သြဂုတ်လ ၁၄ ရက်နေ့ဟာ မြန်မာ့ ဂီတ လောကအတွက် ကြယ်တစ်ပွင့်ထက်မက လင်းလက် တောက်ပခဲ့သူတစ်ဦးလို့ ဆိုနိုင်တဲ့ အဆိုတော် ထူးအိမ်သင် ကွယ်လွန်ခဲ့တဲ့ နှစ်ပတ်လည်နေ့ ဖြစ်ပါ တယ်။
ထူးအိမ်သင် ကွယ်လွန်ခဲ့တာဟာ မြန်မာ့ ဂီတ လောက အတွက်၊ မြန်မာ နိုင်ငံ အတွက် ဆုံးရှုံးမှု သာမက သဘာဝကို 'ချစ်ခြင်းအားဖြင့်' သီချင်းတွေ ရေးဖွဲ့ခဲ့တဲ့ အနုပညာရှင်တစ်ဦး ကြွေလွင့်ခဲ့ရတာဟာ ကမ္ဘာမြေအတွက်လည်း ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခုဖြစ်ပါတယ်။
အခုဆိုရင် သူကြွေလွင့်ခဲ့တာ ၇ နှစ်ရှိခဲ့ပေမယ့် သူ့ရဲ့ဂီတ၊ သူ့ရဲ့သီချင်းတွေက လေမှာ လွင့်ပျံဆဲ၊ သူ့ရဲ့ ဂီတသြဇာ လွှမ်းမိုးမှုတွေက ဆက်ရှိနေဆဲပါ။
သူကိုယ်တိုင် ရေးပြီး အောင်မြင်ခဲ့တဲ့ သီချင်း အများအပြားထဲမှာ အမေ့အိမ်၊ ရာဇဝင်များရဲ့ သတို့သမီး၊ နာရီပေါ်က မျက်ရည်စက်များ၊ ဂျပ်ဆင်ထိပ်က လရိပ်ပြာ၊ ဝေးသွားတဲ့အခါ၊ ညီလေးရေ၊ ငြိမ်းချမ်းပါစေ သီချင်းတွေလည်း ပါဝင်ပြီး ဒီနေ့ထိလည်း မရိုးနိုင်သေးတဲ့ သီချင်းတွေပါ။
ငှက်ကြီး လို့ ခင်မင်ရင်းနှီးသူတွေက ခေါ်ခဲ့ကြတဲ့ ထူးအိမ်သင်ဟာ တခြား အဆိုတော်တွေ အတွက်လည်း သီချင်းတွေ ရေးပေးခဲ့သလို အဲဒီသီချင်း အများအပြားလည်း အောင်မြင်ခဲ့ ပါတယ်။ အဆိုတော် အောင်ရင်ကလည်း ထူးအိမ်သင်ကြောင့်သာ သူအောင်မြင်ခဲ့ရ တာလို့ သူ့ကျေးဇူးကို အောင့်မေ့တသပြီး ပြောပါတယ်။
ထူးအိမ်သင် သီဆိုခဲ့တဲ့ ခွေများ
- နာရီပေါ်က မျက်ရည်စက်များ (၁၉၈၆)
- မှော်ဆရာ အိပ်မက် (၁၉၈၈)
- သက်ငြိမ် (၁၉၈၉)
- အတ္တ ပုံဆောင်ခဲများ (၁၉၉၁)
- အကြင်နာအိပ်မက် (၁၉၉၁)
- အရင်အတိုင်း (၁၉၉၂)
- စကားလုံးမရှိတဲ့ ကောင်းကင် (၁၉၉၅)
- Unplugged Live (၁၉၉၆)
- မြို့ပြ လရောင် တမ်းချင်း (၁၉၉၆)
- ဝင်ရိုးစွန်းမီး (၁၉၉၇)
- အမေ (သို့မဟုတ်) အကြွင်းမဲ့ မေတ္တာတော်သီချင်း (၁၉၉၇)
- အမှတ်တရ ဒဏ်ရာ သီချင်းများ (၁၉၉၉)
- အစိမ်းရောင် ရက်စွဲများ(၂၀၀၁)
- တစ်နေ့စာ အလွဲများ (၂၀၀၃)
- ချစ်ခြင်းအားဖြင့် (၂၀၀၅)
ထူးအိမ်သင်ဟာ ၁၉၈၆ ခုနှစ်မှာ 'နာရီပေါ်က မျက်ရည်စက်များ' အခွေကစလို့ သူကွယ်လွန် ချိန် ၂၀၀၄ ခုနှစ်ထိ သီချင်းခွေ ၁၄ ခွေ ထုတ်ခဲ့ပြီး ခွေအားလုံး လိုလို လူကြိုက်များ ခဲ့ပါတယ်။ အတွဲခွေတွေ၊ အုပ်စုလိုက်ဆိုတဲ့ အခွေ တွေမှာလည်း ပါဝင်သီဆိုခဲ့ ပါတယ်။
ကော်ပီသီချင်းတွေလည်း ဆိုခဲ့ရာမှာ အဲဒီထဲမှာ ဆရာ ဝင်းမင်းထွေး ရေးတဲ့ အရင်အတိုင်း ခွေနဲ့ တေးရေး မြင့်မိုးအောင်ရေးတဲ့ စကားလုံး မရှိတဲ့ ကောင်းကင် သီချင်းခွေတွေလည်း ပါဝင်ပါ တယ်။
တေးရေး မြင့်မိုးအောင်က ထူးအိမ်သင်အတွက် သူရေးပေးတဲ့ သီချင်းတွေထဲမှာ 'တုနှိုင်းမဲ့ ရတနာ' ဆိုတဲ့ သီချင်း ကတော့ သမီး တစ်ယောက် ကျန်ရစ်ခဲ့တဲ့ ထူးအိမ်သင်ရဲ့ ဘဝနဲ့လဲ လိုက် ဖက်ကာ ကိုယ်ပိုင် သံစဉ် သီချင်း တစ်ပုဒ်လည်း ဖြစ်တာကြောင့် နှစ်သက်မိတယ်လို့ ပြောပါတယ်။
ထူးအိမ်သင် အမှတ်တရ ဒုတိယပိုင်း
မိုဘီ ဂျီနို ကနေ ထူးအိမ်သင် အမှတ်တရ အစီအစဉ်ကို တင်ဆက်ပေး နေရာမှာ ဒုတိယ ပိုင်းမှာတော့ အဆိုတော် အောင်ရင်က ထူးအိမ်သင် စတင် အောင်မြင်စ အချိန်တွေတုန်းက၊ သူနဲ့ အလွန် နီးနီးကပ်ကပ် ခင်မင် ရင်းနှီးခဲ့ဖူးတဲ့ အချိန်တွေတုန်းက အမှတ်ရ စရာလေးတွေ နဲ့ 'ငှက်ကြီး' ဖြစ်လာပုံ အကြောင်း တွေကို ပြောပြပေးဦးမှာမို့ စောင့်မျှော် နားဆင်နိုင်ပါတယ်။