မြန်မာ့သဘာဝဘေး ဆုံးရှုံးမှု နှစ်နှစ်အတွင်း ကျပ် ၄၆၀၀ ဘီလျံကျော်အထိရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ရာသီဥတုဘေးနဲ့ ငလျင်ဘေးတွေကြောင့် ငွေကျပ် ၄၆၀၀ ဘီလျံကျော်အထိ ဆုံးရှုံးခဲ့ပါတယ်။
မိုခါမုန်တိုင်းကြောင့် ၅၃၄ ဘီလျံကျော်၊ ရာဂီမုန်တိုင်းကြောင့် ၄၆၆ ဘီလျံကျော် နဲ့ ငလျင်ကြီးကြောင့် ၃၆၂၉ ဘီလျံကျော်အထိ ဆုံးရှုံးခဲ့ရတာပါ။
မနှစ်က ဘဏ္ဍာနှစ်မှာ တစ်နိုင်ငံလုံးရဲ့ အခွန်အကောက်ခံရရှိငွေတောင် ဘီလျံ ကိုးထောင်ကျော်ပဲ ရခဲ့တဲ့အတွက် သဘာဝဘေးကြောင့်ဆုံးရှုံးရတဲ့ငွေက မနည်းလှတဲ့ ပမာဏဖြစ်ပါတယ်။
စစ်အသုံးစရိတ်ကို စံချိန်တင်သုံးစွဲနေတဲ့တိုင်းပြည်မှာ သဘာဝဘေးအတွက်ကြိုတင်ပြင်ဆင်မှုအပိုင်းမှာရော ပြန်လည်ထူထောင်ရေးမှာပါ အားရစရာမရှိလှပါဘူး။

ဓာတ်ပုံ ရင်းမြစ်, cincds
အာဏာသိမ်း စစ်ကောင်စီလက်အောက်က သဘာဝဘေးနဲ့ ထောက်ပံ့ငွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မီးဘေး၊ ရေဘေး၊ ငလျင်ဘေး အပါအဝင် သဘာဝဘေးတွေထဲမှာ စစ်ကောင်စီ အာဏာသိမ်းထားတဲ့ ကာလအတွင်း သိသာ ထင်ရှားခဲ့တာတွေကတော့ ၂၀၂၃ ခုနှစ်က မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ်မှာ ရာဂီမုန်တိုင်းနဲ့ ဆက်စပ်မိုးကြီး၊ ရေကြီးခဲ့တာနဲ့ ၂၀၂၅ ခုနှစ်မှာတော့ အင်အားပြင်း ငလျင်ဘေးတွေ ဖြစ်ပါတယ်။
မိုခါမုန်တိုင်းကြောင့် ငွေကျပ် ၅၃၄ ဒသမ ၁၄၆ ဘီလျံ ဆုံးရှုံးခဲ့ရပါတယ်။
ဒါပေမဲ့ နိုင်ငံတော် ရန်ပုံငွေထဲက စစ်ကောင်စီ ပြန်ထောက်ပံ့တာက ငွေကျပ် ၇၃ ဒသမ ၇၉၇ ဘီလျံကျော်ဖိုးပဲ ရှိပါတယ်။
ပျက်စီးဆုံးရှုံးတာနဲ့ ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ငွေကို ရာခိုင်နှုန်းနဲ့ တွက်ကြည့်ရင် ၁၃ ဒသမ ၈၁ ရာခိုင်နှုန်းသာ ရှိနေပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
"မိုခါကြောင့် ထိခိုက်တာတွေကို ပြန်ထူထောင်ဖို့တောင် ရုန်းကန်နေကြရချိန်မှာ အခုဆို စစ်ဘေးပါ ထပ်ရှောင်ကြရတယ်။ မိသားစုတွေလည်း တကွဲတပြား၊ အသိုက်အဝန်းတွေလည်း ပျက်စီးကုန်တယ်၊ အခုထိလည်း ပြန်မထူထောင်နိုင်ကြသေးပါဘူး" လို့ ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ယောက်က ပြောပါတယ်။
၂၀၂၄ ခုနှစ် စက်တင်ဘာမှာ ဖြစ်ပေါ်ခဲ့တဲ့ ရာဂီမုန်တိုင်း သက်ရောက်မှုကြောင့် ဖြစ်ခဲ့တဲ့ ရေကြီးမြေပြိုမှုတွေဟာ ငွေကျပ် ၄၆၆ ဒသမ ၂၃၁ ဘီလျံကျော် ပျက်စီး ဆုံးရှုံးခဲ့ရပေမဲ့ ပြန်လည်တည်ဆောက်ရေးတွေအတွက်တော့ စစ်ကောင်စီက ငွေကျပ် ၅၄ ဒသမ ၈၀၇ ဘီလျံကိုသာ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။
ဒီမှာဆိုရင်လည်း ပျက်စီးဆုံးရှုံးမှုပမာဏထဲက ၁၁ ဒသမ ၇ ရာခိုင်နှုန်းကိုသာ စစ်ကောင်စီက ထောက်ပံ့နိုင်တာ တွေ့ရပါတယ်။
၂၀၂၅ ခုနှစ် မတ်မှာ ဖြစ်ပွားခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် ထိခိုက်ပျက်စီးတာကတော့ ငွေကျပ် ၃,၆၂၉ ဒသမ ၂၈၈ ဘီလျံဖြစ်ပြီး ပြန်လည်ထူထောင်ရေးကတော့ ဆောင်ရွက်နေတုန်းလို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။
ဒီအချက်အလက်တွေဟာ ၂၀၂၅ ခုနှစ် မေ ၁၉ ရက်တုန်းက နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။
"မြန်မာ့လူမှု စီးပွားရေးတွေက ကျဆင်းနေတယ်။ နဂိုအခြေအနေအတိုင်း ပြန်ရောက်ဖို့က ကိုယ့်ဘာသာ ရုန်းကန်ကြရတာပေါ့လေ၊ မရုန်းကန်နိုင်တော့တဲ့သူတွေလည်း အရင်ကထက် ပိုယိုယွင်းသွားပြီး မျိုးဆက်နဲ့ချီ ထိခိုက်ကြရတာပါပဲ"လို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တစ်ယောက်က မှတ်ချက်ပေးပါတယ်။
စစ်သုံးစရိတ် နဲ့ သဘာဝဘေး ရန်ပုံငွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ကောင်စီဟာ ၂၀၂၃-၂၀၂၄ ခုနှစ်မှာ ကာကွယ်ရေးအသုံးစရိတ်ကို ကျပ် ဘီလျံ ၅၆၀၀ အထိ သုံးစွဲခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ကာကွယ်ရေးအသုံးစရိတ်ထက် ကျပ်ဘီလျံ နှစ်ထောင်နီးပါး တိုးမြှင့်ထားတာပါ။
ဒီနှစ် ၂၀၂၅-၂၀၂၆ မှာတော့ စစ်အသုံးစရိတ်ကို မထုတ်ပြန်ခဲ့ပါဘူး။
ဒါပေမဲ့ စစ်ကောင်စီရဲ့ အသုံးစရိတ်တွေကို စောင့်ကြည့်ပြီး ထုတ်ပြန်ပေးနေတဲ့ Blood Money Campaign ကတော့ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကစလို့ စစ်အသုံးစရိတ်ဟာ အမေရိကန် ဒေါ်လာ သန်းရာချီတိုးပြီး သုံးနေတယ်လို့ ပြောထားပါတယ်။
သဘာဝဘေးမှာ ပြန်လည်ထောက်ပံ့နေတဲ့ ပမာဏတွေက ကျပ်ငွေ ဘီလျံဆယ်ဂဏန်းတွေသာ ရှိနေတာပါ။
အရပ်သား အစိုးရဖြစ်တဲ့ အမျိုးသားဒီမိုကရေဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်မှာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေကို ၂၀၁၆-၁၇ ကစပြီး ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေကနေ ကျပ် ၂၀ ဘီလျံကို နှစ်စဉ်ခွဲဝေခဲ့ပါတယ်။
ဒါ့အပြင် ၂၀၂၀ ပြည့်နှစ်မှာ ငွေကျပ် ဘီလျံ တစ်ထောင်ကျော်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေထဲ ထပ်လွှဲပြောင်းခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ဒီရန်ပုံငွေတွေကို နှစ်တိုင်း ထည့်သွင်းပေးနေခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာတော့ အဲဒီ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေထဲကနေ ကျပ်ဘီလျံ ၄၀၀ ကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဆိုပြီး ခွဲဝေခဲ့သလို ၂၀၂၃ ခုနှစ်မှာလည်း လက်ကျန် ငွေကျပ် ၅၂ ဘီလျံကို လည်း ထပ်လွှဲပြောင်းခဲ့တယ်လို့ နေ့စဉ်ထုတ် သတင်းစာတွေကနေ ထုတ်ပြန်ခဲ့ပါတယ်။
ဒီရန်ပုံငွေတွေကို အရပ်သားအစိုးရလက်ထက်မှာ ပြင်ဆင်ခဲ့ပေမဲ့ စစ်အစိုးရက စီမံခန့်ခွဲမှုမှာ ပြည်သူတွေအတွက် သုံးစွဲတာ မတွေ့ရဘူးလို့ အမျိုးသား ညီညွတ်ရေးအစိုးရ ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ၂၀၂၄ ခုနှစ် စက်တင်ဘာမှာ ပြောခဲ့ပါတယ်။
သဘာဝဘေးအတွက် အရေးပေါ်ခေါင်းလောင်းသံ

ဓာတ်ပုံ ရင်းမြစ်, Getty Images
သဘာဝဘေးအတွက်အရေးပေါ်အခြေအနေရောက်နေပြီလို့ ပညာရှင်တွေက အာဏာမသိမ်းခင်ကတည်းက သတိပေးခဲ့ကြတာပါ။ ၂၀၁၉ ခုနှစ်မှာ သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးက ''ရန်ကုန်ဟာ ကျွန်းတစ်ခုအဖြစ်သာ ကျန်ခဲ့ပါလိမ့်မယ်'' လို့ တင်စားပြီး သတိပေးပြောဆိုမှုတွေလုပ်ခဲ့ပါတယ်။
သုတေသနနဲ့ မူဝါဒရေးရာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP Myanmar ကလုပ်ခဲ့တဲ့ ယောမင်းကြီးဇရပ်စကားဝိုင်းမှာ ပြောခဲ့တာပါ။
ကြီးမားတဲ့သဘာဝဘေးသက်ရောက်မှုတွေဟာ လာမယ့်နှစ်တွေအတွင်းဖြစ်လာလိမ့်မယ်လို့ ဒေါက်တာသန့်မြင့်ဦးက ပြောခဲ့ပါတယ်။
သဘာဝဘေးအန္တရာယ်တွေကို ရင်ဆိုင်ရတဲ့အခါ မဖြစ်ခင်မှာ ခံနိုင်ရည်ရှိအောင် ကြိုတင်ပြင်ဆင်တာ၊ ဖြစ်လာရင် ကယ်တင် ကူညီကြရတာနဲ့ ပြည်သူတွေကို ထိခိုက်မှုများစေမဲ့ စီမံကိန်းတွေကို မလုပ်ကြဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။
မြန်မာနိုင်ငံမှာတော့ ဒီအချက် သုံးချက်လုံးအတွက် စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေဟာ အားနည်းချက်ပေါင်းများစွာ ရှိနေတာကို မျက်မြင်ကိုယ်တွေ့ကြုံနေရပြီလို့လည်း သူတို့က ဆိုပါတယ်။
အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်ပြီး မုန်တိုင်းဒဏ် မကြာခဏ ခံရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ သဘာဝဘေးအန္တရာယ်ကြောင့် လူသေဆုံးမှု လျော့နည်းအောင် လုပ်နိုင်လာပေမဲ့ မြန်မာနိုင်ငံမှာတော့ "ကိုယ့်အသက်ဘေး လွတ်အောင်ပြေး" အခြေအနေသာ ရှိနေပါသေးတယ်။
ပြီးခဲ့တဲ့ ဆိုင်ကလုန်းမိုခါ ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းပြီးနောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရွေ့လျားဆေးအဖွဲ့တွေ၊ ပင်လယ်ပြင် ကင်းလှည့်လေယာဉ်နဲ့ ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေကို အသင့်ပြင်ဆင်ခဲ့ကြပြီး နားခိုစခန်းပေါင်း ၁၅၀၀ ကျော်ကို စီစဉ်ခဲ့ကြတာပါ။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာတော့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေက ကြိုတင်အသိပေးတာတွေ၊ ရွှေ့ပြောင်းပေးတာတွေ ရှိခဲ့ပေမဲ့ ပြည်သူတွေအများစုကတော့ ဘေးလွတ်ရာ မြို့နယ်တွေ၊ မုန်တိုင်းလွတ်နိုင်တဲ့ နေရာတွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ရှောင်တိမ်းခဲ့ကြရတာက ပိုများခဲ့ပါတယ်။
မုန်တိုင်းပြီးချိန်မှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သေဆုံးသူ ၁၀ ဂဏန်းမပြည့်ခဲ့ပါဘူး။ မြန်မာနိုင်ငံမှာတော့ သေဆုံးသူ ၄၅၀ ကျော်ရှိတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရက ထုတ်ပြန်ပေမဲ့ စစ်ကောင်စီကတော့ သေဆုံးသူ ၅၄ ယောက်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာ ဒုတိယစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကတော့ မိုခါမုန်တိုင်းအန္တရာယ်ကို အချိန်တိုအတွင်း ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးနဲ့ အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
အထိအခိုက် များခဲ့တဲ့ လက်ရှိ ငလျင်ဘေးမှာဆိုရင်လည်း ရက်ပေါင်း ၆၀ ကျော်တဲ့အထိ ပြန်လည်ထူထောင်ရေးတွေကို သေသေချာချာ ကိုင်တွယ်ဆောင်ရွက်နိုင်တာ မရှိသေးဘူးလို့လည်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေက ပြောပါတယ်။
"လမ်းတွေပျက်သွားတာလည်း မပြင်နိုင်သေးဘူး။ ငလျင်ဒဏ်ထိလို့ ဖြိုချရမယ့် အဆောက်အဦတွေတောင် မဖြိုနိုင်သေးဘူး။ လူတွေလည်း ပြိုကျလုနီးနီး အိမ်တွေမှာ ပြန်နေကြရတယ်။ မိုးရွာလို့ ထပ်ပြိုကျမလား၊ ငလျင်တွေ ထပ်လှုပ်ဦးမလားနဲ့ တကယ့် ရင်တထိတ်ထိတ်နေရတဲ့ဘဝတွေ"လို့ မန္တလေးမြို့မှာ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတစ်ယောက်က ပြောပါတယ်။
ကိုယ်ထူကိုယ်ထ ပြည်သူအချင်းချင်း ပိုအားကိုးနေရတဲ့ ငလျင်ဘေး ပြန်လည်ထူထောင်ရေးမှာလည်း ဘယ်လောက်အထိ ကြာနိုင်မလဲဆိုတာကို မခန့်မှန်းနိုင်ကြသေးပါဘူး။
လက်ရှိ အချိန်မှာလည်း မိုးဦးကာလ မုန်တိုင်း ဖြစ်နိုင်ခြေတွေ ပိုတိုးလာနေတာကြောင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့တဲ့ နေရာတွေ၊ စစ်ဘေးသင့် ဒေသတွေက ပြည်သူတွေအတွက် ထိခိုက်မှုများမှာကို စိုးရိမ်ရတယ်လို့ မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ပြောပါတယ်။
"ဥတုကပ်ဘေးတွေ ဆင့်ကဲဖြစ်နေချိန်မှာ စစ်ဘေးကိုလည်း တနိုင်ငံလုံး ရင်ဆိုင်နေကြရပြီး စစ်ရေးစစ်ရာ လုံခြုံရေးအမြင်က ရှေ့တန်းရောက်နေတော့ လူ့အဖွဲ့အစည်းအတွင်း နိစ္စဓူ၀ရင်ဆိုင်နေရတဲ့ လူမှုဒုက္ခတွေက ဘေးကိုရောက်သွားရတယ်'' လို့ ဥတုကပ်ဘေးနဲ့ သတိပြုဖွယ်သုံးချက်ဆိုတဲ့စာစုမှာ ISP Myanmar က ရေးပါတယ်။












