ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အငြင်းပွားမှု ရှိနေတဲ့ စားကျက်မြေနဲ့ ပတ်သက်လို့ ပဲခူးမှာ လူထုဆွေးနွေးပွဲ ကျင်းပမယ်
ပဲခူး တိုင်းမှာ စားကျက်မြေ ကိစ္စနဲ့ ပတ်သက်လို့ လူထုတွေ့ဆုံပွဲ လုပ်ဖို့ တိုင်းဒေသကြီး အစိုးရက ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။
စားကျက်မြေတွေကို ကျူးကျော် လုပ်ကိုင် စိုက်ပျိုး နေတာနဲ့ ပတ်သက်လို့ အစိုးရ အနေနဲ့ ဘယ်လို စီမံ ခန့်ခွဲမလဲ ဆိုတာကို ဝေါက လွှတ်တော် ကိုယ်စားလှယ်က လွှတ်တော်မှာ မေးခွန်းထုတ်ခဲ့ဖူးတယ်လို့ ကျောက်ကြီး မြို့နယ် တိုင်းဒေသကြီး အမှတ် ၁ လွှတ်တော် ကိုယ်စားလှယ် ဦးစည်သူ က ပြောပါတယ်။
ဒါကြောင့် တိုင်းဒေသကြီး အစိုးရက စားကျက်မြေ ကိစ္စနဲ့ ပတ်သက်လို့ လူထု အသိပညာပေး ဆွေးနွေးမှုတွေ လုပ်ဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားတယ်လို့ သူက ဆိုပါတယ်။
အဲဒီလို လူထု အသိပညာပေး လုပ်ဆောင်ရာမှာ ပြည်သူလူထု အနေနဲ့ စားကျက်မြေ တွေကို ပြန်လည် အသုံးပြုမလား ၊ ဒီမြေတွေကို လက်ရှိ စားကျက် အတိုင်း ထားသွားမလား ဆိုတာကို လူထု ဆန္ဒ ကောက်ခံ သွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒီလို လူထုဆန္ဒ ခံယူရာမှာ အချိန် သတ်မှတ် ထားခြင်း မရှိဘဲ မူအားဖြင့်သာ ချမှတ်ထားတာ ဖြစ်တယ်လို့ ဦးစည်သူ က ပြောပါတယ်။
လူထုဆွေးနွေးပွဲတွေကို စားကျက်မြေ ရှိတဲ့ နေရာ အားလုံးမှာ လုပ်ဆောင်သွားဖို့ ပဲခူးတိုင်း ဒေသကြီး အစိုးရက ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
မြို့နယ်တိုင်းမှာ စားကျက်မြေ ကော်မတီ ရှိပြီး သက်ဆိုင်ရာ ရပ်ကျေး အုပ်စုမှာ ရှိတဲ့ စားကျက်မြေတွေမှာ စားကျက်မြေနဲ့ ပတ်သက်တဲ့ လူထု တွေ့ဆုံပွဲတွေ ကျင်းပကာ တက်ရောက်လာသူတွေရဲ့ ထင်မြင်ချက် ရယူသွားမှာ ဖြစ်တယ်လို့ ကျောက်ကြီးမြို့နယ် တိုင်းဒေသကြီး အမှတ် ၁ လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။
အဲဒီနောက် လူထုဆီက ရရှိထားတဲ့ တုံ့ပြန်ချက်တွေကို မြို့နယ် စားကျက်မြေ ကော်မတီ ကနေ သက်ဆိုင်ရာ မြို့နယ် ကြီးကြပ်ရေး အဖွဲ့ကို တင်ပြသွားရမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
သူတို့ ရယူလာတဲ့ လူထု ထင်မြင် ယူဆ တုန့်ပြန်ချက်တွေ အပေါ်မှာ မူတည်ပြီး တိုင်းဒေသကြီး အစိုးရ အဖွဲ့က အကောင်အထည် ဖော် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဦးစည်သူ က ပြောပါတယ်။
လွှတ်တော် အမတ်တွေကလည်း စားကျက်မြေ ဆိုင်ရာ မူဝါဒ နဲ့ လက်ရှိ နိုင်ငံတော်ရဲ့ မူဝါဒတွေ ဘယ်လို ရှိသလဲ ဆိုတာ ရှင်းပြသွားဖို့ ရှိတယ်လို့ သူက ဆိုပါတယ်။
လူထု အနေနဲ့ ဒီ ပဲခူးတိုင်း ဒေသကြီး အတွင်းက စားကျက်မြေတွေကို ပြန်လည် အသုံးပြုမယ် ဆိုတဲ့ သဘောဆန္ဒ ရှိသူတွေ ရှိကြသလို စားကျက်ကို စားကျက် အတိုင်း ထားမယ် ဆိုတဲ့သူတွေလည်း ရှိတယ်လို့ သူက ရှင်းပြ ပါတယ်။
ပဲခူးတိုင်း အတွင်းမှာ တချို့ကလည်း စားကျက်မြေကို ပယ်ဖျက်ခွင့်တောင်းထားတာ ရှိတယ်လို့ တိုင်းဒေသကြီး လွှတ်တော် အမတ်က ပြောပါတယ်။
တချို့ဆို စားကျက်မြေ ထဲမှာ ရွာတည်တာတွေ ရှိနေပြီး သူတို့ တိုင်းဒေသကြီး အတွင်း နယ်မြေ အခြေအနေ အရ ရွှေ့ပြောင်းတာတွေ ရှိကြောင်း ၊ မငြိမ်းချမ်းခင် ကာလတွေကဆိုရင် စားကျက်ထဲ ရွာတည်နေသလို ၊ ပျက်စီးသွားတဲ့ ရွာတွေ အတွက် စားကျက်ထဲ နေထိုင်ဖို့ ရွှေ့ပြောင်းခံရတာတွေ ရှိခဲ့ဖူးကြောင်း ဦးစည်သူ က ရှင်းပြ ပါတယ်။
ဒါ့အပြင် စားကျက်မြေထဲ လယ်စိုက် ကျူးကျော်မှုတွေ ရှိကြသလို တချို့ကလည်း စားကျက်မြေ ကို စားကျက် အတိုင်းပဲ ထားလိုတဲ့ ဆန္ဒ ရှိကြတယ်လို့ ကျောက်ကြီး မြို့နယ် တိုင်းဒေသကြီး အမှတ် ၁ လွှတ်တော် ကိုယ်စားလှယ် က ပြောပါတယ်။
တချိန်တည်းမှာ စားကျက်မြေ ကိစ္စနဲ့ ပတ်သက်လို့ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံး ကျောက်ကြီးမြို့နယ် က ကြေညာချက် ထုတ်ထားတယ် ဆိုပြီး အွန်လိုင်းပေါ်မှာ စာတစောင် ပြန့်နေပါတယ်။
အဲဒီ ကြေညာချက်မှာ လက်ရှိ ကာလဟာ NCA သဘောတူညီချက်တွေ အပေါ် ငြိမ်းချမ်းရေး လမ်းစဉ် ပြန်လည် တည့်မတ်အောင် ဆောင်ရွက်နေတဲ့ ကာလ ဖြစ်သလို နိုင်ငံရေး သဘောတူညီချက် မရသေးတဲ့ ကာလ ဖြစ်တယ်လို့ ဆိုထားပါတယ်။
အဲဒီလို အချိန်ကာလမှာ မြေယာနဲ့ စားကျက်မြေ တွေအပေါ် တစ်ဖက်သက် ဆောင်ရွက်နေမှုကို ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံး ကျောက်ကြီး မြို့နယ် အလုပ်အမှုဆောင် ကော်မတီက NCA အခန်း ၆ အပိုဒ် ၂၅ အတိုင်း ရပ်တည်သွားဖို့ သူတို့သဘောထားကို ဒုတိယအကြိမ် ထုတ်ပြန် လိုက်တယ်လို့ စာမှာ ဖော်ပြထားပါတယ်။
NCA အခန်း ၆ အပိုဒ် ၂၅ အရ သက်ဆိုင်ရာ ဒေသတွေမှာ တစ်ဖွဲ့ချင်းစီ သီးခြား ဆောင်ရွက်ဖို့ လိုတဲ့ ကိစ္စတွေကို အစိုးရနဲ့ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းတွေကြား ညှိနှိုင်း ဆောင်ရွက်ဖို့ သဘောတူထားတာ ဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ကေအန်ယူတာဝန်ရှိသူတွေထံ ဆက်သွယ်ခဲ့ပေမယ့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အတည်ပြုချက်တော့ မရသေးပါဘူး။