ဆီယမ်ရိ(ပ) အစည်းအဝေး ပျက်ရခြင်း သို့မဟုတ် မြန်မာအရေး အာဆီယံအတွင်းက အက်ကြောင်းရာ

အန်ကောဝပ် ရှိရာ ဆီယမ်ရိ(ပ)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အန်ကောဝပ် ရှိရာ ဆီယမ်ရိ(ပ)

ကမ္ဘောဒီးယားရဲ့ အာဆီယံ အလှည့်ကျ ဥက္ကဌ တစ်နှစ်တာ သက်တမ်းဟာ အဆင်မပြေ မချောမွေ့မှုတွေနဲ့ စတင်လာပါတယ်။

အကြောင်းကတော့ နောက် သီတင်းပတ် အတွင်း ကျင်းပဖို့ စီစဥ်ထားတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးကို အကန့်အသတ် မရှိ ရွှေ့ဆိုင်းလိုက်တဲ့ အတွက် ဖြစ်ပါတယ်။

ရွှေ့ဆိုင်းရတာကလည်း ကမ္ဘောဒီးယားက အလှည့်ကျ ဥက္ကဌ အဖြစ် ကမကထ လုပ် ကျင်းပရမယ့် အဲဒီ အစည်းအဝေးမှာ မြန်မာ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးကို ဖိတ်ထားတဲ့ အပေါ် သဘောထားကွဲလွဲမှုတွေ အာဆီယံ အဖွဲ့ထဲ ပေါ်ပေါက် လာနေလို့ ဖြစ်တယ် ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နေကြပါတယ်။

မြန်မာကို နိုင်ငံရေး အရ ကိုယ်စားပြုခွင့် မပေးဘူး ... တနည်းအားဖြင့် အာဆီယံ ထိပ်သီးအစည်းအဝေးတွေနဲ့ အခုလို နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးလိုမျိုး အရေးကြီးတဲ့ ပွဲတွေမှာ စစ်ကောင်စီ ဥက္ကဌကို ဖြစ်စေ၊ စစ်ကောင်စီ ကက်ဘိနက်ဝင်တွေကို ဖြစ်စေ ပါဝင်ခွင့် မပေးဖို့ မူကို ဆက်လက် ဆုပ်ကိုင်ထားတဲ့ အာဆီယံ နိုင်ငံတွေ ရှိနေတယ်လို့ အကဲခတ်တွေက ပြောပါတယ်။

ဆီယမ်ရိ(ပ)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဦးဝဏ္ဏမောင်လွင်နဲ့ ရှောင်လွှဲချင်လို့ ဆီယမ်ရိ(ပ) အစည်းအဝေးကို လာမတက်ကြတာ ဆိုပြီး ရှုမြင်နေ

အာဆီယံ သဘောတူမှု ၅ ချက်ကို လက်တွေ့ အကောင်အထည် ဖော်ရေးမှာ စစ်ကောင်စီဘက်က လုံလောက်တဲ့ ပူးပေါင်းမှုတွေ မရှိလာသ၍တော့ အဲဒီမူကို ဆက်လက် ကိုင်စွဲမှာ ဖြစ်တယ်ဆိုပြီး အင်ဒိုနီးရှား သမ္မတ ဂျိူကိုဝီဒိုဒိုက ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် နေပြည်တော် ခရီးစဥ် အကြိုမှာကတည်းက ပွင့်ပွင့်လင်းလင်း ပြောဆို ထားပြီး ဖြစ်ပါတယ်။

အခု နိုင်ငံခြားရေး ဝန်ကြီးတွေ အစည်းအဝေးနဲ့ ပတ်သက်ပြီးတော့လည်း ရွှေ့ဆိုင်းလိုက်တယ် ဆိုတဲ့ သတင်းတွေ ထွက်လာပြီးတဲ့ နောက်မှာလည်း မလေးရှား နိုင်ငံခြားရေး ဌာနဘက်က အဆိုအရ အဲဒီကို တက်ဖို့ အာဆီယံ ဝန်ကြီးတော်တော်များများ အဆင်မပြေကြဘူး ဖြစ်နေတယ် ဆိုပြီး ပြောပါတယ်။

အခု ရွှေ့လိုက်ရတယ် ဆိုတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးကို လာမယ့် သီတင်းပတ် ဇန်နဝါရီ ၁၈ နဲ့ ၁၉ ရက်တွေမှာ ကမ္ဘောဒီးယား အနောက်မြောက်ပိုင်း အပန်းဖြေမြို့ ဖြစ်တဲ့ ဆီယမ်ရိ(ပ) Siem Reap မှာ ပြုလုပ်ဖို့ စီစဥ်ထားတာ ဖြစ်ပါတယ်။

နာမည်ကျော် အန်ကောဝပ် ရှေးအမွေအနှစ် လက်ရာတွေ ရှိရာဆီ ရောက်နိုင်တဲ့ အဝင်ပေါက် ဆိုရင်လည်း မမှားပါဘူး။

အဲဒီ ဆီယမ်ရိ(ပ) အစည်းအဝေးကို လူကိုယ်တိုင်လာပြီး ပြောကြဆိုကြ ဆွေးနွေးကြ လုပ်နိုင်ဖို့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ တော်တော်များများ အဆင်မပြေ ဖြစ်နေတယ်လို့ မလေးနိုင်ငံခြားရေး ဌာနက ပြောတာ ဖြစ်ပါတယ်။

မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဆာအီဖူဒင် အဗ္ဗဒူလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဆာအီဖူဒင် အဗ္ဗဒူလာ

မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဆာအီဖူဒင် အဗ္ဗဒူလာရဲ့ အကြောင်းပြချက်ကတော့ မလေးရှားပြည်တွင်းမှာ လက်ရှိ တွေ့ကြုံနေရတဲ့ ရေကြီးမှုတွေ အတွက် အရေးပေါ် ပါလီမန် အစည်းအဝေးတွေ ခေါ်ထားတာကြောင့် အဲဒီ အစည်းအဝေးတွေ အတွက် အာရုံစိုက်ချင်တယ်လို့ ဆိုပါတယ်။

အခုလို ဆီယမ်ရိ(ပ) အစည်းအဝေး ရွှေ့ဆိုင်းလိုက်တာ ဘယ်ရက် အထိ ဆိုတဲ့ အတိတကျ ရက်ချိန်းမျိုးလည်း ထွက်မလာတဲ့ အတွက် အကန့်အသတ်မရှိ ရွှေ့တယ်ဆိုပြီး ဒေသတွင်း သတင်းတွေမှာ ရည်ညွှန်း ပြောဆိုကြပါတယ်။

ဒါ့အပြင်၊ အခုလို မလေးရှား ဝန်ကြီး ဆာအီဖူဒင်လိုပဲ မြန်မာ့ ဒီမိုကရေစီ အရေး ထောက်ခံ အားပေးပြီး၊ စစ်အာဏာသိမ်းမှု အပေါ် ပေါ်ပေါ်ထင်ထင် ကန့်ကွက် ရှုတ်ချ နေကြတဲ့ ဒေသတွင်း အာဆီယံ နိုင်ငံတွေက ဝန်ကြီးတွေဟာ ဆီယမ်ရိ(ပ) အစည်းအဝေးကို ရှောင်တာ မြန်မာအရေးကြောင့် ဖြစ်တယ်ဆိုပြီး သံတမန် အသိုင်းအဝိုင်းထဲ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင် နေကြပါတယ်။

မြန်မာအရေးလို့ ဆိုရာမှာ နေပြည်တော် အာဏာသိမ်း စစ်ကောင်စီနဲ့ကြား ဆက်ဆံရေး ထူထောင်ထားတဲ့ အိမ်ရှင် ကမ္ဘောဒီးယားဟာ စစ်ကောင်စီခန့် နိုင်ငံခြားရေး ဝန်ကြီးကို အခု အစည်းအဝေးမှာ ပါဝင် စေမှာ ဖြစ်တဲ့ အတွက် ဦးဝဏ္ဏမောင်လွင်နဲ့ မဆုံချင်တဲ့ အတွက် အခုလို အကြောင်းပြ ရှောင်လွှဲနေကြတာ ဖြစ်တယ် ဆိုပြီး ပြောဆို သုံးသပ်နေကြပါတယ်။

ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ဖနွမ်းပင် အစိုးရဟာ မြန်မာ စစ်ကောင်စီကို သံတမန်ရေး အထီးကျန် ဖြစ်စေမှာထက် စာရင် ထိတွေ့ ဆက်ဆံရေး လမ်းကြောင်းနဲ့ အာဆီယံ သဘောတူမှု ၅ ချက် ပြည့်မြောက်လာရေး ကြိုးစား ဖော်ဆောင်ကြည့်မယ် ဆိုပြီး ပြောနေပါတယ်။

ဝေဖန်သူတွေကတော့ အာဆီယံ ဘုံသဘောတူမှုထဲက ပထမဆုံး အချက် ဖြစ်တဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး တောင်းဆိုချက်ကိုတောင် စစ်ကောင်စီဘက်က မလိုက်နာပဲ ပြည်တွင်းမှာ အရပ်သားတွေ အပေါ်မှာ ပစ်မှတ်ထား တိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်နေတယ် ဆိုပြီး ထောက်ပြ ကြပါတယ်။

ဗီဒီယို ပုံစာ, KNU ထိန်းချုပ်နယ်မြေထဲကို စစ်ကောင်စီက လေကြောင်းနဲ့ထပ်မံတိုက်ခိုက်

ဟွန်ဆန်ရဲ့ နေပြည်တော် ခရီးစဥ်ကို ဒေသတွင်း အစောဆုံး ဝေဖန်တဲ့ ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဟောင်း ခွန်ကဆစ်ပီရွမ်က ဆိုရင် ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ နေပြည်တော် ခရီးစဥ်နဲ့ ပတ်သက်ပြီး ....

"ဟွန်ဆန်ဟာ သူ မြန်မာပြည်ကို သွားရခြင်းနဲ့ ပတ်သက်ပြီး သူကိုင်စွဲတဲ့ အခြေခံမူ ရပ်တည်ချက် ပုံစံမျိုး သူကိုယ်တိုင် ပြောထားတာ ရှိပါတယ်။ မြန်မာဟာ အာဆီယံ အဖွဲ့ဝင် နိုင်ငံ ဖြစ်တဲ့ အတွက် အာဆီယံ အသိုင်းအဝိုင်းထဲ ပါဝင် လှုပ်ရှား ဆောင်ရွက်ခွင့်တွေ အားလုံးနဲ့ တန်းတူ ရရှိရမယ်လို့ ဆိုပါတယ်။ အဲဒီလို ပါဝင်ဆောင်ရွက်ခွင့် ဆိုတာကို မြန်မာ အာဏာသိမ်း စစ်တပ်ကိုပဲ ပုံပေးပြီး၊ ကျန် အဖွဲ့ဝင် နိုင်ငံတွေရဲ့ သဘောထားကို ထည့်မတွက်ဘူး ဆိုရင် ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ စဥ်းစားတွေးခေါ်ပုံဟာ ယုတ္တိမတန်ဘူး၊ ကျိုးကြောင်းဆီလျော်မှု မရှိဘူးလို့ ကျွန်တော် ပြောချင်ပါတယ်။

ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ အပြုအမူကို သူတို့ အားလုံး တစ်စုတစ်စည်းတည်းနဲ့ တုန့်ပြန်ကြဖို့ ကျွန်တော် တိုက်တွန်းပါတယ်။ အခု အာဆီယံ ခေါင်းဆောင်တွေ ဟာ အသံတိတ်နေကြတယ်။ ဝန်ကြီးချုပ် ဟွန်ဆန် တစ်ကိုယ်တော် လုပ်ချင်တာလုပ် ဆိုပြီး လွှတ်ပေးထားတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ မြန်မာအရေး အာဆီယံ ဘုံသဘောထား ၅ ချက် ဆိုတဲ့ နိုင်ငံတကာကလည်း ထောက်ခံမှု ပေးနေတဲ့ လမ်းကြောင်းပေါ် ပြန်ဆွဲတင်ဖို့ အရေးကြီးပါတယ်။

ဒါမှမဟုတ်ရင်တော့ မြန်မာ အရေး အာဆီယံအနေနဲ့ ကမကထလုပ် ဖြေရှင်းဖို့ နိုင်ငံတကာက ထောက်ခံမှု ပေးနေတာတွေဟာ အလကားဖြစ်သွားပါလိမ့်မယ်။ အာဆီယံ အဖွဲ့ဟာ ဘာမှ ယုံကြည် ကိုးစားဖွယ်ရာ ကောင်းတဲ့ အဖွဲ့ မဟုတ်ဘူး ဆိုပြီး နာမည် ပျက်ယွင်း သွားပါလိမ့်မယ်။" ဆိုပြီး ဘီဘီစီနဲ့ မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။

ဟွန်ဆန်ရဲ့ ထိတွေ့ဆက်ဆံရေး ချဉ်းကပ်မှုနောက်မှာ တရုတ်နဲ့ဂျပန် ရှိနေလား

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဟွန်ဆန်ရဲ့ ထိတွေ့ဆက်ဆံရေး ချဉ်းကပ်မှုနောက်မှာ တရုတ်နဲ့ဂျပန် ရှိနေလား

အင်ဒို-ပစိဖိတ်ဒေသတလွှား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အတွက် သုခမိန် အကြံပေး အဖွဲ့တစ်ခုဖြစ်တဲ့ ပစိဖိတ်ဖိုရမ်၊ WSD-Handa အစီအစဥ်က သုတေသီ တစ်ဦးဖြစ်တဲ့ ဟန်တာ မာစတန်ကလည်း "ဦးဝဏ္ဏမောင်လွင်ကို ကမ္ဘောဒီးယားက ဖိတ်တာကို အမြန်ဆုံး၊ အရှင်းဆုံး တုန့်ပြန်တဲ့ နည်းကတော့ အခုလို သွားမတက်တဲ့ နည်းပဲ။ အခု အဲဒီနည်း သုံးပြီး စစ်ကောင်စီ ကိုယ်စားလှယ် ပါဝင်မှုကို အသိအမှတ် မပြုကြောင်း ပြနေတာ ဖြစ်တယ်" ဆိုပြီး သုံးသပ်ပါတယ်။

တစ်ဘက်မှာလည်း ကမ္ဘောဒီးယားရဲ့ စစ်ကောင်စီအပေါ် အပြုသဘောနဲ့ ချဉ်းကပ် အဖြေရှာရေး လမ်းကြောင်းရဲ့ နောက်ကွယ်မှာ ဆူပါပါဝါ တရုတ်တင်မက ဂျပန်ကလည်း နေပြည်တော်နဲ့ နီးစပ်တဲ့ ဂျပန်အုပ်စုတွေကနေ တဆင့် ကျောထောက် နောက်ခံပြုပေးထားတယ် ဆိုတဲ့ အမြင် မျိုးတွေ ရှိပါတယ်။

တကယ်ပဲ မြန်မာအရေးကြောင့်၊ ဦးဝဏ္ဏမောင်လွင်နဲ့ မဆုံချင်တဲ့ အတွက် အာဆီယံ ဝန်ကြီးတချို့ ရှောင်လွှဲကြတာ ဆိုရင်လည်း ဒီထက်ပိုတဲ့ ရေရှည် ဖြေရှင်းနည်းမျိုးတွေ ရှာဖို့ လိုတယ်လို့ ထောက်ပြမှုတွေလည်း ရှိပါတယ်။

အခုလို ရှောင်လွှဲလို့ အစည်းအဝေး ဒီတစ်ကြိမ် ပျက်သွားတယ် ဆိုဦး ဒါဟာ ရှေ့ကို တိုးတက်မှု ရလဒ်တွေ ဖြစ်လာစေမယ့် သံခန်းတမန်ခင်း ဖြေရှင်းနည်း လမ်းမှန် မဟုတ်ဘူး ဆိုပြီး သုတေသီ ဟန်တာ မာစတန်က ပြောပါတယ်။

အခု အစည်းအဝေး ပျက်သွားလို့ စစ်ကောင်စီ ကိုယ်စားလှယ် မပါဝင်ရေး သဘောထား ရပ်တည်ချက်ဘက်က အောင်မြင်တယ် ဆိုဦး အဲဒီပုံစံမျိုး အောင်မြင်မှုဟာ Pyrrhic victory "ဖီးရစ်ဗစ်ထရီ" လို့ ခေါ်တဲ့ အဆုံးအရှုံး အရင်းအနှီး ကြီးမားလွန်းလို့ နိုင်ဖို့တောင် မတန်တဲ့ အနိုင်ရမှုမျိုး၊ အောင်ပွဲ မျိုး ဆိုပြီး မစ္စတာ မာစတန်က သုံးသပ်ပါတယ်။

ဗီဒီယို ပုံစာ, ကမ္ဘောဒီးယား ဝန်ကြီးချုပ် မြန်မာပြည်ရောက်ရှိ

လောလောဆယ်မှာတော့ ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက အစည်းအဝေး ရွှေ့ဆိုင်းရကြောင်း အတည်ပြုထားပြီး၊ ဝန်ကြီးတချို့ တက်ရောက်ဖို့ အခက်အခဲ ရှိနေလို့ ဖြစ်တယ် ဆိုတာအထိ ပြောပါတယ်။

ဘယ်နိုင်ငံက ဝန်ကြီးတွေလဲ ဆိုတဲ့ အသေးစိတ်တွေကိုတော့ ဘယ်သူဘယ်ဝါတွေ ဖြစ်တယ် ဆိုတာ သူတို့ ကိုယ်စား ပြောဖို့ တာဝန် မရှိဘူး ဆိုပြီး ကမ္ဘောဒီးယား နိုင်ငံခြားရေး ဌာန ပြောခွင့်ရက တုန့်ပြန် ထားပါတယ်။

စစ်ကောင်စီကို အာဆီယံ အစည်းအဝေးတွေမှာ ကိုယ်စားပြုခွင့် မပေးဖို့ ရပ်တည်ချက်ကို အာဆီယံတွင်း ထောက်ခံနေကြတဲ့ နိုင်ငံတွေက အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ စင်္ကာပူတို့ ဖြစ်တယ်ဆိုတာကို အခု လပိုင်းတွေထဲမှာ တောက်လျှောက် တွေ့မြင် ထားရပါတယ်။

အခု ကျင်းပဖို့ ရွှေ့လိုက်ရတဲ့ အစည်းအဝေးမှာ အိမ်ရှင် ကမ္ဘောဒီးယားဟာ သူတို့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးလည်း ဖြစ်၊ နေပြည်တော်ကို ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ အတူ သွားရောက်ခဲ့တဲ့ ဟွန်ဆန့်လက်ထောက် ဒုဝန်ကြီးချုပ်လည်း ဖြစ်တဲ့ ပရတ်ဆော့ခွန်းကို မြန်မာအရေး အာဆီယံ အထူးသံ အဖြစ် တရားဝင် ခန့်အပ် ကြေညာဖို့ ရှိနေတာမှာ အခု အထမမြောက်နိုင် ဖြစ်သွားပါတယ်။

ဗီဒီယို ပုံစာ, လွိုင်ကော်က နေ ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရဆဲ