မိုခါ ဆိုင်ကလုန်း မုန်တိုင်း- နေပြည်တော်ဘက်က ကြန့်ကြာနေတဲ့ မီးစိမ်းပြမှု

လူပေါင်း ၈ သိန်း အတွက် အရေးပေါ် ရိက္ခာ ထောက်ပံ့ဖို့ လိုအပ်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လူပေါင်း ၈ သိန်း အတွက် အရေးပေါ် ရိက္ခာ ထောက်ပံ့ဖို့ လိုအပ်နေ

မြန်မာပြည်ထဲ ဆိုင်ကလုန်း မိုခါ ဝင်ခဲ့တာ သီတင်းတစ်ပတ် ရှိလာပြီ ဖြစ်ပါတယ်။ မြန်မာပြည်ထဲ ဝင်ဖူးသမျှ ဆိုင်ကလုန်း မုန်တိုင်းတွေထဲ အပြင်းထန်ဆုံး တစ်ခုဖြစ်ပြီး၊ ဘယ်လောက်အတိုင်းအတာ ပမာဏထိ မုန်တိုင်းကြောင့် ပျက်စီးသွားလဲ ဆိုတာ အခုအချိန်မှာ ပိုပြီး သိလာရပြီလို့ ကုလသမဂ္ဂရဲ့ စာနာမှု ဆိုင်ရာ အကူအညီပေးရေး အဖွဲ့ ယူအဲန်အိုချာက ဆိုပါတယ်။

ရခိုင်ပြည်နယ်ထဲက စစ်တွေနဲ့ ရသေ့တောင် မြို့နယ်တွေဟာ မုန်တိုင်းနဲ့ အပြင်းထန်ဆုံး ကြုံတွေ့ခဲ့ရတာ ဖြစ်တယ်လို့ အိုချာအဖွဲ့က ထုတ်ပြန်ပါတယ်။ အဲဒီမြို့နယ်တွေထဲက လူမှု အသိုင်းအဝိုင်း အသီးသီးရဲ့ နေရာထိုင်ခင်းတွေဟာ သိသာကြီးမားတဲ့ ပမာဏမျိုး အထိ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကျေးလက်ကျန်းမာရေးဆေးခန်း၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေ အားလုံးလည်း ပျက်စီးခဲ့ရတယ်လို့လည်း ဆိုထားပါတယ်။

ကုလသမဂ္ဂရဲ့ နောက်အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ WFP ရဲ့ နောက်ဆုံးတွက်ဆထားချက်အရ ရခိုင်ပြည်နယ်ထဲက အနည်းဆုံး လူပေါင်း ၈ သိန်း အတွက် အရေးပေါ် ရိက္ခာ ထောက်ပံ့ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။ အဲဒီထဲက ၃ သိန်း ၆ သောင်းဟာ အစကတည်းက WFP ရဲ့ ထောက်ပံ့မှု ရယူနေကြရသူတွေ ဖြစ်ပြီး၊ မိုခါလွန်ကာလမှာ မုန်တိုင်းသင့်ပြည်သူ နောက်ထပ် ၄ သိန်း ၄ သောင်း တိုးလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာပြည်ထဲ ရခိုင် အပါအဝင် မိုခါ ဖြတ်သန်းသွားရာ လမ်းကြောင်းတလျှောက်မှာ နေထိုင်တဲ့ လူပေါင်း ၅.၄ သန်း နီးပါး ရှိနိုင်တယ်လို့ တွက်ဆထားပါတယ်။

အဲဒီထဲကမှ ကနဦး တွက်ဆချက်တွေအရ လူပေါင်း ၃.၂ သန်း ဝန်းကျင်ဟာ ထိခိုက်လွယ်တဲ့ အုပ်စု အန္တရာယ်အကျရောက်နိုင်ဆုံး အုပ်စု အဖြစ် သတ်မှတ်သင့်ပြီး၊ အိုချာအဖွဲ့ရဲ့ စာနာမှု ဆိုင်ရာ အကူအညီတွေ၊ အကာအကွယ်ပြု စောင့်ရှောက်မှုတွေ ရဖို့ အရေးတကြီး လိုအပ်ကြသူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရခိုင်ထဲ ပြည်သူပိုင် အခြေခံ အဆောက်အအုံတွေ ပျက်စီးခဲ့ရသလို ရေဖြန့်ဝေရေး စနစ်လည်း ထိခိုက်သွား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရခိုင်ထဲ ပြည်သူပိုင် အခြေခံ အဆောက်အအုံတွေ ပျက်စီးခဲ့ရသလို ရေဖြန့်ဝေရေး စနစ်လည်း ထိခိုက်သွား

မိုခါမုန်တိုင်းကြောင့် ရခိုင်မှာဆိုရင် ပြည်သူပိုင် အခြေခံ အဆောက်အအုံတွေ ပျက်စီးခဲ့ရသလို ရေဖြန့်ဝေရေး စနစ်လည်း ထိခိုက်သွားတာကြောင့် သောက်ရေ အဖြစ် အသုံးပြုနိုင်တဲ့ ရေကြည်ရေသန့် ရရှိနိုင်မှုဟာ အင်မတန် အကန့်အသတ်နဲ့ ဖြစ်နေတယ်လို့လည်း WFP က ထောက်ပြပါတယ်။

ရသေ့တောင်နဲ့ မောင်တောမြို့နယ်ထဲက အငူမော်-မောင်တော လမ်းတလျှောက် ကမ်းရိုးတန်းရွာတွေ အဆိုးရွားဆုံး ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။ ကျွဲ၊ နွား တိရိစ္ဆာန်တွေလည်း သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ မောင်တောတောင်ပိုင်းမှာလည်း အနည်းဆုံး ကျေးရွာ ၅ ရွာမှာ ထိခိုက်ပျက်စီးမှုတွေ အလားတူ ကြုံခဲ့ပြီး၊ စာသင်ကျောင်းတွေလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ကလေးသူငယ်တချို့ကြားမှာ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်ပွားလာတယ်ဆိုတဲ့ သတင်းတွေလည်း စတင်ကြားသိနေရပြီ၊ သတင်းပို့မှုတွေ ရှိနေပြီလို့ WFP က ဆိုပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အိုချာအဖွဲ့ထောက်ပြတဲ့ အချက်တွေထဲ ဆိုင်ကလုန်းမုန်တိုင်းကြောင့် မိတကွဲဖတကွဲနဲ့ အုပ်ထိန်းသူမဲ့ တစ်ယောင်တည်း ဖြစ်ကျန်ရစ်ခဲ့တဲ့ ကလေးသူငယ် အရေအတွက်လည်း တိုးတက် များပြားလာနေပြီး၊ သူတို့ကို ကာကွယ် စောင့်ရှောက် ပေးဖို့နဲ့ သင့်လျော်တဲ့ ထောက်ပံ့မှုတွေ ပြုလုပ်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ WFP အဖွဲ့ရဲ့ အာရှနဲ့ ပစိဖိတ်ဒေသပိုင်း ဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး အဲန်သီယာဝက်ဘ်က ဂျနီဗာမြို့ သတင်းစာ ရှင်းလင်းပွဲမှာ Zoom ကန တဆင့် ပြောခဲ့တာတွေထဲ ရခိုင်နဲ့ မကွေးထဲက နေရာတချို့မှာ WFP အနေနဲ့ ရိက္ခာဝေတာတွေ စပြီး လုပ်ထားတယ်လို့ ဆိုပါတယ်။

WFP ရဲ့ မေလ ၂၂ ရက် တနင်္လာနေ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်တလွှား အရေးပေါ် အစာရေစာနဲ့ ငွေကြေး ဖြန့်ဝေမှုတွေ လုပ်ဆောင်ထားတာမှာ လူပေါင်း ၃ သောင်း ၆ ထောင် အထိ ရောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီထဲက ၅ ထောင်ဟာ မိုခါ မတိုင်ခင် အစကတည်းက WFP ရဲ့ အထောက်ပံ့ခံ စာရင်းထဲက သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

တခါ၊ WFP ရဲ့ နောက်ဆုံးထုတ်ပြန်ချက်ထဲ အခုအခါမှာ မြေပြင်အဆင့် သယ်ယူပို့ဆောင် ဖြန့်ချိရေးတွေ ပူးပေါင်း ဆောင်ရွက်မယ့် ယန္တရားတစ်ရပ်ကို စစ်တွေအခြေစိုက် ဖော်ဆောင် ထားရှိလိုက်ပြီလို့ ဆိုပါတယ်။ အဲဒီ ယန္တရားကို WFP က ဦးဆောင်ပြီး၊ ကုလသမဂ္ဂရဲ့ ဒုက္ခသည်ဆိုင်ရာအဖွဲ့ UNHCR ကလည်း တွဲဖက်အနေနဲ့ ဦးဆောင်မယ်လို့ ဆိုပါတယ်။

ကုလအဖွဲ့တွေ အပြည့်အဝ သွားလာလှုပ်ရှား ကူညီခွင့် ရှိနေပြီလား

WFP ဦးဆောင်မယ့် မြေပြင်အဆင့် သယ်ယူပို့ဆောင် ဖြန့်ချီရေး ယန္တရားတစ်ရပ်ကို စစ်တွေအခြေစိုက် ဖော်ဆောင် ထားရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, WFP ဦးဆောင်မယ့် မြေပြင်အဆင့် သယ်ယူပို့ဆောင် ဖြန့်ချိရေး ယန္တရားတစ်ရပ်ကို စစ်တွေအခြေစိုက် ဖော်ဆောင် ထားရှိ

အိုချာအဖွဲ့ရဲ့ နောက်ဆုံးထုတ်ပြန်ထားချက်အရတော့ လူသားချင်း စာနာ နားလည်မှုဆိုင်ရာ အကူအညီတွေပေးနိုင်ရေး အတွက် နေပြည်တော် ဆွေးနွေးမှုတွေ အပေါ်မူတည်လို့ အသေးစိတ် အစီအစဥ်ကို မကြာခင် အသိပေးမယ်လို့ ဆိုပါတယ်။

ခွင့်ပြုချက်ရဖို့ သူတို့ ကြိုးစားနေတာဟာ ရခိုင်နဲ့ချင်းထဲက နယ်မြေတွေထဲ မုန်တိုင်းဒဏ် ခံခဲ့ကြရတဲ့ လူမှု အသိုင်းအဝိုင်း အားလုံးအတွက် သီတင်းနှစ်ပတ်တာ ဖြန့်ဖြူးရေး အစီအစဥ် အသေးစိတ် ဖြစ်တယ်လို့ နားလည်ရပါတယ်။

သွားလာလှုပ်ရှားခွင့် ရဖို့ လိုအပ်တဲ့ ခွင့်ပြုချက်တွေကို စောင့်ဆိုင်းနေရဆဲ အခုလက်ရှိ အချိန်မှာ ထောက်ပံ့ရေး ပစ္စည်းတွေကို စုစောင်းသိုလှောင်တာ၊ တစ်နေရာကနေ တစ်နေရာ သယ်ယူဖို့ ကြိုးစားတာတွေ လုပ်နေပြီလို့လည်း ဆိုပါတယ်။

စစ်ကောင်စီဘက်ကို ကြည့်ရင်တော့ နိုင်ငံတကာ အကူအညီတွေ ဝင်ရောက်ခွင့် ပေးရေးနဲ့ ပတ်သက်ပြီး၊ နာဂစ် အချိန်တုန်းကလောက် သဘောထား တင်းမာဖွယ် မရှိဘူးဆိုတဲ့ ကနဦး တွက်ဆမှုတွေ ရှိခဲ့ပေမယ့်၊ အခု ကုလအေဂျင်စီတွေရဲ့ အပြောအရ ညှိနှိုင်းနေရဆဲ၊ နေပြည်တော်ကနေ မီးစိမ်းပြမှာကို စောင့်နေရဆဲ ဆိုပြီး နားလည်ရပါတယ်။

တစ်ဖက်မှာတော့ မုန်တိုင်းဝင်ပြီးပြီးချင်း ရက်ပိုင်းမှာပဲ စစ်တွေမြို့ကို သူတို့ရဲ့ အကြီးဆုံး ရေတပ် သင်္ဘော ဖြစ်ပြီး ကမ်းတက် ပလက်ဖောင်းတွေ၊ ရဟတ်ယာဥ် ဆင်းလို့ ရတဲ့ နေရာတွေ ပါတဲ့ ဘက်စုံသုံး မုတ္တမ သင်္ဘော အပါအဝင် စစ်ရေယာဥ်တွေကို လွှတ်ပါတယ်။ နောက် လေယာဥ်ပျံတွေလည်း လွှတ်ပြီး အထောက်အပံ့ပစ္စည်း ပို့တာတွေ လုပ်ပါတယ်။

အခုရက်တွေမှာဆိုရင်လည်း နေပြည်တော်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတဲ့ ထိုင်း၊ အိန္ဒိယလို တစ်နိုင်ငံချင်းစီအလိုက်က ကူတဲ့ ထောက်ပံ့ရေး ပစ္စည်းတွေလည်း ရရှိနေပါတယ်။ ဒါပေမဲ့ အထက်မှာ ပြောခဲ့သလို ကုလသမဂ္ဂ အေဂျင်စီအဖွဲ့တွေနဲ့ နိုင်ငံတကာ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ အနေနဲ့ကတော့ သွားလာလှုပ်ရှားခွင့် အပြည့်အဝ မရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။

ဒေးဗစ်မက်သီဆန် သုံးသပ်ချက်

ကုလသမဂ္ဂ အဖွဲ့တွေ သွားလာလှုပ်ရှားခွင့် အပြည့်အဝ မရတဲ့ အခြေအနေမျိုးမှာ ရှိနေဆဲဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကုလသမဂ္ဂ အဖွဲ့တွေ သွားလာလှုပ်ရှားခွင့် အပြည့်အဝ မရတဲ့ အခြေအနေမျိုးမှာ ရှိနေဆဲဖြစ်

ဒီတော့ စစ်ကောင်စီက နိုင်ငံတကာ အသိုင်းအဝိုင်းကို ဘာပြောချင်တာလဲ၊ အခြေအနေကို သူတို့ ထိန်းချုပ် လုပ်ကိုင်နိုင်ကြောင်း ပေါ်လွင် စေချင်တာမျိုးလား ... လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေး နိုင်ငံတကာအဖွဲ့ ဖြစ်တဲ့ HRW နဲ့ အာရှဖောင်ဒေးရှင်းတို့မှာ အဆင့်မြင့် တာဝန်တွေ ယူခဲ့ပြီး၊ မြန်မာ့အရးကို နှစ်ကာလများစွာ အနီးကပ် စောင့်ကြည့်လေ့လာနေတဲ့ ဒေးဗစ်မက်သီဆန်ရဲ့ ဆန်းစစ်သုံးသပ်ချက်တွေကို သိရဖို့ ဘီဘီစီသတင်းထောက် ကိုဝေဖြိုး ဆက်သွယ် မေးမြန်းထားပါတယ်။

ဘီဘီစီ။ ဒေးဗစ်ရေ .... မိုခါမုန်တိုင်းဒဏ် ခံခဲ့ရတဲ့ အခြေအနေတွေ အပေါ် စစ်ကောင်စီရဲ့ လက်ရှိ ကိုင်တွယ်ပုံကို ဘယ်လို သုံးသပ်မိပါလဲ ခင်ဗျ။

ဒေးဗစ်မက်သီဆန် ။ ။ ဒါဟာ အတော်လေး အရေးကြီးတဲ့ မေးခွန်းပါ။ စစ်ကောင်စီ လုပ်နေတဲ့ အတိတကျက ဘာလဲ ဆိုတာ နားလည်ဖို့ လိုပါတယ် ... ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ကတည်းက ရခိုင်ကို ဆိုင်ကလုန်း မိုခါ စဝင်ခဲ့တယ် ... ဒါပေမဲ့ နယ်ပယ် အသီးသီးက မြေပြင် အဖွဲ့တွေ အနေနဲ့ ကူညီ ထောက်ပံ့ရေးတွေ လုပ်ဆောင်ခွင့် အခုချိန်ထိအောင် အပြည့်အဝ မရသေးပါဘူး။

အခြေအနေတွေကို သူတို့ဘာသာ နိုင်နိုင်နင်းနင်း ကိုင်တွယ် နိုင်စွမ်း ရှိတယ် ဆိုတဲ့ သတင်းစကားမျိုးကို စစ်ကောင်စီဘက်က ပြသနေဟန်တူပါတယ်။ ဒီ အချက်တွေကို သူတို့ ထိန်းချုပ်ထားတဲ့ သတင်းမီဒီယာတွေထက် အခု ပြီးခဲ့တဲ့ ရက်တွေမှာ တောက်လျှောက် တွေ့နေခဲ့ရပါတယ်။

သူတို့ဘက်က ထောက်ပံ့ရေး ပစ္စည်းတွေ အများအပြားကို ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်း အမျိုးမျိုးကနေ ပို့ပါတယ်။ တပ်ဖွဲ့ဝင် အများအပြားကို ကူညီ ကယ်ဆယ်ရေး အတွက် နေရာချပါတယ်။ လောလောလတ်လတ် ထွက်လာတဲ့ ကြေညာချက်အရ ဆိုရင် မုန်တိုင်းဒဏ် အဆိုးရွားဆုံး ထိခိုက်ခံစားခဲ့ရတဲ့ ရခိုင်နဲ့ ချင်း အနည်းဆုံး ၁၈ မြို့နယ်မှာ ပြန်လည် ထူထောင်ရေး လုပ်ဆောင်ဖို့ စစ်အရာရှိတွေကို သီးသန့် တာဝန်ပေး ခန့်အပ်ပါတယ်။

သူတို့ဘက်က သဘာဝဘေးနဲ့ ပတ်သက်ပြီး အခုလိုမျိုးတွေ လုပ်ဆောင်နေပေမယ့်၊ သူတို့ အပေါ် ဘယ်လောက် ယုံကြည်ကိုးစားနိုင်လဲ ... ကိုးစားသင့်လဲ ဆိုတာကတော့ ကျွန်တော့်ရဲ့ ကိုယ်ပိုင် အတွေ့အကြုံနဲ့ သဘောထားအရတော့ သုညပဲလို့ ပြောလိုပါတယ်။ သူတို့ဟာ ယုံကြည်ကိုးစားသင့်သူတွေ ဟုတ်မဟုတ် ဆိုတာ ပြီးခဲ့တဲ့ ၂ နှစ်လုံး တိုင်းပြည်အနှံ့ ကျုးလွန် နေခဲ့တဲ့ သတ်ဖြတ်မှုတွေ အပါအဝင် သူတို့ရဲ့ အပြုအမူတွေကို ကြည့်ရင် သိနိုင်ပါတယ်။

ဒီတော့ သဘာဝဘေး ဆိုင်ရာ သူတို့ရဲ့ စီမံ ခန့်ခွဲ နိုင်စွမ်း လုံလောက် အောင် ရှိလား ဆိုတဲ့ မေးခွန်းတင်မက၊ ဒီလို လုပ်ပြ နေခြင်းရဲ့ ရည်ရွယ်ချက် အပေါ်မှာပါ မေးခွန်း ထုတ်သင့်ပါတယ်။

အခုလို သဘာဝဘေးကြောင့် လူတွေ အသက်ဘေးနဲ့ ကြုံနေရချိန်၊ လူ့ဘဝတွေ ကစဥ့်ကလျား ဖြစ်နေချိန်မှာ အပြည့်အဝ အကူအညီ ပေးနိုင်ခွင့် ရှိတဲ့ ဝန်းကျင်မျိုးကို အားလုံးက အလိုရှိတယ်၊ ကြိုးစား နေကြတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါ့ကြောင့်လည်း မြေပြင်ကို ဝင်ရောက်ကူညီခွင့် အပြည့်အဝ ရဖို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အပါအဝင် အစိုးရ မဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့တွေ ကြိုးစား နေတာ ဖြစ်ပါတယ်။

တခါ၊ ရခိုင်တပ်မတော် အာရ်ကန်အာမီရဲ့ အခန်းကဏ္ဍကို မေ့မထားဖို့လည်း လိုပါတယ်။ သူတို့ရဲ့ ထိန်းချုပ် နယ်မြေတွေထဲ မုန်တိုင်းကြို ကာလ ကတည်းက လူတွေ အသက်ကို ကယ်နိုင်ဖို့ လုပ်ဆောင်နေခဲ့တယ် ဆိုတဲ့ သတင်းစကားကို အများသိအောင် ပြသခဲ့ကြပါတယ်။ ဒီတော့ ကုလသမဂ္ဂအနေနဲ့ စစ်ကောင်စီနဲ့ကြား မှာတင်မက၊ ခွဲခြားမှုမရှိပဲ အေအေတပ်ဖွဲ့နဲ့လည်း အတူ ပူးပေါင်း ဆောင်ရွက်ဖို့ လိုပါတယ်။

ပြန်ချုပ်ရရင်တော့ ... စစ်ကောင်စီဟာ သဘာဝ ဘေးအန္တရာယ် ကျရောက်မှုကို အခွင့်ကောင်း အနေနဲ့ ရယူပြီး၊ ပြည်သူတွေ သူတို့ အပေါ် ယုံကြည်လာအောင်၊ မှီခို အားထားလာအောင်၊ လူတွေ အပေါ် ဩဇာသက်နိုင်အောင် စတဲ့ political capital လို့ ခေါ်တဲ့ နိုင်ငံရေး အရင်းအနှီးတွေ ရလာဖို့ရာ ဦးတည် လုပ်နေတာလို့ ကျွန်တော် မြင်ပါတယ်။

ခွင့်ပြုချက် စောင့်ဆိုင်းနေရချိန် ထောက်ပံ့ရေး ပစ္စည်းတွေကို စုစောင်းသိုလှောင်တာ၊ တစ်နေရာကနေ တစ်နေရာ သယ်ယူဖို့ ကြိုးစားတာတွေ စလုပ်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ခွင့်ပြုချက် စောင့်ဆိုင်းနေရချိန် ထောက်ပံ့ရေး ပစ္စည်းတွေကို စုဆောင်းသိုလှောင်တာ၊ တစ်နေရာကနေ တစ်နေရာ သယ်ယူဖို့ ကြိုးစားတာတွေ စလုပ်နေ

ဘီဘီစီ။ ။ ဒေးဗစ်ပြောသလို နိုင်ငံရေး အကျိုးအမြတ် အသာစီးရဖို့ သူတို့ ကြိုးစားတယ် ဆိုရင်၊ အခုအချိန်ဟာ နိုင်ငံတကာနဲ့ ဆက်ဆံရေး လမ်းတွေ ပွင့်သွားဖို့ အခွင့်ကောင်းပဲ မဟုတ်လား။ ဘာဖြစ်လို့ ကုလအေဂျင်စီတွေ အပါအဝင် စာနာမှု ဆိုင်ရာ အကူအညီ ပေးရေး အဖွဲ့တွေဟာ အခုထိ ညှိနှိုင်းနေရတယ် ဆိုတဲ့ အခြေအနေမှာပဲ ရှိနေရတာလဲခင်ဗျ။

ဒေးဗစ်မက်သီဆန် ။ ။ စစ်ခေါင်းဆောင်ပိုင်းရဲ့ စဥ်းစားပုံစဥ်းစားနည်းက ဒါပဲ ဆိုပြီး ကျွန်တော်တို့ အတိအကျ ပြောနိုင်ဖို့တော့ ခက်ပါလိမ့်မယ်။ ဒါ့ကြောင့် ဖြစ်ခဲ့တာတွေ၊ ဖြစ်နေတာတွေ အပေါ် မူတည်လို့ ဘာတွေ ဖြစ်လာနိုင်လဲ၊ သူတို့ ဘာကို ဦးတည် လုပ်နေတာလဲ ဆိုတာတွေကို တွက်ဆရတာ ဖြစ်ပါတယ်။

သူတို့ အချိန်ဆွဲထားတယ်၊ နိုင်ငံတကာ အကူအညီတွေကို နှောင့်နှေး နေစေတယ် ဆိုရင် ဒါဟာ သူတို့ရဲ့ “မယုံကြည်တတ်မှု” ဆိုတဲ့ သဘောထား အပေါ်မှာပဲ အခြေခံမယ်လို့ ထင်ပါတယ်။

သူတို့ဟာ ကုလသမဂ္ဂအပေါ် မယုံကြည်ပါဘူး။ နိုင်ငံတကာ အသိုင်းအဝိုင်းကို မယုံကြည်ပါဘူး။ ဒါဟာလည်း အခုမှ ပေါ်ပေါက်လာတဲ့ သဘောထားမဟုတ်ပဲ၊ ခေတ် အဆက်ဆက်မှာလည်း ဒီလိုပဲ မယုံကြည်မှု အခြေခံ သဘောမျိုးပဲ ရှိခဲ့တာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ၊ အခုနက ကျွန်တော်တို့ ပြောခဲ့ကြသလို သူတို့ဟာ အခရာပဲ၊ in charge ပဲ ဆိုတဲ့ ပုံရိပ်ကိုလည်း တည်ဆောက်တာ ဖြစ်ပါတယ်။ ပြည်သူတွေကို သူတို့ စောင့်ရှောက်နိုင်တယ်၊ ကူညီ ကယ်တင်နိုင်တယ် ဆိုပြီး အမြင်ခံချင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

သဘာဝဘေးကို တုံ့ပြန်ကြရတဲ့ အခါ ဘယ်သူက အာဏာ အရှိဆုံးလဲ ဆိုတာ အဓိက မဟုတ်ပါဘူး။ နယ်ပယ် အသီးသီးက လူတွေ အားလုံး လာကြပြီး၊ ကိုယ်ကျွမ်းကျင်ရာ အပိုင်းမှာ တာဝန်တွေ ကိုယ်စီ ခွဲဝေ ဆောင်ရွက်ကြရတာမျိုး ဖြစ်ပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီရဲ့ အပြုအမူတွေဟာ လူတွေ ကောင်းကျိုးချမ်းသာရရေး “လူသားစိတ်” အပေါ်မှာ အခြေခံပြီး လုပ်တာလား ဆိုတဲ့ အပေါ် ကျွန်တော် မေးခွန်း ထုတ်ရတာ ဖြစ်ပါတယ်။ ဒီကာလ အတွင်းမှာပဲ စစ်ကိုင်းထဲက ဒေသတွေမှာ ဆိုရင် သတ်ဖြတ်မှုတွေ နေ့စဥ်ရှိနေတာကို ကြားသိနေရပါတယ်။ ဒီတော့ စစ်ကောင်စီရဲ့ သဘာဝဘေး ဆောင်ရွက်ချက်တွေဟာ “လူသားစိတ်” အခြေခံနဲ့ လုပ်ဆောင်တာမျိုး ဟုတ်ကောင်းလည်း ဟုတ်မှာပါလေ ဆိုပြီး benefit of the doubt လို့ ခေါ်တဲ့ သံသယအကျိုး ခံစားခွင့်တောင် ကျွန်တော် မပေးနိုင် ဖြစ်နေပါတယ်။

နောက်တစ်ခုကတော့ သူတို့ အကာအကွယ်ပြု ပေးတဲ့၊ ကူညီပေးနေတဲ့ သူတွေထဲ ရိုဟင်ဂျာတွေလည်း ပါပါတယ် ဆိုတာမျိုး ပြသနေတာလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ ရင်ဆိုင်နေရာတဲ့ ရိုဟင်ဂျာ ဂျီနိုဆိုက်အမှုမှာ အကြောင်းပြချက်ကောင်းတွေ ပေးနိုင်အောင် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာမျိုးလား ဆိုပြီး ကျွန်တော့် အတွေးကို ဆန့်ကြည့် မိပါတယ်။ ဆိုပေသိ ... အဲဒီ ရှုထောင့်ဟာ သိပ်အားမကောင်းလှပါဘူး။

သူတို့ သတင်းစာထဲက အသုံးအနှုံးတွေထဲမှာ ဘင်္ဂါလီ ဆိုပြီး သုံးနှုံးထားတာကို ကြည့်ရင် ရိုဟင်ဂျာတွေအပေါ် သူတို့ရဲ့ ခွဲခြားတဲ့ အမြင်တွေ၊ တင်ကြို ပြဌာန်း ထားရှိတဲ့ ပရဲဂျဒစ် prejudice သဘောထားတွေဟာ ဘာမှ မပြောင်းလဲတာကို အတိုင်းသား တွေ့နေရတုန်းပါပဲ။ စစ်တပ်ရဲ့ အခြေခံ သဘောထား အတွေးအမြင်၊ အယူအဆ၊ အကျင့်အကြံတွေဟာ ဘာမှ မပြောင်းလဲပါဘူး။

ဒီနေရာမှာ ထုတ်ရမယ့် မေးခွန်းက စစ်တွေနဲ့ စစ်တွေမြောက်ဘက် စစ်ကောင်စီ ထိန်းချုပ်မြေထဲ အများအပြား ရှိနေတဲ့ ရိုဟင်ဂျာတွေ အားလုံးကို မုန်တိုင်း အကြိုကာလမှာ ဘေးလွတ်ရာကို တကယ် ပြောင်းရွှေ့ ပေးခဲ့ရဲ့လား။ အခုဆိုရင် ရိုဟင်ဂျာတွေ အများအပြား သေဆုံး ခဲ့တယ် ဆိုတဲ့ အတည်ပြုချက်တွေ ထွက်လာ နေပြီ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေကို ပြောင်းရွှေ့ပေးခဲ့ရဲ့လား၊ ဘယ်လောက် အတိုင်းအတာ ပမာဏမျိုးအထိ ပြောင်းပေးခဲ့တာလဲ ဆိုတာဟာ အသေအချာ စုံစမ်း စစ်ဆေးသင့်တဲ့ ကိစ္စ ဖြစ်ပါတယ်။

ဒီတော့ ထပ်ပြီးပြောရရင် သူတို့ရဲ့ အပြုအမူတွေဟာ humanity လို့ ခေါ်တဲ့ ကောင်းမြတ်တဲ့ ဂုဏ်အင် တစိတ်တပိုင်း ပါဝင်ကောင်း ပါဝင် နိုင်ပါတယ်လို့တောင်မှ ကျွန်တော် လက်ခံလို့ မရပါဘူး။

ရိုဟင်ဂျာ အသိုင်းအဝိုင်းကိုပါ အကာအကွယ်ပြု ပေးနေတာကို ပြတဲ့ ဓာတ်ပုံတွေ AA ထုတ်ပြန်ထား

ဓာတ်ပုံ ရင်းမြစ်, AA

ဓာတ်ပုံ ပုံစာ, ရိုဟင်ဂျာ အသိုင်းအဝိုင်းကိုပါ အကာအကွယ်ပြု ပေးနေတာကို ပြတဲ့ ဓာတ်ပုံတွေ AA ထုတ်ပြန်ထား

ဘီဘီစီ။ ။ ကျွန်တော်တို့ ရခိုင်တပ် အေအေရဲ့ လုပ်ဆောင်ချက်တွေ အပေါ် သုံးသပ်ကြည့်ရင်ရော ခင်ဗျ။ သူတို့ မုန်တိုင်း အကြို ကာလ ကတည်းက လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်း ပေးနေတာကို ပြသနေတဲ့ ပုံတွေ ထွက်လာခဲ့တယ်။ ရိုဟင်ဂျာ အသိုင်းအဝိုင်းကိုပါ အကာအကွယ်ပြု ပေးနေတာကို ပြတဲ့ ဓာတ်ပုံတွေ ပါဝင်တော့ ဒါဟာ အေအေရဲ့ ဗျူဟာကျကျ ထုတ်ပြန်မှုမျိုး ဖြစ်တယ် ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိပါတယ်။ ဒေးဗစ် အနေနဲ့ရော အေအေရဲ့ လုပ်ဆောင်ချက်တွေ အပေါ် ဘယ်လို သုံးသပ်ထားပါသလဲ။

ဒေးဗစ်မက်သီဆန် ။ ။ ကျွန်တော် မြင်ရတာကတော့ အေအေဟာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ရာ အတော်လေး ကြိုးစားထားပါတယ်။ ဒီရက်ပိုင်းမှာပဲ အေအေရဲ့ ထုတ်ပြန်ချက် ထွက်လာပါတယ်။ ပြည်သူတွေကို အကူအညီ ပေးလိုတဲ့ နိုင်ငံတကာ အဖွဲ့အစည်း အားလုံးနဲ့အတူ လက်တွဲ ဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်း ပြောထားပါတယ်။ အင်မတန် ဆီလျော်သင့်မြတ်တဲ့ စကားမျိုး သဘောထားမျိုးကို ပြောသင့်ပြောထိုက်ချိန်မှာ ပြောဆိုတာ ဖြစ်ပါတယ်။ အဲဒီလို ဆီလျော်သင့်မြတ်တဲ့ စကားမျိုး စစ်ကောင်စီဘက်ကပြောတာ မကြားရသေးပါဘူး။

အေအေဟာ sophisticated ဖြစ်တယ်၊ အခြေအနေ အရပ်ရပ် အပေါ်မှာ ခြုံငုံ သဘောပေါက် နားလည် နိုင်စွမ်း ရှိတယ် လို့ ထင်ပါတယ်။ လက်နက်ကိုင် အဖွဲ့ အစည်း ဖြစ်တစ်ရပ် အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ဆက်ဆံရာမှာ အတိုင်းအတာ အကန့်အသတ်တွေ ရှိနေတယ် ဆိုတဲ့ အချက်ကိုလည်း သူတို့ ကောင်းကောင်း သိမြင်ပါတယ်။ ဒီ အခြေအနေတွေမှာပဲ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ကြား ဆက်ဆံရေးတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေကို အခု နှစ်ပိုင်းတွေမှာ ကြိုးစား တည်ဆောက် နေခဲ့တာကို တွေ့မြင် နေခဲ့ရပါတယ်။

အခု မုန်တိုင်း ကိစ္စမတိုင်ခင် ကတည်းပါ။ စစ်ဒဏ်သင့်သူ၊ ရွှေ့ပြောင်းရသူတွေ အရေး အကူအညီ ပေးဖို့ဆိုရင် သက်ဆိုင်ရာ ဒေသခံ လက်နက်ကိုင် အဖွဲ့တွေရဲ့ အကူအညီနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်ကြောင်း ကျွန်တော့် အနေနဲ့လည်း နိုင်ငံတကာကို အမြဲပဲ တိုက်တွန်း အကြံပေးခဲ့ပါတယ်။ နောက်ပြီး ရခိုင်ရဲ့ တည်နေရာ အရ မုန်တိုင်းဒဏ်၊ ရေကြီးတဲ့ ဒဏ်တွေလည်း ကြုံရလေ့ ရှိတော့ သဘာဝဘေး တုန့်ပြန်ရေးမှာ အေအေရဲ့ ပူးပေါင်း ဆောင်ရွက်မှုဟာ အင်မတန် အရေးပါပါတယ်။ ဒီတော့ ပြောရရင် အေအေနဲ့ ကုလ အေဂျင်စီတွေ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ကြား ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိနှင့် နေခဲ့ပြီး ဖြစ်ပါတယ်။

ဓာတ်ပုံတွေ ထုတ်ပြန်တဲ့အပေါ်မှာတော့ ကျွန်တော့်ဘက်က အထွေအထူး သဘောထားမျိုး မရှိပါဘူး။ PR လို့ ခေါ်တဲ့ အများပြည်သူနဲ့ ဆက်ဆံရေး၊ ပုံရိပ်ကောင်း တည်ဆောက်ရေး အတွက် ရည်ရွယ်ပြီး ဓာတ်ပုံရိုက်တယ် ထုတ်ပြန်တယ် ဆိုတာမျိုးတွေဟာ လုပ်ရိုးလုပ်စဥ်ပါပဲ။ ကုလအဖွဲ့အစည်းတွေလည်း သူတို့ ဘယ်နေရာတွေမှာ ဘယ်လို ကူညီနေပါတယ် ဆိုတာမျိုးကို ပြသတဲ့ အနေနဲ့ အလားတူ ဓာတ်ပုံတွေ ထုတ်ပြန်လေ့ ရှိပါတယ်။

တကယ် အရေးကြီးတာကတော့ သိန်းနဲ့ ချီတဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်းကို ဘေးလွတ်ရာ ရွှေ့ပေးနိုင်လား ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ရေရှည် အတွက်ပါ ထိခိုက်လွယ် အသိုင်းအဝိုင်းအတွက် ဘယ်လို အကာအကွယ်မျိုးတွေ ပြုပေးနိုင်မလဲ ဆိုတာကို စဥ်းစားကြရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်တော် ထောက်ပြချင်တာက မုန်တိုင်းဒဏ်ကို ရခိုင်၊ ချင်း၊ စစ်ကိုင်းနဲ့ မကွေး ဒေသတွေမှာ အဓိက ခံစားခဲ့ရပါတယ်။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အနေနဲ့ အဲဒီက မြေပြင် အဖွဲ့တွေအားလုံးနဲ့ တိုက်ရိုက် ချိတ်ဆက် လုပ်ဆောင်တာ၊ ကူညီပံ့ပိုးတာတွေ လုပ်ဆောင်နိုင်ဖို့ အရေးကြီးဆုံးပါပဲ။ ဒီ အချက်ကို ကျွန်တော်တို့ အရင်ကတည်းက ထောက်ပြ နေခဲ့ပါတယ်။

အေအေနဲ့ ချိတ်ဆက် ဆောင်ရွက် သလိုပဲ ချင်းမှာ အခြေစိုက်တဲ့ CNF၊ CNDF အဖွဲ့တွေနဲ့ ချိတ်ဆက် ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ ထို့ အတူပဲ၊ မကွေး စစ်ကိုင်းမှာ ဆိုရင်လည်း PDF အဖွဲ့တွေ၊ NUG ယန္တရားထဲက ဒေသခံ အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ကြားမှာလည်း တိုက်ရိုက် ချိတ်ဆက်ပြီး ကူညီပံ့ပိုးနိုင်ဖို့ အရေးကြီးပါတယ်။

မိုခါ ကိစ္စမှာ NUG ရဲ့ တုန့်ပြန်ဆောင်ရွက်ချက်တွေဟာလည်း အပြုသဘော၊ အကောင်းသဘော ဆောင်ပါတယ်။ သူတို့ လုပ်နိုင်ကိုင်နိုင်တယ်၊ သူတို့ လုပ်မယ် ဆိုတာတွေ အပေါ် အသားပေးတာမျိုး မတွေ့ရပါဘူး။ အခြေအနေရဲ့ ဆိုးရွား ပြင်းထန်မှု အတိမ်အနက် အပေါ် မျက်မှောက်ပြု နားလည်ကြောင်းပြောပါတယ်။ ကူညီ ထောက်ပံ့ရေး ကွန်ရက် လမ်းကြောင်းတွေဟာလည်း မိတ်ဖက် အဖွဲ့အစည်း အသီးသီးနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဖော်ဆောင်တာမျိုး ဖြစ်ပါတယ်။

ဒီတော့ နိုင်ငံတကာ အနေနဲ့ အခု မုန်တိုင်း ကိစ္စတင်မက၊ ရေရှည် အတွက်ပါ စာနာမှု ဆိုင်ရာ ထောက်ပံ့မှုတွေ လုပ်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် အကူအညီပေးရေး အတွက် ညှိနှိုင်းနေတယ် ဆိုတာမျိုးဟာ စစ်ကောင်စီရဲ့ မျက်နှာကိုပဲ ကြည့်ပြီး လုပ်နေရတယ် ဆိုတဲ့ အဖြစ်မျိုးထက် ကျော်လွန်ဖို့ လိုပါတယ်။

စစ်ကောင်စီသာ ဆက်သွယ် ဆောင်ရွက်ဖို့ရာ ညှိနှိုင်းဖို့ရာ တစ်ခုတည်းသော ဇာတ်ကောင် အဖြစ် မြင်နေတာမျိုးဟာ အလွန်မှားပါတယ်။ တရားမဝင် အာဏာ ရယူတဲ့၊ လူတွေကို မတရား ဖိနှိပ် အုပ်ချုပ်တဲ့ အဖွဲ့အစည်းကို အဓိက ဇာတ်ကောင် မှတ်နေသရွေ့တော့ လုပ်ဆောင်ချက်တွေဟာ ဘယ်တော့မှ ထိရောက် အောင်မြင်မှာ မဟုတ်ပါဘူး။

အခုလို စာနာမှု အကူအညီ ပေးရေး ထိတွေ့မှုတွေက တဆင့် ပိုပြီး ကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေး သဘောတူမှုတွေ နောက်ဆက်တွဲ ရလာလိမ့်မလား ဆိုတဲ့ မှန်းဆချက် မျိုးကလည်း အလှမ်းဝေးလွန်းတယ်လို့ ထင်ပါတယ်။

လက်တွေ့ မြေပြင်ကို ကြည့်ရင်လည်း အခုနက ကျွန်တော် ပြောခဲ့တဲ့ အဖွဲ့အစည်း အသီးသီးဟာ defacto authority ရှိနေပါတယ်။ နယ်မြေတွေကို လက်တွေ့ သဘော သူတို့ ထိန်းချုပ်ထားတာပါ။ အဲဒီနယ်တွေမှာ ကူညီရေးတွေ လုပ်မယ် ဆိုရင် သူတို့နဲ့ ညှိနှိုင်းရမှာ ဖြစ်ပါတယ်။

ဒီတော့ လူတွေကြား အကူအညီတွေ တကယ်ရောက်ဖို့ ဆိုရင် လူတွေကြားမှာ ရှိတဲ့ အခြေခံ အကျဆုံး အဖွဲ့အစည်းတွေနဲ့ကြား တိုက်ရိုက် ဆက်ဆံရေး တည်ဆောက်ကြပါ၊ ဒီအချိန်ဟာ အခွင့်အခါ အသင့်ဆုံး အချိန်၊ အလုပ်သင့် အလုပ်ထိုက်ဆုံး အချိန်လို့ ပြောချင်ပါတယ်။

Skip YouTube post
Google YouTube ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။ YouTube တွင်ကြော်ငြာများပါဝင်နိုင်ပါသည်။

End of YouTube post