ဒီမီဒီယာကို ဖွင့်၍မရပါ
မိုဘီ ဂျီနို ကဏ္ဍကနေ ကြိုဆိုပါတယ်။
ဒီနေ့ကမ္ဘာမှာ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် (Mobile Generation) ကို ရည်ရွယ်ပြီး မိုဘီဂျီနိုကဏ္ဍကနေ အစီအစဉ်သစ်တွေကို တနင်္ဂနွေညတိုင်း ထုတ်လွင့်ပေးနေတာပါ။

မြင်းခြံမြို့နယ်က ဆရာတော် အရှင် ဂန္ဓမာလာ လင်္ကာရ ဖြစ်ပါတယ်
ဒီတစ်ပတ်အစီအစဉ်မှာတော့ ....
ထူးထူးခြားခြား စိတ်ဝင်စားစရာ အကြောင်း အရာတစ်ခုကို တင်ဆက်ထားပါတယ်။
ဗုဒ္ဓစာပေမှာ အဆင့်မြင့်ဆုံး အခက်ခဲဆုံးဖြစ်တဲ့ ပိဋကတ်သုံးပုံစလုံးကို အာဂုံဆောင်နိုင်၊ ရေးမှတ် ထားနိုင်အောင် ကြိုးစားသင်ယူခဲ့တဲ့ တိပိဋကဓရ ဆရာတော်တစ်ပါးရဲ့ သူဘယ်လို ကြိုးစားသင်ယူခဲ့သလဲဆိုတဲ့ အကြောင်း ဖြစ်ပါ တယ်။
ပိဋကတ်သုံးပုံဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း ကြားဖူးနေကြ စကားလုံးတွေ ဖြစ်ပေမယ့် ဒီစာပေထဲမှာပါတဲ့ ဘုရားဟောတရားတော်တွေကို 'က' ကြီးက 'အ' အထိ သိနိုင်၊ အာဂုံဆောင်ထားနိုင်ဖို့ လုပ်ရတဲ့ အလုပ်ကတော့ ကမ္ဘာမှာ အခက်ခဲဆုံးအလုပ်တွေထဲက တစ်ခု ဖြစ်ပါလိမ့်မယ်။
ဒါကြောင့်လည်း ဗုဒ္ဓစာပေနဲ့ အမြဲတမ်းရင်းနှီးကျွမ်းဝင်နေတဲ့ ဘုရားသားတော် ရဟန်း သံဃာတော်တွေတောင် ဘုရားဟောတရားတွေ အကုန်အစင် မှတ်သားထားနိုင်ဖို့က အလွန်တရာမှကိုပဲ မလွယ်ကူတဲ့ ကိစ္စပါ။

တိပိဋကဓရ ဆရာတော်တစ်ပါးဖြစ်အောင် ဘယ်လို ကြိုးစားသင်ယူခဲ့ရပါသလဲ
မြန်မာနိုင်ငံက သံဃာ လေးသိန်းလောက်မှာ သောင်း ဂဏန်းလောက် ရှိတဲ့ သံဃာတော်တွေ ပိဋကတ်စာပေးပွဲ ဖြေကြပေမယ့် အောင်တဲ့သူက အရမ်းအရမ်းကိုပဲ ရှားပါးပါတယ်။
နှစ် (၆၀) လောက်အတွင်း ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်၊ အနက်သဘော ရေးဖြေပါ ပြီးစီးအောင်မြင်နိုင်သူက (၁၂) ပါးပဲ ပေါ်ထွန်းခဲ့ ပြီး လောလောဆယ် သက်ရှိထင်ရှားရှိတဲ့ ဆရာတော်က (၈) ပါးပဲ ရှိပါတယ်။
အဲဒီထဲက ဆရာတော်တစ်ပါးကတော့ အရှင် ဂန္ဓမာလာ လင်္ကာရ ဖြစ်ပါတယ်။
မြင်းခြံမြို့နယ်ဇာတိဖြစ်တဲ့ ဆရာတော်ဟာ မြင်းခြံအပြင် မုံရွာ၊ မန္တလေး၊ စစ်ကိုင်း မင်းကွန်း စတဲ့ အထက်မြန်မာပြည်က ကျောင်းတိုက်တွေမှာ ဗုဒ္ဓ စာပေကို လေ့လာသင်ယူခဲ့ပါတယ်။
၂၀၀၁ မှာ ဆရာတော်ဟာ သင်ရိုး ပိဋကတ် သုံးပုံလုံးကို အာဂုံရော သဘောရေးဖြေပါ ပြီးစီး အောင်မြင် တော်မူခဲ့ပါတယ်။

ဘီဘီစီရုံးကို ကြွရောက် ချီးမြှင့်ချိန် ကိုမိုးမြင့်က မေးမြန်းလျောက်ထားခဲ့ပါတယ်
အဲဒီနောက် ဆရာတော်ဟာ စင်ကိုင်းမြို့နယ် မင်းကွန်းတောင်ရိုး တိပိဋက ဓမ္မနာဒ ပရိယတ္တိ စာသင်တိုက်ကြီးမှာ ပဓာန နာယကဆရာတော် ဖြစ်လာပြီး ပြည်တွင်းပြည်ပမှာ သာသနာပြု လုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်။
ဆရာတော်ဟာ လောလာဆယ် အင်္ဂလန်နိုင်ငံမှာ ခေတ္တသီတင်းသုံးနေခိုက် လန်ဒန်က ဘီဘီစီရုံး ကို ကြွရောက် ချီးမြှင့်လို့ အခွင့်သာခိုက် လူငယ် ပရိတ်သတ်တွေ အတွက် ကိုမိုးမြင့်က မေးမြန်း လျောက်ထားကြည့်ထားပါတယ်။
ဒုတိယအပိုင်းမှာတော့ ပိဋကသုံးပုံလုံးကို အောင်မြင်ထားတဲ့ ဆရာတော် အနေနဲ့ လက်ရှိ အင်္ဂလန်က အောက်စဖို့ဒ်မှာ ဘာတွေ ထပ်သင်ကြားဖို့ လိုလို့ ဆက်လက် ပညာသင်နေရ သလဲ။ သာသနာပြုမယ့် ရဟန်းတော်တွေ ဘာတွေ လေ့လာထားသင့်သလဲ ဆိုတဲ့ အကြောင်း တွေကို တင်ဆက်ပေးထားပါတယ်။
ဒုတိယပိုင်း အင်တာနက်စာမျက်နှာကို ဒီ နှိပ်ပါ လင့် ကို နှိပ်ပြီး သွားနိုင်ပါတယ်။
BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။