မိုဘီ ဂျီနို နဲ့ လန်ဒန်က ဆယ်ကျော်သက်
မိုဘီဂျီနို ကဏ္ဍကနေ ကြိုဆိုပါတယ်။
ဒီနေ့ကမ္ဘာမှာ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် (Mobile Generation) ကို ရည်ရွယ်ပြီး ဒီကဏ္ဍကနေ အစီအစဉ်သစ်တွေကို အပတ်စဉ် တနင်္ဂနွေနဲ့ အင်္ဂါနေ့ညတိုင်း ထုတ်လွင့်ပေးနေတာ ဖြစ်ပါတယ်။
ဒီတစ်ပတ်အစီအစဉ်မှာတော့ . . .

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်က ဆယ်ကျော်သက် မြန်မာကျောင်းသူ တစ်ယောက်က သူ့ရဲ့ကျောင်းသူဘဝ အတွေ့အကြုံတွေ၊ လန်ဒန်မှာ နေရတဲ့ဘဝအအကြောင်းတွေကို မေးမြန်းတင်ဆက်ထားပါတယ်။
ဗြိတိန်နိုင်ငံက ပညာရေးဟာ ကမ္ဘာမှာ အဆင့်အတန်းမြင့်မားတယ်လို့ သတ်မှတ် ခံရသလို ကမ္ဘာကျော် တက္ကသိုလ် တွေလည်း အများအပြား ရှိပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူတွေ တစ်နေ့တခြား တိုးပွားလာရောက်ပြီး ကျောင်းစရိတ် စျေးကြီးတဲ့ကြားကပဲ တက်ရောက်သင်ယူနေကြပါတယ်။

နိုင်ငံခြားသားကျောင်းသားတွေထဲမှာ တခြားဥရောပနိုင်ငံတွေက ကျောင်းသားတွေ အပြင်၊ တရုတ်၊ အိန္ဒိယ၊ အာဖရိက၊ မလေးရှား စတဲ့စတဲ့နိုင်ငံတွေက ကျောင်းသားတွေ စုစုပေါင်း နိုင်ငံခြားသား ကျောင်းသား ၅ သိန်းလောက် ရှိတယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြပါတယ်။
မြန်မာနိုင်ငံကနေလည်း ပြီးခဲ့တဲ့ နှစ်တွေတုန်းက ဗြိတိန်ကိုသွားမယ့် မြန်မာကျောင်းသား တွေကို ထုတ်ပေးတဲ့ ဗီဇာဟာ နှစ်စဉ် ရာဂဏန်းရှိ တဲ့အတွက် အခုဆိုရင် ဗြိတိန်မှာ မြန်မာကျောင်းသား ထောင်ဂဏန်း ရှိနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

အများစုက စီးပွားရေး၊ ကွန်ပြူတာ၊ အင်ဂျင်နီယာ၊ စာရင်းကိုင်ဘာ သာရပ်တွေကို လေ့လာကြပါတယ်။ ဒီးဒီးကတော့ လန်ဒန်ရောက်ရောက်ချင်း တစ်နှစ်မှာ အင်္ဂလိပ်စာကို အဓိကသင်ပြီးနောက် အခုတော့ ကောလိပ်စတက်နေပါပြီ။
West London Business College မှာ စီးပွားရေးစီမံခန့်ခွဲမှုပညာရပ်ကို တက်ရောက်ပညာသင်ကြားနေပါတယ်။ တစ်ပတ်ကို ၂ ရက်ကျောင်းတက်ရပြီး ကျန်တဲ့ရက်တချို့မှာတော့ အချိန်ပိုင်း အလုပ်လုပ်ရပါတယ်။

မိုဘီဂျီနိုကဏ္ဍမှာ အခုလို လူငယ်တွေရဲ့ ပညာရေးနဲ့ပတ်သက်ပြီးလည်း ဆွေးနွေး ပြောကြားနိုင်မယ့် အစီအစဉ်တွေလည်း ရှိပါတယ်။
ဒါကြောင့် ကိုယ်ဆွေးနွေးလို သိလိုတဲ့ အကြောင်းအရာတွေ ရှိရင်ဖြစ်ဖြစ် ကိုယ်တိုင်ပါဝင်ဆွေးနွေးလိုရင်ပဲဖြစ်ဖြစ် ဆက်သွယ်ချင်ရင်တော့ burmese@bbc.co.uk ဆီကို ဆက်သွယ်မယ်ဆိုရင် ဘီဘီစီက ပြန်လည် ဆက်သွယ်ပေးနိုင်ပါတယ်။