မြေမြှုပ်မိုင်းကခြွေခဲ့တဲ့ အသက်တွေအကြောင်း

ဓာတ်ပုံ ရင်းမြစ်, AFP
ပြီးခဲတဲ့ နိုဝင်ဘာလကုန်ပိုင်းတစ်ရက်က ရှမ်းကယားနယ်စပ် မိုးဗြဲမြို့အနီးမှာ အသက် ၁၅နှစ်အရွယ် ကလေးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခေါင်းမှာဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်၊ အဲဒီနောက် ဒီကနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။
သေဆုံးခဲ့တဲ့ အဋ္ဌမတန်းကျောင်းသားလေးဟာ တနင်္ဂနွေနေ့ကျောင်းပိတ်ရက် နိုဝင်ဘာ ၂၇ရက်တုန်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အစွန်က တောတွင်းတစ်နေရာကို သူငယ်ချင်းအချို့နဲ့ သွားခဲ့ရာကနေ မိုင်းမိခဲ့ကြတာပါ။
“ဒီနေ့ ၂၉ရက်မှာ ကလေးလေးသေပြီဆိုတဲ့ သတင်းကြားရပါတယ်၊ သူကျောင်းတက်နေတဲ့ ဘုန်းတော်ကြီးကျောင်းကလည်း ဒီနေ့တစ်ရက်ကျောင်းပိတ်ထားပါတယ်။ ဆရာမတွေက သူ့နာရေးလိုက်ပို့နေကြတယ်” လို့ မိုးဗြဲဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
သူ မိုင်းထိပြီးနောက်သေဆုံးခဲ့တဲ့ သတင်းဟာ မြို့တွင်းတိုက်ပွဲပြင်းထန်ခဲ့ဖူးတဲ့ မိုးဗြဲဒေသခံတွေအတွက် အလွန်စိုးရိမ်စရာကောင်းတဲ့ သတင်းတစ်ပုဒ်ဖြစ်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Mobye Rescue Team
နိုဝင်ဘာ ၂၉ရက် မှာပဲ နင်းမိုင်းကြောင့် သေဆုံးတဲ့ဖြစ်စဉ် ထပ်ရှိပါသေးတယ်။ ဒါကတော့ ချင်းပြည်နယ်၊ မတူပီမြို့ပေါ်က နွားနောက်ခြံပိုင်ရှင်၊ အသက် ၅၀ ကျော်အရွယ် အမျိုးသားဟာ ဇနီးဖြစ်သူနဲ့အတူ နွားနောက်လိုက်ရှာရင်း မိုင်းနင်းခဲ့တာပါ။
ဒီဇနီးမောင်နှံဟာ ခလရ ၃၀၄ တပ်ရင်းအနားမှာရှိတဲ့ မတူပီမြို့အပြင်က သူတို့ခြံအနီးမှာ မိုင်းနင်းမိခဲ့ကြတာလို့ ဒေသခံတွေကပြောပါတယ်။
“မတူပီ - ပလက်ဝလမ်းမကြီးဘက်မှာ ဖြစ်တာပါ။ အမျိုးသားကတော့ သေသွားပါတယ်၊ သူ့မိန်းမကတော့ ခြေထောက်ထိထားလို့ မတူပီ ပြည်သူ့ဆေးရုံကိုပို့ထားရတယ်” လို့ မတူပီဒေသခံ အမျိုးသမီးက ဆိုပါတယ်။
အခုလို တောထဲသွားတဲ့ ကလေးငယ်၊ နွားနောက်ရှာတဲ့ ခြံပိုင်ရှင်တို့ မိုင်းနင်းသေဆုံးတာအပြင် တိရစ္ဆာန်တွေပါ နင်းမိလို့ သေဆုံးတဲ့ဖြစ်စဉ်တွေ မကြာခဏ ကြုံနေကြရပါတယ်။
ဒါကြောင့် မြေမြှုပ်မိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီး ဘယ်လောက်သိရှိထားကြလဲလို့ စစ်ရေးပဋိပက္ခဇုန်တစ်ဝိုက်က ဒေသခံအချို့ကို ဘီဘီစီက လက်လှမ်းမီသလောက် မေးကြည့်တဲ့အခါမှာတော့ အများစုက မသိကြဘူးလို့ တုံ့ပြန်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Free Burma Rangers
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ရေးပဋိပက္ခဒေသတွေနဲ့ မြေမြှုပ်မိုင်းအသိပညာပေးရေး
“ကျွန်မမှာ လေးနှစ်နဲ့ တစ်နှစ်ခွဲသမီးလေးရှိတယ်၊ မြို့ထဲမှာတော့ မိုင်းကိစ္စစိတ်မပူရပါဘူး။ မြို့ပြင်ထွက်ရင်တော့ သတိကိုကပ်ထားရတယ်” လို့ မိခင်တစ်ဦးလည်းဖြစ်တဲ့ မတူပီဒေသခံက သူ့အမြင်ကို ပြောပါတယ်။
မြေမြှုပ်မိုင်းနင်းမိတဲ့ဖြစ်စဉ်တွေမကြာခဏကြားပေမဲ့ ဒီမိုင်းရဲ့ ဘေးအန္တရာယ်ကို ဘယ်လိုသတိထားကြရမလဲဆိုတာကိုတော့ မလေ့လာခဲ့ဖူးဘူးလို့ သူက ပြောပါတယ်။
အလားတူ မိုင်းနင်းမိလို့ ကလေးငယ်သေဆုံးခဲ့ရတဲ့ ကရင်နီဒေသလို့ခေါ်ကြတဲ့ ရှမ်းတောင်က မိုးဗြဲမြို့ဝန်းကျင်မှာတော့ မြေမြှုပ်မိုင်းအပါအဝင် စစ်ရေးအသိအတွက် လိုက်လံပညာပေးတာတွေရှိတယ်လို့ သိရပါတယ်။
ဒါပေမဲ့လည်း ဒီလို အသိပညာမျှဝေပေးတဲ့အခါမှာ သက်ကြီးရွယ်အိုတွေသာ အများဆုံးလာရောက်နား ထောင်ကြတယ်လို့ မိုးဗြဲမြို့က အသိပညာပေးသူတစ်ဦးက ပြောပါတယ်။
“တစ်ရွာဝင် တစ်ရွာထွက်၊ တစ်ရပ်ကွက်ပြီး တစ်ရပ်ကွက်ကို ကျွန်မတို့အသိပညာပေးကြတယ်။ လူငယ်နဲ့ သက်ကြီးရွယ်အိုတွေအဓိက သိထားကြဖို့ ရည်ရွယ်ထားကြတာ၊ ကလေးငယ်တွေအတွက် မတွေးခဲ့မိဘူး” လို့ မြေပြင်အခြေအနေကို သူကဆက်ပြောပါတယ်။
ဒါကြောင့် အခုထက်ပိုပြီး မြေမြှုပ်မိုင်းအန္တရာယ်အကြောင်း အသိပေးတာတွေလုပ်ဖို့ လိုအပ်နေပြီလို့ စစ်ရေးလေ့လာ စောင့်ကြည့်သူတွေကပါ တိုက်တွန်းနေကြတာပါ။
“အရင်ဆုံးမျက်စိနဲ့ သတိထားမယ်ဆိုရင် မြေကြီးက အရောင်ပြောင်းနေလား၊ မြက်တွေက နေရာကွက်ပြီး ခြောက်နေလားဆိုတာတွေကို အခြေခံသိထားဖို့လိုတယ်” လို့ စစ်မြေပြင်အင်ဂျင်နီယာတပ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ CDM ဗိုလ် ကိုဇွဲက ပြောပါတယ်။
စစ်လက်နက်ပိုင်းဆိုင်ရာ နားမလည်တဲ့ သာမန်အရပ်သားတွေ သိရှိနိုင်မယ့် မြေမြှုပ်မိုင်း သတိပြုရမယ့် အချက်တွေကို အသိပညာပေးမှသာ တိုက်ပွဲဖြစ်ပွားတဲ့ဒေသတွေက အရပ်သားထိခိုက်သေဆုံးမှု လျော့ပါးလာလိမ့်မယ်လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
သေစေဖို့ရည်ရွယ်တဲ့ နင်းမိုင်းတွေသုံးနေဆဲ မြန်မာ
လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်မှာစတင်တဲ့ မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ရေးသဘောတူစာချုပ်မှာ မြန်မာပါဝင် လက်မှတ်ထိုးတာတာမဟုတ်လို့ မြန်မာစစ်တပ်ဟာ ရုရှားနိုင်ငံပြီးရင် မြေမြှုပ်မိုင်းအသုံးပြုမှုကို ၂၄ နှစ်နီးပါး ဆက်တိုက်သုံးနေဆဲဖြစ်တယ်လို့ နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေက ထောက်ပြထားပါတယ်။
မြန်မာစစ်တပ်ဟာ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းကနေ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း လူသတ် နင်းမိုင်းတွေကို ဖုန်းတာဝါတိုင်တွေ၊ ပိုက်လိုင်းတွေအနီးနဲ့ သယံဇာတတူးဖော်ရေး လုပ်ကွက်တွေ မှာပါ ကျယ်ကျယ် ပြန့်ပြန့်သုံးလာတယ်လို့ မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ရေး နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့ ICBL က သူတို့ရဲ့ နှစ် ၃၀ ပြည့် အစီရင်ခံစာမှာ ဖော်ပါတယ်။
“စစ်ကဏ္ဍလေးရပ်ရှိတယ်။ ချီစစ်၊ တိုက်စစ်၊ ခံစစ်နဲ့ ခွာစစ်ဆိုတာမှာ နင်းမိုင်းတွေကို ခံစစ်နဲ့ ခွာစစ်မှာ အများဆုံးသုံးတယ်။ သူတို့အခြေစိုက်ရာ စခန်းတွေပတ်လည်မှာမြှုပ်ထားမယ်ဆိုတာမျိုးနဲ့ ဒီမိုင်းတွေကို သုံးလေ့ရှိတယ်” လို့ စစ်တပ်ရဲ့ စစ်မြေပြင်အင်ဂျင်နီယာတပ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ CDM ဗိုလ် ကိုဇွဲက ရှင်းပြပါတယ်။
မိုင်းအမျိုးအစားအများကြီးရှိတဲ့ထဲက စစ်တပ်ကထုတ်တဲ့ အဓိကမိုင်း ၇မျိုးရှိပြီး မြေမြှုပ်မိုင်း ခေါ် နင်းမိုင်းမှာတော့ နှစ်မျိုးရှိတယ်လို့ သူကဆက်ပြောပါတယ်။
“ပလပ်စတစ်နင်းမိုင်း အသေးနဲ့ အကြီးဆိုပြီး ရှိတယ်။ နင်းမိတဲ့တခါထဲ သေသွားစေနိုင်တာရယ်၊ ခြေထောက်ပြတ်သွားစေနိုင်တာမျိုးရယ် ဒီလိုပြင်းအားကွာပါတယ်” လို့ ကိုဇွဲက ပြောပါတယ်။
ဒီလို လူသေစေဖို့ ရည်ရွယ်တဲ့ anti-personnel နင်းမိုင်းတွေကို မြန်မာစစ်တပ်အပြင် တခြားလက်နက်ကိုင် အဖွဲ့အစည်း တွေကလည်း အသုံးပြုနေကြတယ်လို့ ICBLရဲ့ စာတမ်းအရ တွေ့ရပါတယ်။
“ခုခံတော်လှန်စစ်မှာ ပါဝင်တဲ့ အဖွဲ့တွေကလည်း စစ်လက်နက်အင်အားသာတဲ့ စစ်ကောင်စီကို တိုက်ဖို့ မြေမြှုပ်မိုင်းတွေကို အသုံးပြုကြတယ်။ လက်လုပ်မိုင်းတွေ လုပ်လို့လည်းရတယ်လေ”
“သေချာတာက မိုင်းဟာ သေနတ်နဲ့မတူဘူး။ မိုင်းထောင်တဲ့သူကိုလည်း ထိသလို မိုင်းနင်းမိတဲ့သူကိုလည်း ထိခိုက်ဒဏ်ရာရစေတယ်။ ပြီးရင်က မိုင်းနဲ့ ပတ်သက်တဲ့ ကျင့်ဝတ် စည်းကမ်းတွေကို လိုက်နာရတယ်” လို့ စစ်လက်နက်အကြောင်းနားလည်သူ CDM ဗိုလ်က ဆက်ပြောပါတယ်။
အထူးသဖြင့် စွန့်လွှတ်မိုင်းအနေနဲ့ ချန်ထားရစ်ခဲ့တာမျိုးမဟုတ်ဘဲ မိုင်းထောင်ခဲ့ပြီးရင် မိုင်းပြန်ဖြုတ်ကြဖို့ တာဝန်ရှိတယ်လို့ သူက အခိုင်အမာပြောပါတယ်။
ကမ္ဘာပေါ်မှာ ပြည်တွင်းစစ်သက်တမ်းအရှည်ဆုံးဖြစ်တဲ့ မြန်မာနိုင်ငံထဲက ကချင်၊ ကယား၊ ရှမ်း၊ ကရင်၊ မွန်၊ တနင်္သာရီနဲ့ ရခိုင်ပြည်နယ်စတဲ့ နေရာတွေမှာ မြေမြှုပ်မိုင်းတွေရဲ့ အန္တရာယ်ရှိနေသလို အာဏာသိမ်းပြီးနောက်မှ တိုက်ပွဲတွေရှိလာခဲ့တဲ့ စစ်ကိုင်း၊ မကွေးလို ဒေသတွေမှာပါ ဒီဘေးအန္တရာယ်အကြောင်း သတိပြုဖို့ လိုပြီလို့ ပြောနေကြတာပါ။
၁၀ စုနှစ်ချီကြာတဲ့အထိ အသက်ရှိ ပေါက်ကွဲနိုင်တဲ့ မြေမြှုပ်မိုင်းတွေရဲ့ အန္တရာယ်ဟာ ပဋိပက္ခဖြစ်ရာဒေသခံ တွေရဲ့ ချောက်ချားစရာ အဖြစ်ဆိုးတစ်ခုလို ဆက်ရှိနေပါတယ်။
“အသိပညာပေးရေးကိုယ်တိုင်လည်းလုပ်နေပေမဲ့ ဒီမြေမြှုပ်မိုင်းထိမှာ ကျွန်မလည်းကြောက်တယ်။ တကယ်ကိုကြောက်တာ အခုဆိုမြို့ပြင်ထွက်ဖို့တောင် သတိအများကြီးထားမှရတော့မယ်”
လူသေစေနိုင်တဲ့ နင်းမိုင်းနဲ့ပတ်သက်ပြီး ဘယ်လောက်ထိစိုးရိမ်ချက်ရှိလဲလို့ ဘီဘီစီကမေးမြန်းတဲ့အပေါ် မိုးဗြဲဒေသခံအမျိုးသမီးက အခုလိုပြန်ဖြေခဲ့ပါတယ်။
“စိုးရိမ်တာပေါ့ ဘာလို့လဲဆိုတော့ အရင်ကလူကြီးတွေပဲမိုင်းထိပေမယ့် အခုတော့ကလေးတွေပါ ထိနေပြီလေ” လို့ သူ့ခံစားချက်ကို ဘီဘီစီကိုပြောပြပါတယ်။









