စစ်မီးကူးလာတဲ့ ရာမညက ဓမ္မသ

ဓာတ်ပုံ ရင်းမြစ်, Ramon Nya
ကျိုက်မရောမြို့နယ်ထဲက ဓမ္မသရွာလေးဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်ထဲမှာ ရွာလုံးကျွတ်နီးပါး ပထမဆုံး မီးရှို့ခံရတဲ့ ရွာဖြစ်ပါတယ်။
ရာမညဌာနေလို့ တင်စားခေါ်ကြတဲ့ မွန်ပြည်နယ်ထဲက ကြည်စိမ်းနေတဲ့ ဂျိုင်းမြစ်ဘေးမှာ အုတ်တိုက်၊ ပျဉ်ထောင်အိမ်ကြီးတွေနဲ့ ခမ်းနားသပ်ရပ်ပြီး သာယာခဲ့တဲ့ရွာလေးဟာ နှစ်ရက်အတွင်းမှာပဲ မီးလောင်ပြင်ဖြစ်သွားခဲ့ပါတယ်။
သစ်ပင်စိမ်းစိမ်း စိုစိုတွေအစား မတ် ၂၇ နဲ့ မတ် ၂၈ မှာ တရိပ်ရိပ်တက်နေတဲ့ မီးတောက်တွေ၊ တငွေ့ငွေ့ထွက်နေတဲ့ မီးခိုးတွေက အစားထိုးသွားပါတယ်။
အိမ်ခြေ ထောင်ချီရှိတဲ့ရွာလေးဟာ နှစ်ရက်တာကာလတွင်းမှာ ၉၀ ရာခိုင်နှုန်းလောက် မီးလောင်ပျက်စီးသွားပြီလို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတွေက ပြောကြပါတယ်။
သာယာလှပအောင် နှစ် ဆယ်ချီတည်ဆောက်ခဲ့ရတဲ့ ဓမ္မသရွာ

ဓာတ်ပုံ ရင်းမြစ်, သိုက်ဆာန်လဝီ Facebook
ဓမ္မသရွာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်တုန်းကလည်း စစ်တပ်ရဲ့ မီးရှို့မှုကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ခဲ့ရဖူးတယ်လို့ ရှေ့မီနောက်မီ ရပ်ရွာဦးဆောင်သူတစ်ယောက်က ပြောပါတယ်။
အဲ့ဒီနောက်ပိုင်း ရွာကလူငယ်တွေက ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ကြသလို စိုက်ပျိုးရေးလုပ်ငန်းကနေ ရလာတဲ့ ငွေကြေးတွေကို စုဆောင်းပြီး အိမ်တွေကို တင့်တောင့်တင်တယ်ဖြစ်အောင် ဆောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်အထိလည်း ရွာထဲက လူငယ်အများစုဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ပြီး မိသားစုကို ထောက်ပံ့နေကြတုန်းပါပဲ။
“ညနေပိုင်းဆိုရင် ရွာထဲက လူပျို၊ အပျိုတွေ၊ ကလေးတွေ ဂျိုင်းမြစ်ထဲကို ရေဆင်းကူးကြတယ်၊ ဓမ္မသရွာဆိုတာ တောင်တွေပတ်လည်ဝိုင်းပြီး တကယ်သာယာတဲ့ရွာပါ။ တန်ဆောင်တိုင်ဆိုရင် သိတဲ့အိမ်မှရယ်မဟုတ်ဘူး တည်းချင်တဲ့အိမ် တည်းလို့ရတယ်။ အိမ်တိုင်းစေ့ အလှူလုပ်ကြတယ်။ ဘုရားပွဲဆိုရင်လည်း အရမ်းစည်ခဲ့တာ”လို့ ဓမ္မသရွာရဲ့ အေးချမ်းခဲ့တဲ့ အချိန်ကို ဒေသခံတစ်ယောက်က ပြောပြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါပေမဲ့ အဲ့ဒီရွာလေးဟာ နှစ်ရက်အတွင်း လုံးဝပြောင်းလဲသွားပါတော့တယ်။
ဂျိုင်းမြစ်ဘေး ရွာတစ်ခုဖြစ်တဲ့ မွန်ပြည်နယ်အစပ် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာ ရဲကင်းစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နဲ့ မွန်ပြည်သစ်ပါတီ NMSP (AD) အပါအဝင် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက မတ် ၂၄ ရက်နဲ့ ၂၅ ရက်မှာ သိမ်းယူခဲ့ပါတယ်။ အဲဒီရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း လက်နက်ချခဲ့သူတွေရှိခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ စစ်ရေးအရ အရေးကြီးနေရာမဟုတ်ပေမဲ့ မွန်ပြည်နယ်ရဲ့ တန်ဖိုးထားစရာ နေရာတစ်ခုဖြစ်တဲ့ ဓမ္မသကျေးရွာကို စစ်ကောင်စီက မတ် ၂၇ ရက်ကစပြီး တိုက်ခိုက်ခဲ့ပါတယ်။
ကော့ဘိန်းရွာ၊ ဓမ္မသရွာ ၊တရာနာရွာတွေဟာ ရမ္မာဝတီလမ်းတလျှောက် တဆက်တစပ်တည်းရှိနေတာပါ။
ကော့ဘိန်းရွာကိုသိမ်းပိုက်ပြီး နောက်တရက်မှာ တော်လှန်ရေးအဖွဲ့တွေက ရမ္မာဝတီလမ်းကနေ တရနာရွာဘက်ကို သွားတာရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
“စစ်ကောင်စီက လက်တုံ့ပြန်တဲ့ သဘောလည်းဖြစ်မယ်၊ နောက်တစ်ခုက ဓမ္မသရွာက မွန်ပြည်သစ်ပါတီ (AD)ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ နိုင်ဗညားလယ်ရဲ့ ဇာတိလေ။ အဲဒါကြောင့် အဓိကပါမယ်။ ဥပမာပေးပြောရရင် ဒေါက်တာဆာဆာကို မကျေနပ်လို့ သူ့ဇာတိဖြစ်တဲ့ ထန်တလန်ကို ချေပစ်လိုက်တယ် အဲဒီသဘောပါပဲ”လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
ချောင်ပိတ်မိနေတဲ့ ပြည်သူတွေ

ဓာတ်ပုံ ရင်းမြစ်, သိုက်ဆာန်လဝီ Facebook
တချိန်က စစ်သင်္ဘောဆိုတာဟာ ကျိုက်မရောမြို့နယ် ဒေသခံတွေအတွက် မြင်ဖူးဖို့ ခဲယဉ်းကြပါတယ်။ ကော့ကရိတ်မြို့နယ်က ကော့ဘိန်းရဲစခန်း တိုက်ခိုက်ခံရပြီးနောက်မှာတော့ ဓမ္မသရွာနဲ့ ရွာနီးချင်း တရနာရွာမှာ စစ်ကောင်စီက တပ်စွဲထားသလို စစ်သင်္ဘော နှစ်စီးလည်း ရောက်ရှိလာခဲ့ပါတယ်။
“စစ်သင်္ဘောဆိုတာ တစ်ခါမှ မမြင်ဖူးဘူးဗျာ။ အခုကျတော့ ဓမ္မသရွာကို လှမ်းပစ်နေတာကိုတောင် မြင်ရတယ်။ ပထမတုန်းက ခြောက်လှန့်ပစ်သလောက်ပဲ ၊ နောက်ပိုင်းကျတော့ ညနေပိုင်းအထိကို ခဏခဏပစ်နေတော့တာ၊ ကျွန်တော်တို့လည်း မနေရဲတော့ဘူး ရှောင်လာခဲ့တော့တယ်”လို့ တရနာရွာ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
ရေကြောင်းကနေ ပစ်ခတ်သလို လေကြောင်းကနေပါ ပစ်ခတ်တာကြောင့် နေအိမ်တွေမီးလောင်ခဲ့ပါတယ်။
လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဗွီဒီယိုဖိုင်တွေထဲမှာဆိုရင်လည်း ဒေသခံတွေဟာ ရှိသမျှ အင်အားတွေနဲ့ မီးတွေငြှိမ်းသတ်ဖို့ ကြိုးစားနေတာကို တွေ့ရသလို နေအိမ်မီးလောင်တဲ့အထဲ ပါသွားတာကြောင့် ပူဆွေးနေကြရတာတွေကိုလည်း တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, သိုက်ဆာန်လဝီ Facebook
“လူနာတင်ကားတွေ၊ မီးသတ်ကားတွေကို တရနာမှာရှိတဲ့ စစ်တပ်က ပေးမဖြတ်ဘူး။ ဒီတော့ ရွာမှာရှိတဲ့ မီးသတ်ကားနဲ့ မီးစက်တွေနဲ့ ငြှိမ်းရတယ်၊ ၂၇ ရက်ညနေကတည်းက ပစ်နေတာ၊ အိမ် အလုံး ၂၈၀ ကျော်လောက်တော့ မီးထဲပါသွားပြီ”လို့ မတ် ၂၈ ရက်မှာ ဒေသခံတစ်ယောက်က ပြောပြခဲ့ပါတယ်။
မတ် ၂၉ ရက် ဆက်သွယ်မေးမြန်းချိန်မှာတော့ ရွာလုံးကျွတ်နီးပါး မီးလောင်ခံထားရသလို ပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်ထုတ်ဖို့ ကြိုးစားနေကြတယ်လို့ စစ်ဘေးရှောင် ကူညီသူတွေက ပြောကြပါတယ်။
စစ်ဘေးရှောင်တွေကို တခြားအရပ်ဒေသက ပြည်သူတွေက စားသောက်စရာတွေ ကူညီပေးဖို့ကို အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးက ခွင့်မပြုဘူးလို့ ကူညီပေးသူတွေက ပြောပါတယ်။
“မွန် သံဃာတွေ၊ အရပ်ဖက်အဖွဲ့ခေါင်းဆောင်တချို့ သွားပြီး ခွင့်တောင်းတယ်၊ မရဘူး။ အဲ့ဒီတော့ ကူညီပေးလို့ရသလောက် နေရာကနေပဲ ကူညီနေကြရတယ်”လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ဆရာတော်တစ်ပါးက မိန့်ပါတယ်။
စစ်ကောင်စီဘက်ကတော့ ဓမ္မသ ကျေးရွာတိုက်ခိုက်မှု နဲ့ပတ်သက်လို့ သတင်းထုတ်ပြန်မှုတစုံတရာ မရှိသေးပါဘူး။
မတ် ၂၉ ရက် နေ့လယ်ပိုင်းမှာတော့ ပိတ်မိနေတဲ့ စစ်ဘေးရှောင်တွေကို ခေါ်ထုတ်ဖို့ကြိုးစားနေတဲ့ သူတွေရှိရာကို လက်နက်ကြီးတွေ ကျလာတာကြောင့် ပြန်ထွက်လာကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“အထဲမှာ ပိတ်မိနေတဲ့သူတွေ ရှိနေတုန်းပဲ”လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့စစ်ရေးမှာ အားလုံးတန်းတူ

ဓာတ်ပုံ ရင်းမြစ်, သိုက်ဆာန်လဝီ Facebook
စစ်ကောင်စီဟာ တော်လှန်ရေးမှာ ပါဝင်လာတဲ့ နေရာတိုင်းကို တောင်ပေါ်-မြေပြန့် မခွဲခြားဘဲ တထပ်တည်းကျအောင် တန်းတူလုပ်လေ့ရှိတယ်လို့ မွန်နိုင်ငံရေး လေ့လာသူတွေက ပြောကြပါတယ်။
စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ ကရင်၊ ကချင်၊ ရခိုင်၊ ကယား အပါအဝင် မြန်မာနိုင်ငံရဲ့ အထက်အညာ၊ အောက် အကြေက စစ်ကောင်စီကို တော်လှန်နေတဲ့ နေရာတိုင်းကို နေအိမ်တွေမီးရှို့တာ၊ လူအစုလိုက်အပြုံလိုက် သတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ စတဲ့ လုပ်ဆောင်ချက်အားလုံးကို စစ်ကောင်စီက တန်းတူလုပ်နေတာလို့ ပြောကြတာပါ။
“အညာဒေသမှာ လူထုကို အကြမ်းဖက်တယ်၊ ရွာတွေမီးရှို့တယ်၊ အစုလိုက်အပြုံလိုက်သတ်တယ်၊ စစ်ကောင်စီက စစ်ရေးဖြစ်တဲ့ ဒေသတိုင်းကိုလုပ်တာ၊ မွန်ဒေသကို စစ်မီးကူးစက်လာတော့ တခြား စစ်ကိုင်း၊ ကရင်၊ ရခိုင်မှာ လုပ်သလို သူတို့က ကျင့်သုံးမှာပဲ”လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP)က ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောပါတယ်။
မွန်ပြည်နယ်ကို စစ်ရေးဦးတည်လာတာနဲ့ ပတ်သက်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက တာဝန်ရှိသူ နိုင်မွန်စိုင်းကလည်း “ဒီလိုတွေဆက်ဖြစ်မလားဆိုတာကတော့ စစ်ကောင်စီပေါ် မူတည်တယ်။ စစ်ကောင်စီက တော်လှန်ရေးအဖွဲ့ကို ဦးတည်ထားတာမဟုတ်ဘဲ ပြည်သူကို ဦးတည်တာတွေ ဖြစ်လာနိုင်တယ်၊ စစ်ဥပဒေကို လိုက်နာရင် ဒီလိုတွေဖြစ်စရာမလိုဘူးလေ။ တနိုင်ငံလုံးမှာလည်း မြင်တွေ့နေရပြီးပြီပဲ”လို့ ပြောပါတယ်။
စစ်ကောင်စီရဲ ရေကြောင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဓမ္မသ၊ ကော့ဘိန်း၊ ကော့ပေါက်၊ ကော့ကျိုက် ၊ ကော့ဝမ်း၊ ကော့ဒွန်း၊ ကော့ပနော၊ အံကစင် စတဲ့ ကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စစ်ရေးအရ အရေးမကြီးလှတဲ့ ဓမ္မသရွာကို တိုက်ခိုက်တာဟာ ကရင်ပြည်နယ် ကော့ကရိတ်မြို့က ကော့ဘိန်းရဲစခန်းကို မွန်နဲ့ကရင်တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်တဲ့အပေါ် ပြည်သူလူထုကို ခြိမ်းခြောက်တဲ့သဘောဖြစ်တဲ့အကြောင်း၊ စစ်ကောင်စီက ပြည်သူလူထုကို ပစ်မှတ်ထား ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကြောင့် တော်လှန်ရေးအရှိန်အဟုန်ကို ရပ်တန့်သွားမှာမဟုတ်ဘူးလို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP)နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့က မနေ့က ထုတ်ပြန်ထားပါတယ်။









