြသာနာ ကိုယ်စီနဲ့ အခက်တွေ့အောင် လုပ်နေကြတာပါ။ တရားခံက ကစားသမားတွေလည်း ဖြစ်နိုင်သလို၊ နည်းပြလည်း ဖြစ်နိုင် ပါတယ်။

ဒါ့အပြင် အသင်း ဘုတ်အဖွဲ့မှာလည်း အပြစ်ရှိတယ်လို့ ထင်ပါတယ်။ ပရိသတ်တွေ တောင် အပြစ်မလွတ်ဘူးလို့ ပြောရ မယ့် အနေအထားပါ။ ဆိုတော့ တစ်စုံ တစ်ယောက်၊ တစ်နေရာကို ပြောင်းလဲလိုက်ရုံနဲ့ ဒီပြသာနာတွေက ပြီးသွားမယ်လို့ ကျွန်တော်မထင်ဘူးလို့ အသင်းဟောင်းအပေါ် အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

alt

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဒုတိယ အသင်ခေါင်းဆောင်နေရာ ဆုံးရှုံးသွားတဲ့ ပေါ့ပ်ဘာ

ဆိုတော့ နာမည်ကျော် ဘောလုံးသမား ဟောင်းတွေ ပြောသလိုမျိုး ပြသာနာတွေ မျိုးစုံဖြစ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်မှာ ဘာတွေပြောင်းလဲ သင့်လဲ၊ တရားခံက နည်းပြ မော်ရင်ညိုပဲလား။ ဒါမှမဟုတ် ကစားသမားတွေပဲလား၊ လိုချင်တဲ့ ကစားသမား စာရင်းကို မ၀ယ်ပေး ခဲ့တဲ့ ဘုတ်အဖွဲ့ကရော။ ဘယ်သူ့အမှားလဲ။