အောက်တိုဘာ ၁၂ ရက်နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ်- မန္တလေးမှာ ပေါက်ကွဲမှုဖြစ်ပြီး ကလေးတစ်ဦး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Wikipedia
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၃ နဲ့ ၁၂၄ လမ်းကြား ၅၄ လမ်းက သံတိုသံစ ရောင်းဝယ်သူအိမ်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး သုံးနှစ်ကလေး သေဆုံးသွားတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူက ပြောပါတယ်။
သံတိုသံစ ရောင်းဝယ်သူတွေဖြစ်တာကြောင့် ရလာတဲ့ သံထည်ပစ္စည်းထဲက ဝါယာကြိုးတွေကို ဖြတ်တောက်၊ ဆွဲနုတ်ရတာလည်းလုပ်တာကြောင့် သံထည်ပစ္စည်းတွေကို ထုရိုက်ချိန် ပေါက်ကွဲမှုဖြစ်ခဲ့တာလို့လည်း သူက ပြောပါတယ်။
"ဝယ်တဲ့အထဲ ပါလာတဲ့ သံတိုသံစတွေကို ထုမိရင်း ရူး ဆို အသံမြည်လာလို့ အဝေးကို ပစ်လိုက်တာ၊ အဲဒါက လေပေါ်တင် ကွဲသွားပြီး သုံးနှစ်ကလေး ဆုံးတယ်၊ ငါးနှစ်ကလေးက ၁၇ ချက် ချုပ်ရပြီး ကလေးမိခင်နဲ့ ထုတဲ့သူလည်း ဒဏ်ရာရတယ်"လို့ မိသားစုဝင်နဲ့ နီးစပ်သူက ပြောပါတယ်။
သေဆုံးသွားတဲ့ကလေးငယ်နဲ့ ဒဏ်ရာရသူတွေကို မန္တလေးဆေးရုံကြီးကို ပို့ထားရတယ်လို့လည်း သိရပါတယ်။
ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ သံတိုသံစ ရောင်းဝယ်သူကိုလည်း ရဲတပ်ဖွဲ့က စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။
စစ်ကော်မရှင်သတင်းတွေကို ဖော်ပြနေတဲ့ပြည်တွင်း မီဒီယာအချို့မှာတော့ ပေါက်ကွဲမှုဟာ တရုတ်ကြိုးဆွဲလက်ပစ်ဗုံးလို့ ယူဆရတဲ့ဗုံးတစ်လုံး ပေါက်ကွဲမှုဖြစ်တာလို့ သတင်းဖော်ပြပါတယ်။ စစ်ကော်မရှင်ကတော့ အခုသတင်းနဲ့ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
နတ်ရေကန် ဗျူဟာကုန်း ကာကင်းစခန်းအချို့ကို သိမ်းထားတဲ့ အေအေနဲ့ စစ်တပ်တို့ တိုက်ပွဲဆက်ဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်အစပ်က စစ်တပ်ရဲ့ နတ်ရေကန်ဗျူဟာကုန်း ကာကင်းစခန်းဖြစ်တဲ့ဖိုက်တာကုန်းကို အာရက္ခတပ်တော် (အေအေ)က သိမ်းပိုက်နိုင်ပြီးနောက် နတ်ရေကန်စခန်းမှာ စစ်တပ်နဲ့တိုက်ပွဲဆက်ဖြစ်နေတယ်လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
စစ်ကော်မရှင် တပ်ဖွဲ့ဝင်တွေက လက်နက်တချို့ယူပြီး ဆုတ်ခွာသွားတာကြောင့် ဖိုက်တာကုန်းကို အောက်တိုဘာ ၉ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
"လက်နက်တွေ တော်တော်များများ ရလိုက်တယ်။ အခု နတ်ရေကန် ဗျူဟာကုန်းကိုလည်း မနေ့က လေကြောင်းကနေ ရိက္ခာနဲ့ လက်နက်ပစ္စည်းတွေ လာချတယ်။ ရိက္ခာမချခင် ဂျက်ဖိုက်တာနဲ့ အရင်ပစ်တယ်။ ပြီးမှလေထီးမှာ ရိက္ခာထုတ်နဲ့ စစ်သုံးပစ္စည်းတွေ ချတာ" လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
အေအေဟာ အမ်းမြို့ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှာ သိမ်းပိုက်ပြီးနောက် အမ်း-ပဒါန်းလမ်းကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တာပါ။
နတ်ရေကန်ဗျူဟာကုန်းဟာ အမ်း-ပဒါန်းလမ်းမပေါ်မှာရှိပြီး အမ်းမြို့နယ်ကို ဦးတည်လာနိုင်တဲ့ စစ်ကြောင်းတွေကို ကြိုတင်ကာကွယ်တာ၊ မကွေးတိုင်းထဲက စစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)တွေကို ခြိမ်းခြောက်နိုင်တာကြောင့် အရေးပါတဲ့နေရာမှာ ရှိနေပါတယ်။
နတ်ရေကန် စစ်စခန်းရဲ့ ကာကင်းစခန်းတွေဖြစ်တဲ့ ဂုတ်ကြီး၊ စွန်တက်၊ ဗစီကာ၊ ဦးထုစွန်၊ လင်းတဲကာ၊ ကြက်ရေစမ်း စတဲ့ ကာကင်းစခန်းတွေကို အေအေက ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ပြီး အခုအခါ နတ်ရေကန်ဗျူဟာကုန်းကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ဘီးလင်းမှာ စစ်တပ်ဗုံးကြဲလို့ ကျောင်းသား ၅ ဦးသေဆုံး - KNU

ဓာတ်ပုံ ရင်းမြစ်, KNU-ဒူးသထူခရိုင်
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကြသောင်းဆိပ်ကျေးရွာအုပ်စု၊ ပျဉ်းမပင်ဆိပ်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ကျောင်းသား ၅ ဦး သေဆုံးတယ်လို့ ဘီးလင်းမြို့နယ်ပါဝင်တဲ့ ကရင်အမျိုးသားအစည်းရုံး(KNU) တပ်မဟာ ၁ (ဒူးသထူခရိုင်)က ထုတ်ပြန်ပါတယ်။
ဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူလည်း ၉ ဦးရှိပြီး နေအိမ် ၁၁ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ဂျက်ဖိုက်တာ လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး နှစ်လုံးကို အောက်တိုဘာ ၉ ရက် ည ၈ နာရီလောက်မှာ ကြဲချတာလို့ ထုတ်ပြန်ချက်ကဆိုပါတယ်။
စစ်တပ်အနေနဲ့ နိုင်ငံတကာ မျက်နှာစာမှာ တရားဝင်မှု ရရှိအောင် ရွေးကောက်ပွဲ ကျင်းပဖို့တွက် ကြိုးစားနေပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို လေကြောင်းဗုံးကြဲတာတွေ ကျူးလွန်နေတယ်လို့ KNU ဒူးသထူခရိုင် ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။
ဒီလိုလေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသတွင်း နေထိုင်ကြတဲ့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ အသက်ရှင်နေထိုင်ကြရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အင်းစိန် တည်းခိုခန်းမီးလောင်မှုမှာ မီးသတ်နှစ်ယောက် ဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန
ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ လမ်းသစ်လမ်းထဲက တည်းခိုခန်းတစ်ခု မီးလောင်ပြီး မီးငြှိမ်းသတ်တဲ့ မီးသတ်နှစ်ယောက် ဒဏ်ရာရတယ်လို့ မီးငြိမ်းသတ်တဲ့နေရာကို အကူအညီပေးခဲ့တဲ့ တွဲလက်လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
မီးလောင်တဲ့နေရာဟာ အာလိန်ငါးဆင့်ဘုရားနဲ့ မျက်နှာချင်းဆိုင် ဖြစ်ပါတယ်။
"အမိုးပေါ်တက်ပြီး မီးသတ်တာ အပူက များပြီးတော့ အုတ်ကြွပ်ပြီး ပြုတ်ကျတာ။ ဒဏ်ရာတော့ အရမ်းမပြင်းပါဘူး။ တည်းခိုခန်းက လူတွေလည်း ဘေးကင်းပါတယ်"လို့ တွဲလက်လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
တည်းခိုခန်းဟာ ၇ နာရီခွဲဝန်းကျင်မှာ မီးစလောင်ခဲ့ပြီး ၈ နာရီဝန်းကျင်မှာ မီးငြှိမ်းနိုင်တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
မီးလောင်မှု ဘယ်ကစဖြစ်တယ်ဆိုတာကိုတော့ မသိကြရသေးသလို မီးသတ်တပ်ဖွဲ့က ထုတ်ပြန်တာ မရှိသေးပါဘူး။
မြန်မာလူငယ် ၁၀ ဦးမှာ ၄ ဦးက မလုံခြုံမှု ခံစားနေရတယ်လို့ UNDP ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မြန်မာနိုင်ငံမှာ လူငယ် ၁၀ ဦးထဲက ၄ ဦး (၄၀ ရာခိုင်နှုန်းကျော်) ဟာ ညဘက် တစ်ယောက်တည်း လမ်းလျှောက်ချိန်တွေမှာ မလုံခြုံတာ ဒါမှမဟုတ် လုံးဝ မလုံခြုံတဲ့ ခံစားချက်တွေ ရှိနေတယ်လို့ ကုလသမဂ္ဂဖွဲ့ဖြိုးတိုးတက်ရေးအစီအစဥ် (UNDP) ကပြုလုပ်တဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။
လူငယ်တွေ အခုလို စိုးထိတ်စိတ်ဖြစ်တဲ့အခြေအနေဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာမသိမ်းခင် တုန်းက အခြေအနေထက် နှစ်ဆကျော် မြင့်တက်နေတယ်လို့လည်း UNDP က ရေးထားပါတယ်။
မြန်မာ့လူငယ်တွေအရေး UNDP က ပြုလုပ်တဲ့ အစီရင်စင်ခံစာအတွဲထဲက တတိယမြောက် အစီရင်ခံစာမှာ အခုလို ဖော်ပြလာတာဖြစ်ပါတယ်။
ဒီအခြေအနေဟာ ကျေးရွာ ဒါမှမဟုတ် ပဋိပက္ခဖြစ်ပွားတဲ့ ကယားနဲ့ ကချင်လို မလုံခြုံတဲ့ ဒေသတွေသာမက ရန်ကုန်လိုမြို့ပြဒေသတွေလည်း ဖြစ်နေတယ်လို့ အစီရင်ခံစာမှာဖော်ပြပါတယ်။
"အလုပ်ပြန်ချိန်တွေ နောက်ကျလို့ ၈ နာရီကျော်လာရင် စိတ်တွေပူလာပြီ။ တခါတလေ သူတို့က သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်မှာထိုင်နေရင်တောင် မြန်မြန်အိမ်ပြန်လာဖို့ကိုပဲ ခေါ်နေရတော့တာ။ အခုက နေ့ရော၊ ညရောပါ မလုံခြုံဘူးလေ"လို့ တောင်ဒဂုံမြို့နယ်က အသက် ၂၀ အရွယ် လူငယ်တစ်ယောက်ရဲ့ ဖခင်က ပြောပါတယ်။
မလုံခြုံတဲ့ ခံစားချက်တွေနဲ့ ပတ်သက်ပြီး လူငယ်ဦးရေ ၇,၀၀၀ ကျော်ရဲ့ အသံတွေကို စုစည်းထုတ်ပြန်တာဖြစ်ပြီး လူငယ် ၇ ဦးအနက် ၁ ဦးက အမြဲတမ်းလိုလို ကြောက်ရွံ့မှုခံစားနေရတယ်လို့ UNDP ထုတ်ပြန်ချက်က ဆိုပါတယ်။
လူငယ် ၃ ဦးထဲက တစ်ဦးဟာ စိတ်ဖိစီးတာ၊ စိတ်ပင်ပန်းတာတွေကို မကြာခဏ ခံစားရပြီး ဒီလိုအခြေအနေတွေကြောင့် လူငယ်တွေဟာ ကြောက်ရွံ့တာ၊ စိတ်ဓာတ်ကျတာတွေကြောင့် ဆုံးရှုံးသွားနိုင်တဲ့ အန္တရာယ်တွေ ရှိနေတယ်လို့ UNDP က သတိပေးထားပါတယ်။
ဒါ့ကြောင့် လူငယ်တွေရဲ့ စိတ်ကျန်းမာရေး၊ လုံခြုံရေးတွေအတွက် ပိုမိုအာရုံစိုက်ဖို့ကိုလည်း UNDP ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။












