ဧပြီ ၂၆ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ်- ပုပ်ရဟန်းမင်းကြီး ဈာပန

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေအပါအဝင် ပူဆွေးသူ ထောင်ပေါင်းများစွာဟာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ဈာပနအတွက် စုဝေးရောက်ရှိနေပါပြီ။
ပုပ်ရဟန်းမင်းရာထူးဖန်တီးခဲ့တဲ့ နှစ် ၂၀၀၀ သမိုင်းမှာ ထူးခြားတဲ့အခန်းကဏ္ဍတစ်ခုကို မြင်တွေ့နေရတာဖြစ်ပါတယ်။
စိန့်ပီတာရင်ပြင်မှာတော့ ကမ္ဘာ့နိုင်ငံခေါင်းဆောင် ဒါဇင်ပေါင်းများစွာနဲ့ လမ်းပေါ်ကလူတွေကို အတူမြင်တွေ့နေရပါပြီ။
ယူကရိန်းသမ္မတဇလန်းစကီး ရောမကို စနေနေ့ နံနက်ပိုင်းမှာရောက်ရှိခဲ့တယ်လို့ သူ့ပြောခွင့်ရက အတည်ပြုပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်လည်း ဇနီးနဲ့အတူ ရောမကိုရောက်နေပါတယ်။
ဒါဟာ သမ္မတအဖြစ် ဒုတိယအကြိမ်ရွေးကောက်ခံရပြီးနောက် ပထမဆုံးနိုင်ငံခြားခရီးစဉ်လည်း ဖြစ်ပါတယ်။
အီတလီကိုရောက်ဖို့ မြေထဲပင်လယ်ကိုဖြတ်သန်းလာခဲ့ရတဲ့ ရွှေ့ပြောင်းတွေလည်း ရင်ပြင်မှာ ရောက်ရှိနေကြပါတယ်။
ဘီဘီစီသတင်းဌာနက သတင်းသမားတွေကတော့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အိမ်ခြေရာမဲ့တွေအတွက် ကွန်ဗင့်ကျောင်းဟောင်းကို တည်းခိုခန်းအဖြစ်ပြောင်းလဲထားတဲ့ နေရာကနေ သတင်းထုတ်လွှင့်တင်ဆက်ခဲ့ကြပါတယ်။
အိမ်ခြေရာမဲ့အုပ်စုတစ်စုဟာ နံနက်စာစားရင်း ရုပ်မြင်သံကြားကြည့်နေကြပါတယ်။ ရုပ်မြင်သံကြားမှာတော့ ရင်ပြင်ထဲဝင်ရောက်လာတဲ့ လူထောင်ပေါင်းများစွာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ပြည်သူတွေရဲ့ ပုပ်ရဟန်းမင်းကြီးလို့ ခေါ်ဆိုခံရသူတစ်ဦးရဲ့ ဈာပနဟာ ကမ္ဘာ့ဩဇာအကြီးဆုံးလူတွေနဲ့ လူ့အဖွဲ့အစည်းရဲ့ နင်းပြားတွေကို အတူစုစည်းပေးလိုက်ပါတယ်။ ရောမမှာ အာဏာရှိသူတွေနဲ့ အာဏာမဲ့သူတွေ စုမိကြပြီလို့ ဘီဘီစီသတင်းထောက်က တင်စားပါတယ်။
ဈာပနပွဲဟာ ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှာ ဗာတီကန်စီးတီးက စိန့်ပီတာရင်ပြင်မှာ စတင်မှာ ဖြစ်ပါတယ်။
ရေနံသာရဲစခန်းကို ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်၊ စခန်းမှူးနဲ့ ရဲတွေထွက်ပြေး

ဓာတ်ပုံ ရင်းမြစ်, သရက်ခရိုင် အမှတ် ၄ တပ်ရင်း
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မကွေးတိုင်း၊ ကံမမြို့နယ်က ရေနံသာကျေးရွာ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဧပြီ ၂၅ မနက်ပိုင်းက ဝင်ရောက်သိမ်းပိုက်ချိန်မှာ စခန်းမှူးနဲ့ ရဲတွေ ထွက်ပြေးသွားတယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ဧပြီ ၂၆ မှာ ထုတ်ပြန်ပါတယ်။
အဲဒီရဲစခန်းဟာ သရက်-ကံမ- ပြည်ကားလမ်းဘေးမှာရှိပြီး တပ်မတော်ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) နဲ့ သုံးမိုင်ဝန်းကျင် အကွာမှာ ရှိတာဖြစ်ပါတယ်။
ရေနံသာ ရဲစခန်းကို သရက်ခရိုင် စစ်ဌာန၊ သရက်ခရိုင် အမှတ် ၄ တပ်ရင်းရဲ့ တပ်ခွဲ ၁ နဲ့ ၂ တို့ ပူးပေါင်းပြီး ဧပြီ ၂၅ ရက် မနက် ၅ နာရီမှာ ဝင်ရောက်တိုက်ခိုက်ကြတာပါ။
ရဲစခန်းဘက်က လက်နက်ချ အညံ့ခံမယ်ပြောတာကြောင့် ကာကွယ်ရေးအဖွဲ့တွေက အပစ်ရပ်ပေးချိန်မှာ စခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေက လက်နက်တွေယူပြီး ထွက်ပြေးသွားတာလို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ပါတယ်။
သရက်ခရိုင် အမှတ် ၄ တပ်ရင်းထုတ်ပြန်ထားတဲ့ ရုပ်သံမှတ်တမ်းမှာ ကားနှစ်စီး၊ ဆိုင်ကယ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စုစည်းပြီး ရဲစခန်းထဲကို ဝင်ရောက်တိုက်ခိုက်တာ တွေ့ရပါတယ်။
စခန်းအတွင်းပိုင်းအထဲအထိ ထိုးဖောက်ဝင်ရောက်နိုင်ကြပြီး လက်နက်ပစ္စည်းတွေကို ရှာဖွေတွေ့ရှိသလို ဖမ်းဆီးရမိတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက်ကိုလည်း "လက်နက်တွေဘယ်မှာထားလဲ"ဆိုပြီး မေးကြပါတယ်။
စခန်းသိမ်းနိုင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း ရဲစခန်းဝန်းထဲက အဆောက်အဦတွေကို မီးရှို့ပြီး မနက်ပိုင်းမှာ ပြန်ထွက်ခွာသွားကြတာပါ။
ရေနံ့သာ ရဲစခန်းကနေ ရဲတပ်ကြပ်အဆင့် သုံ့ပန်း ၁ ယောက်နဲ့ စစ်လက်နက်အသုံးအဆောင်ပစ္စည်းတွေ၊ ကား နှစ်စီး၊ ဆိုင်ကယ် ၄ စီး တို့ကို သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
ကျားဖြန့်အတွက် နေရာငှားပေးရင် အိမ်နဲ့ခြံ သိမ်းမယ်လို့ 'ဝ' ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, WSTV
'ဝ' ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ဒေသထဲမှာ ကျားဖြန့်- အွန်လိုင်းငွေလိမ်ဂိုဏ်းအတွက် ရုံးခန်းနေရာ ငှားပေးမယ်ဆိုရင် ပါဝင်ပတ်သက်တဲ့ အိမ်နဲ့ ခြံမြေတွေကို သိမ်းဆည်းသွားမယ်လို့ ဧပြီ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ကျားဖြန့်လုပ်ငန်းတွေကို အကူအညီပေးနေတဲ့ ဘယ်သူ့ကိုမဆို အရေးယူတာနဲ့ ပြစ်ဒဏ်ပေးသွားမှာ ဖြစ်တဲ့အကြောင်း 'ဝ' ပြည်နယ် ၊ တရားရေးရာလုပ်ငန်းကော်မတီက ထုတ်ပြန်ပါတယ်။
ကျားဖြန့်လုပ်ငန်းကို ဘယ်လိုပုံစံမျိုးနဲ့မဆို ပါဝင်ကူညီတာ၊ သွယ်ဝိုက်ကူညီတာတွေ မလုပ်ဖို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားပြီး ဘယ်လိုချိုးဖောက်တာမျိုးကိုမဆို ပြင်းပြင်းထန်ထန် အပြစ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဟိုတယ် ဒါမှမဟုတ် အိမ်တစ်လုံးကို လာငှားရမ်းမယ်ဆိုရင် သူတို့ရဲ့ အထောက်အထား ၊ အချက်အလက်တွေကို တိတိကျကျမှတ်ပုံတင်ရမှာဖြစ်ပြီး ကျားဖြန့်လုပ်ငန်းမှာ ပါဝင်တယ်လို့ သံသယရှိတဲ့သူ တွေ့ရှိရင် တရားရေးဌာနကို ချက်ချင်း သတင်းပို့ရမယ်လို့ ထုတ်ပြန်တာပါ။
သံသယရှိရင် တိုင်လို့ရတဲ့ ဖုန်းနံပတ်တွေကိုလည်း တပါတည်း ထည့်သွင်းထားပါတယ်။
'ဝ' ပြည်နယ် ရဲတပ်ဖွဲ့ကနေ တရုတ်နိုင်ငံက အလိုရှိကြောင်း ဖမ်းဝရမ်း ထုတ်ခံထားရသူ ၈ ယောက်အပါအဝင် ကျားဖြန့်လုပ်ကိုင်တဲ့သူ ၄၈ ယောက်ကိုလည်း ပြီးခဲ့တဲ့ ဧပြီ ပထမပတ်မှာ တရုတ်ကို လွှဲပြောင်းလိုက်တယ်လို့ UWSA က ထုတ်ပြန်ပါတယ်။
ဒ့ါအပြင် ပြီးခဲ့တဲ့ မတ် ၁၃ ရက်ကလည်း တရုတ်နိုင်ငံက အလိုရှိနေတဲ့ ကျားဖြန့်ခေါင်းဆောင် နှစ်ယောက်နဲ့ တရုတ်နိုင်ငံသား ၁၆ ယောက်တို့ကိုလည်း လွှဲပြောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။
နိုင်ငံရေးဖိအားတွေကြောင့် လားရှိုးက ဆုတ်ခွာခဲ့ရတယ်လို့ ကိုးကန့်တပ်ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, The Kokang
နိုင်ငံရေးဖိအားတွေကြောင့် လားရှိုးမြို့ကနေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေပြောဆိုချက်ကို ကိုးကားပြီး ကိုးကန့်တပ် MNDAA က ဧပြီ ၂၆ ရက် မှာ ထုတ်ပြန်ပါတယ်။
လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA က ၂၀၂၄ ခုနှစ် ဩဂုတ် ၃ ရက်မှာ သိမ်းပိုက်ခဲ့ပြီး တစ်ပတ်အကြာမှာ လားရှိုးဆေးရုံကြီးကို ဖွင့်လှစ်ခဲ့တာပါ။
ရှစ်လတာ ကာလအတွင်း အပြင်လူနာနဲ့ အတွင်းလူနာ စုစုပေါင်း ကိုးသောင်းငါးထောင်ကျော်ကို ဆေးကုပေးနိုင်ခဲ့တယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ပါတယ်။
လားရှိုးမြို့ကနေ ပြန်ထွက်ခွာချိန်မှာ ဆေးရုံပစ္စည်းတွေကို ယူဆောင်သွားတယ်ဆိုတဲ့ ပြောဆိုချက်တွေအပေါ် MNDAA က ပြန်ရှင်းခဲ့တာဖြစ်ပါတယ်။
လူနာရှင်တွေရှိနေတဲ့အတွက် ကျောက်ကပ်ဆေးတဲ့စက်ကို အနီးဆုံးဖြစ်တဲ့ သိန္နီဆေးရုံကြီးမှာ ပြောင်းရွှေ့ထားခဲ့တာဖြစ်သလို အရေးတကြီး လိုအပ်တဲ့ စက်ပစ္စည်းနဲ့ ဆေးဝါး ၂၀ ရာခိုင်နှုန်းလောက်ကိုသာ ယူသွားတာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တဲ့ကြားကပဲ ကျန်းမာရေး ကဏ္ဍကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး မွေးကင်းစကနေ ငါးနှစ်အောက် ကလေးငယ်တိုင်းကို ကာကွယ်ဆေးထိုးတာ၊ လည်ပင်းကြီးရောဂါ ခွဲစိတ်တာ၊ မျက်စိအတွင်းတိမ် ခွဲစိတ်ကုသပေးတာ၊ ခြေတုလက်တု တပ်ဆင်ပေးတာတွေကို အခမဲ့ လုပ်ကိုင်ပေးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
တရုတ်ရဲ့ကြားဝင်မှုကြောင့် ကိုးကန့်တပ်ဟာ လားရှိုးမြို့ကနေ ဧပြီ ၂၂ ရက်မှာ ဆုတ်ခွာပေးခဲ့ရတာဖြစ်ပါတယ်။
မလေးရှားက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့တွေ့ဖို့ စီစဉ်

ဓာတ်ပုံ ရင်းမြစ်, Anwar Ibrahim
အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တွေ့ခဲ့တဲ့ မလေးရှားဝန်ကြီးချုပ်ဟာ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မေလ ထဲမှာ တွေ့ဖို့ စီစဉ်နေတယ် လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
မေလ ၉ ရက် နဲ့ ၁၀ ရက်နေ့တွေမှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာတွေ့ဖို့ လျာထားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ကြားထားတယ် လို့ မလေးရှားအစိုးရနဲ့နီးစပ်တဲ့ ဘီဘီစီသတင်းအရင်းအမြစ်ကပြောပါတယ်။
၂၀၂၅ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌလည်းဖြစ်တဲ့ မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ် အန်နဝါအီဘရာဟင်ဟာ သူ့ရဲ့ထိုင်းခရီးစဉ်မှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ လူချင်းတွေ့ဆုံခဲ့သလို NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့လည်း အွန်လိုင်းကတဆင့် တွေ့ဆုံခဲ့ပါတယ်။
အခုတော့ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပါ တွေ့ဖို့ စီစဉ်လာတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ လူမျိုးစုတိုင်းရင်းသားလက်နက်ကိုင်တွေအားလုံးလိုလိုကို ဖိတ်ကြားထားပေမဲ့ ကွာလာလမ်ပူကို အဖွဲ့တွေ အစုံရောက်ဖို့ကတော့ မသေချာဘူး လို့ တိုင်းရင်းသားအရေးကျွမ်းကျင်သူတွေက ပြောပါတယ်။
''ဥပမာ တရုတ်နဲ့နီးစပ်တဲ့ အဖွဲ့တွေဆိုရင် သွားမလားပေါ့၊ သူ့မဟာမိတ်အားလုံးကို ဖိတ်မှ သွားမယ် ဆိုတဲ့ အဖွဲ့တွေလည်းရှိနိုင်တယ်'' လို့ တိုင်းရင်းသားအရေးကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။
ဒီတွေ့ဆုံပွဲဖိတ်ကြားမှုနဲ့ပတ်သက်လို့ မလေးရှားအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဘီဘီစီက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။
ထိုင်းမှာ မြစ်ထဲပြုတ်ကျတဲ့ကားထဲကနေ တရားမဝင် မြန်မာ ၁၉ ယောက် ဖမ်းမိ

ဓာတ်ပုံ ရင်းမြစ်, Khaosod English
ထိုင်းနိုင်ငံ ကချနာဘူရီခရိုင်မှာ အဝေးပြေးလမ်း ရဲတပ်ဖွဲ့က ကားတစ်စီးကို လိုက်ဖမ်းချိန်မှာ မြစ်ထဲထိုးကျပြီး ကားပေါ်က တရားမဝင် မြန်မာ ၁၉ ယောက်ကို ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းဌာနတွေက ဧပြီ ၂၅ ရက်မှာ ရေးသားထားပါတယ်။
ထိုင်းရဲတပ်ဖွဲ့က လိုက်ဖမ်းတာကြောင့် ဘန်လတ်ရာ လမ်းဆုံကနေ မြစ်ကူးတံတားဘက် ထွက်ပြေးရင်း အရှိန်လွန်ပြီး မြစ်ထဲကို ထိုးကျသွားတာ ဖြစ်ပါတယ်။
ယာဉ်မောင်းကတော့ ခုန်ချပြီး မြစ်တစ်ဖက်ကမ်းကို ကူးခတ် ထွက်ပြေးလွတ်မြောက်သွားခဲ့ပေမဲ့ ကလေး၊ အမျိုးသမီးနဲ့ အမျိုးသားတွေ ပါဝင်တဲ့ တရားမဝင် မြန်မာနိုင်ငံသား ၁၉ ယောက်ကို ကယ်တင်ခဲ့ပြီး သူတို့တွေကို ရဲစခန်းမှာ စစ်ဆေးမေးမြန်းနေတယ်လို့ သိရပါတယ်။
အရွယ်ရောက်သူတွေ အားလုံးကို ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာမှုနဲ့ စွဲချက်တင်ထားသလို လွတ်မြောက်သွားတဲ့ ယာဉ်မောင်းကိုလည်း ဖမ်းဝရမ်းထုတ်ပြီး ဖမ်းဆီးဖို့ ပြင်ဆင်နေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
ရွှေ့ပြောင်းမြန်မာတွေဟာ ရန်ကုန်မြို့က ထွက်လာတာဖြစ်ပြီး ထိုင်းနိုင်ငံထဲကို တရားမဝင် ရောက်လာဖို့ တစ်ယောက်ကို ဘတ် ၈ သောင်းခွဲ ( ပြင်ပပေါက်စျေး မြန်မာငွေ- သိန်း တစ်ရာ့တစ်ဆယ်ကျော်) ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဖယ်ခုံ - မြင်းမထိတောင် သတ္ထုလုပ်ငန်းခွင်ရပ်နားဖို့ ဒေသခံတွေသတိပေး

ဓာတ်ပုံ ရင်းမြစ်, ပရာဒေါင်းဆွေမျိုးစု
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ထဲက တရုတ်ရင်းနှီးမြှုပ်နှံမှုပါဝင်တဲ့ မြင်းမထိတောင် သတ္ထုလုပ်ငန်းခွင်ရပ်နားထားဖို့ ဒေသခံပရာဒေါင်းဆွေမျိုးစုတွေက တောင်းဆိုလိုက်ပါတယ်။
မြင်းမထိတောင်မှာ လေးပွင့်ကြယ် ကုမ္ပဏီက ပြီးခဲ့တဲ့ မတ်မှာ လုပ်ငန်းပြန်လည်စတင်တာကို ဒေသခံတွေက ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။
သတ္ထုတူးဖော်ရေး လုပ်နေတဲ့ ကုမ္ပဏီအတွက် စက်ယန္တရားတွေ၊ ရိက္ခာတွေနဲ့ စက်သုံးဆီ သယ်ယူတာတွေကို ဒေသခံပရာဒေါင်းဆွေမျိုးစုတွေက ပြီးခဲ့တဲ့ရက်ပိုင်းက တားဆီးပိတ်ပင်ခဲ့ပါတယ်။
လေးပွင့်ကြယ် ကုမ္ပဏီ နဲ့ ဒေသခံပရာဒေါင်းဆွေမျိုးစုတို့ရဲ့ ညှိနှိုင်းမှုမပြေလည်မချင်း လုပ်ငန်းရပ်နားဖို့နဲ့ မရပ်နားရင် ဒေသစည်းမျဉ်းစည်းကမ်းအတိုင်း အရေးယူမယ်လို့ ပရာဒေါင်းဆွေမျိုးစု ဗဟိုကော်မတီက ဧပြီ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒီလုပ်ကွက်ကို ကယန်းပြည်သစ်ပါတီ ဦးဆောင်သူရဲ့ လေးပွင့်ကြယ် ကုမ္ပဏီနဲ့ တရုတ်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်နေတာလို့လည်း ပရာဒေါင်းဆွေမျိုးစုက ပြောပါတယ်။
"ခဲတွေ အဓိက ထွက်တာပါ။ သူတို့ လုပ်ငန်းစမယ်ဆိုကတည်းက ဒေသခံတွေက ကန့်ကွက်ခဲ့တယ်၊ ဆန္ဒပြခဲ့ကြတယ်။ အခုချိန်အထိလည်း သူတို့က လက်မခံဘူး။ နောက်ပိုင်းမှာတော့ ဒီထက်ပြင်းထန်တဲ့ ဆန့်ကျင်ကန့်ကွက်တာမျိုးတွေ လုပ်သွားပါမယ်"လို့ ပြောပါတယ်။
သတ္ထုတူးဖော်ရေး လုပ်ကွက်ထဲ ရိက္ခာပိတ်ပင်တာတွေကို ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်မှာ စတင်ခဲ့ပြီး ကုမ္ပဏီက လက်နက်ကိုင် လုံခြုံရေးအဖွဲ့တွေ ခေါ်ဆောင်လာပြီး ညှိနှိုင်းတာတွေ လုပ်ခဲ့ပေမဲ့ ဒီနေ့အထိ ပိတ်ပင်ထားတာ ဖြစ်ပါတယ်။
မြင်းမထိတောင် သတ္ထုလုပ်ငန်းကို သက္ကရာဇ် ၂၀၀၀ ခုနှစ် လောက်က စတင်ခဲ့တာဖြစ်ပြီး ၂၀၁၈ - ၁၉ မှာ ရပ်နားခဲ့တာပါ။ ဒီသတင်းနဲ့ပတ်သက်လို့ ကယန်းပြည်သစ်ပါတီကိုလည်း ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
ငလျင်အလှူငွေ ကျပ် ၁၁၅ ဘီလျံကျော် နဲ့ ကန်ဒေါ်လာ နှစ်သန်းကျော် လက်ခံရရှိ

ဓာတ်ပုံ ရင်းမြစ်, CINCDS
ပြည်တွင်း/ပြည်ပ က လှူဒါန်းတဲ့ ငလျင်အလှူငွေ ကျပ် ၁၁၅ ဘီလျံကျော် နဲ့ ကန်ဒေါ်လာ နှစ်သန်းကျော် လက်ခံရရှိထားတယ် လို့ စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မနေ့က ပြုလုပ်တဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးမှာပြောပါတယ်။
ဧပြီလ ၂၄ ရက်နေ့အထိ စာရင်းတွေအရ ကျပ် ၁၁၅.၈၇၆ ဘီလီယံကျော်၊ အမေရိကန်ဒေါ်လာ ၂.၄၃၇ သန်းကျော်၊ ကိုရီးယားဝမ် ၅ သန်း၊ အိန္ဒိယရူပီး ၁၅ သန်း၊ ထိုင်းဘတ် ၂ သန်းနဲ့ စင်ကာပူဒေါ်လာ ၃၁၅၀ လက်ခံရရှိထားတယ်လို့ သူကပြောပါတယ်။
ဒီငွေတွေကို အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရဲ့ ငွေစာရင်းသို့ထည့်သွင်းထားရှိပြီး ယင်းအလှူကူညီကယ်ဆယ်ရေးလုပ်ငန်းများနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အသုံးပြုနေတယ်လို့ ပြောပါတယ်။
နိုင်ငံပေါင်း ၂၆ နိုင်ငံကနေ ထောက်ပံ့ရေးပစ္စည်းတန်ချိန် ၂၆၃၅ ဒသမ ၉၂ တန်နဲ့ ကယ်ဆယ်ရေးပစ္စည်းတန်ချိန် ၁၁၉၇ ဒသမ ၁၂ တန်၊ စုစုပေါင်းတန်ချိန် ၃၈၃၃ ဒသမ ၈၄ တန် ပေးပို့လှူဒါန်းကူညီထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြောင့်နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်(၁၀)ခုမှာ ထိခိုက်ပျက်စီးခဲ့ရပြီး အိမ်ထောင်စု တစ်သိန်းကျော်၊လူဦးရေ ၆ သိန်းကျော် ငလျင်ဘေးကြုံတွေ့ခဲ့ကြရတယ်လို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ စာရင်းတွေအရ သိရပါတယ်။
ဧပြီလ ၂၄ ရက် ကနဦးစာရင်းတွေအရ လူနေအိမ် ၆၃၈၅၄ လုံး၊ စာသင်ကျောင်း ၆၇၅၂ ကျောင်း၊ ဘုန်းကြီးကျောင်းနှင့်သီလရှင်ကျောင်း ၅၄၇၄ ကျောင်း၊ စေတီပုထိုး ၅၃၄၂ ဆူ၊ အခြားဘာသာရေးအဆောက်အဦ ၆၁၃ လုံး ပျက်စီးခဲ့တယ်လို့ ကော်မတီ စာရင်းတွေအရ သိရပါတယ်။ ဒါ့အပြင် ဆေးရုံ/ဆေးခန်း ၅၇၆ လုံး၊ ရထားလမ်း ၅၆ ခု၊ လမ်း ၂၇၁ ခု၊ အမြန်လမ်းပိုင်း ၁၉၈ ခု၊ ဆည်/တမံ ၅၈၆ ခု၊ တံတား ၁၇၂ စင်း၊ ထရန်စဖော်မာ ၃၅၃ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
(မှတ်ချက်- နိုင်ငံပိုင်သတင်းစာများတွင် ကျပ် ၁၁၅၈၇၆ ဘီလီယံကျော် ဟု ဖော်ပြချက်ကို ဘီဘီစီမြန်မာပိုင်းက ကိုးကားဖော်ပြခဲ့ပါတယ်။ ကျပ် ၁၁၅၈၇၆ ဘီလီယံကျော် အစား ကျပ် ၁၁၅ ဒသမ ၈၇၆ ဘီလီယံ ဟု ပြင်ဆင်သိမှတ်ပေးပါရန် ပန်ကြားလာတဲ့အတွက် ပြန်လည်ပြင်ဆင်ဖော်ပြထားပါတယ်။)
မြစ်ကြီးနား ဝန်ထမ်းအိမ်ရာကို လက်နက်ကြီးကျလို့ နှစ်ယောက်သေဆုံး

ဓာတ်ပုံ ရင်းမြစ်, CJ
ကချင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့ ၊ သီတာရပ်ကွက်ထဲက ဝန်ထမ်းအိမ်ရာထဲကို ဧပြီ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးကျရောက် ပေါက်ကွဲတာကြောင့် နှစ်ယောက်သေဆုံးတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) ရုံးနားမှာရှိတဲ့ ဝန်ထမ်းအိမ်ရာကို လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရတာပါ။
"အဲဒီဝန်ထမ်းအိမ်ရာက အုပ်ချုပ်ရေးရုံးက ဝန်ထမ်းတွေရော၊ ပညာရေးဝန်ထမ်းတွေပါ အကုန်နေကြတဲ့ အိမ်ရာပါ၊ လူနှစ်ယောက်သေပြီး ကားတွေလည်း ပျက်စီးသွားတယ်။ မနေ့ညကနေ ဒီနေ့မနက် ၈ နာရီကျော်အထိ လက်နက်ကြီးသံတွေ ဆက်တိုက်ကြားနေရတုန်းပဲ"လို့ မြစ်ကြီးနား မြို့ခံ အမျိုးသမီးတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
မြစ်ကြီးနား အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ကနေ ၄ မိုင်လောက် အကွာမှာရှိတဲ့ ဝိုင်းမော်မြို့နယ်ဘက်ကို ပစ်ခတ်နေတာ ဖြစ်သလို ဝိုင်းမော်မြို့ အမှတ် (၅၈) ခြေလျင်တပ်ရင်း ကနေလည်း ဝိုင်းမော်မြို့နယ်ထဲက စန်းကားရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့လည်း ပြောပါတယ်။








