စစ်ဘေးဒဏ်အပြင် ရာသီဥတုဒဏ်ပါ ခံနေရတဲ့ စစ်ကိုင်းက စစ်ဘေးရှောင်တွေဘဝ

ကျန်းမာရေးထိခိုက်နေတဲ့ ဝက်လက်မြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတစ်ယောက်

ဓာတ်ပုံ ရင်းမြစ်, ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့

ဓာတ်ပုံ ပုံစာ, ကျန်းမာရေးထိခိုက်နေတဲ့ ဝက်လက်မြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတစ်ယောက်

သစ်သားတိုင် နှစ်တိုင်အပေါ် သစ်သားတန်းတင်၊ အဲဒီကနေ ခပ်နွမ်းနွမ်း အစိမ်းရောင် မိုးကာကို အောက်ဆွဲချပြီး အမိုးရော အကာရော ရအောင် တိုင်သုံးလုံးနဲ့ဆောက်ထားတဲ့ တြိဂံပုံစံ တဲလေးက ဝက်လက်မြို့နယ်ထဲက တောတွင်းတနေရာမှာ ရှိနေပါတယ်။

ဒီတဲလေးရဲ့ဘေးမှာလည်း တောထဲကရတဲ့ သစ်ခက်တွေ၊ ဝါးတွေနဲ့ ဖြစ်သလိုဆောက်ထားရတဲ့ တဲလေးတွေကလည်း နုံချာလှတဲ့ လူနေမှုဘဝကို ပြောပြနေပါတယ်။

ဒီတဲတွေဟာ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် တောတွေနဲ့ မြစ်ဘေးတွေက စစ်ဘေးရှောင်တွေရဲ့ ကျောတခင်း ၊ နားခိုရာလေးတွေပါ။

“ကျွန်တော်တို့ တဲထဲဝင်ရင် ခေါင်းငုံ့ဝင်ရတယ်၊ အဲဒါတောင် အမိုးနဲ့ခေါင်းနဲ့က မလွတ်ဘူး၊ လေဝင်လေထွက်လည်း မကောင်းဘူး”လို့ ဝက်လက်မြို့နယ်က စစ်ဘေးရှောင်ကျေးရွာတွေကို ဆေးကုသွားတဲ့ ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့ တာဝန်ရှိသူတစ်ယောက်က သူတွေ့ခဲ့ရတာကို ပြောပြပါတယ်။

အမိုးအကာမလုံခြုံမှုနောက်ကနေ လိုက်လာတဲ့ ကျန်းမာရေးထိခိုက်မှု

ဝက်လက်မြို့နယ် စစ်ဘေးရှောင်တွေနေရတဲ့တဲလေးတွေ

ဓာတ်ပုံ ရင်းမြစ်, ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့

ဓာတ်ပုံ ပုံစာ, ဝက်လက်မြို့နယ် စစ်ဘေးရှောင်တွေနေရတဲ့တဲလေးတွေ

စစ်ဘေးရှောင်တွေ နေရတဲ့ တဲတွေဟာ အအေးဒဏ်ကို ရင်မဆိုင်နိုင်သလို အပူဒဏ်ကိုလည်း အံမတုနိုင်ပါဘူး။ ဒါ့အပြင် ကျောပြင်အောက်ကနေ တက်လာတဲ့ မြေအပူဓာတ်ကိုလည်း မကျော်လွှားနိုင်တာကြောင့် စစ်ဘေးရှောင်တွေဟာ ကျန်းမာရေးထိခိုက်တာတွေ များလာကြတယ်လို့ ဆေးကုသပေးနေသူတွေက ပြောကြပါတယ်။

စစ်ဘေးရှောင်တွေဟာ မလုံမခြုံတဲမှာနေကြရသလို စားရတာတွေကလည်း “မဝရေစာ”ပါ။ ဆာလောင်မှုကြောင့် ပူလာတဲ့ ဝမ်းတွင်းအပူထိန်းရုံ၊ အဆာပြေရုံလောက်သာ စားကြရတဲ့အခြေအနေတွေကြောင့် အဟာရပြတ်လပ်တယ်ဆိုတဲ့ စကားလုံးကလည်း စစ်ဘေးရှောင်တွေအတွက် နားယဉ်စရာ ဖြစ်လာခဲ့ပါတယ်။

“ကျွန်တော်တို့ ဆေးကုနေတုန်း စစ်ဘေးရှောင်တစ်ယောက်က လာမေးတယ်။ စားစရာဝေဖို့များ မပါလာဘူးလားတဲ့။ ကျွန်တော်တို့က အရင်နှစ်တုန်းကတော့ ဆေးကုတာ ၁၀ ခါမှာ ၉ ခါလောက်က အစားအသောက်ပါ ဝေဖြစ်တယ်။ ဒီနှစ်လုံးဝ မဝေနိုင်ဘူး။ ကလေးအမေတစ်ယောက်ဆိုရင် ထမင်းကို နေ့လယ် ၁ နာရီမှ စားတယ်တဲ့၊ ဘာလို့ဆိုတော့ ညနေစာပါ ပေါင်းစားဖြစ်အောင်လို့တဲ့၊ တချို့ဆိုရင်လည်း ထမင်းဆိုရင် မလောက်လို့ ဆန်ပြုတ်ပြီး သောက်ကြရတယ်” ဆိုပြီး ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ဘေးရှောင်ကလေးတွေကို ဆေးကုပေးနေတဲ့ PHN -Kalay

ဓာတ်ပုံ ရင်းမြစ်, People’s Healthcare Network-Kalay

ဓာတ်ပုံ ပုံစာ, စစ်ဘေးရှောင်ကလေးတွေကို ဆေးကုပေးနေတဲ့ People’s Healthcare Network-Kalay

စစ်ဘေးရှောင်တာ နှစ်ချီကြာနေပြီဖြစ်တဲ့ ဝက်လက်မြို့နယ်ထဲက သဲဘုတ်ကြီးကျေးရွာ၊ ရှိမ်းမကားကျေးရွာနဲ့ ရွာသစ်ရွာ၊ အင်ဒေါင်းရွာတွေကစစ်ဘေးရှောင် အယောက် ၃၉၀ နီးပါးကို မတ် ၈ ရက်နဲ့ မတ် ၉ ရက်မှာ ဆေးကုပေးခဲ့တာပါ။

အဲ့ဒီစစ်ဘေးရှောင်တွေမှာ ဖျားနာတာ၊ သွေးတိုးရောဂါ၊ အဟာရမပြည့်ဝတာတွေအပြင် အနာကြီးရောဂါ ခံစားရတဲ့ ဝေဒနာသည်တွေကိုကုသ ပေးခဲ့ရတယ်လို့ သိရပါတယ်။

“အသက်ကြီးတဲ့သူတွေဆိုရင်လည်း သွေးအားနည်းတာတွေ၊ ကလေးတွေဆိုရင်လည်း အဟာရ မပြည့်ဝတာတွေ၊ ကိုယ်ဝန်ဆောင်ဆိုရင်လည်း ပုံမှန်ဆေးကုသခွင့်မရတာတွေ တွေ့ရတယ်”လို့ ရွှေဘိုမြို့နယ် လွတ်လပ်သောထောက်ပို့ရေးအဖွဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ရာသီအကူး‌အပြောင်းမှာ သဘာဝက ‌‌ပေးတဲ့ အပူအအေးမမျှတမှုတွေနဲ့ ရောဂါတွေဟာ အစာအဟာရ ပြည့်ဝအောင် မစားရလို့ ကိုယ်ခံအားနည်းနေတဲ့ စစ်ဘေးရှောင်တွေဆီ မကြိုဆိုဘဲ ရောက်လာခဲ့ပါတယ်။

ရာသီအကူးအပြောင်းမှာဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျောရောဂါ၊ ရေကို သန့်သန်းရှင်းရှင်း လုံလုံလောက်လောက် မသုံးနိုင်လို့ဖြစ်တဲ့ ယားနာတွေ၊ ဖျားနာတာနဲ့ အဆုတ်ယောင်ရောဂါတွေက ဒီနှစ်မှာ ပိုများလာတယ်လို့ ကလေးမြို့အရှေ့ပိုင်းက People’s Healthcare Network-Kalay က တာဝန်ခံဆရာဝန်က ဘီဘီစီကို ပြောပါတယ်။

People’s Healthcare Network- Kalay ဆိုတာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်မှုနဲ့ ဖွင့်လှစ်ထားတာပါ။

စစ်ဘေးရှောင်တွေ နေရပ်ပြန်ရေး မိုင်းရှင်းပေးဖို့ ရခိုင်လွှတ်တော်မှာ တိုက်တွန်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

“ပန်းနာရင်ကြပ်တွေဖြစ်ကြတယ်၊ အဆုတ်မကောင်းတဲ့သူတွေဆို နေမကောင်းဖြစ်ပြီး ရောက်လာကြတယ်။ တချို့ အောက်ဆီဂျင်တွေပါကျတာ”လို့ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို ပြောပြပါတယ်။

ရာသီအကူးအပြောင်းကြောင့် ဖျားနာသူတွေဟာ မတ်လဆန်းကစပြီး တစ်ရက်မှာ အယောက် ၅၀ ကနေ ၇၀ ကြားရှိပြီး အဆုတ်ယောင်တဲ့သူတွေက တစ်ရက်ကို ၇ ယောက်လောက်ရှိတယ်လို့ သူက ပြောပါတယ်။

“အဆုတ်ယောင်လို့ ကုပေးထားရတဲ့ အတွင်းလူနာ ၇ ယောက်ရှိတယ်။ အသက်အရွယ်အရဆိုရင် အစွန်းနှစ်ဘက်မှာလို့ ပြောလို့ရတယ်၊ ၇ လ အရွယ်ကလေး နဲ့ အသက် ၇၀ နောက်ပိုင်းအရွယ်တွေပေါ့။ အဓိကကတော့ ရာသီအကူးအပြောင်းနဲ့ အဟာရမပြည့်လို့ ကိုယ်ခံအားမကောင်းတဲ့ အသက်အရွယ်တွေပါ”လို့ ဆရာဝန်က ပြောပါတယ်။

အဆုတ်ယောင်ရောဂါကြောင့် အသက် ၇ လအရွယ် ကလေးတစ်ယောက် ပြီးခဲ့တဲ့ သုံးရက်လောက်မှာ သေဆုံးသွားခဲ့တယ်လို့လည်း ပြောပါတယ်။

“အဲ့ကလေးမိခင်က စစ်ဘေးရှောင်ပေါ့။ သူတို့စစ်ဘေးရှောင်တဲ့နေရာကို လက်နက်ကြီးနဲ့ပစ်လို့ တခြားနေရာကို ထပ်ပြီးရှောင်ရတဲ့ အဲ့ဒီမှာ ကလေးကနေမကောင်းတာ ငါးရက်လောက်ရှိနေပြီ။ ပြေးရင်းလွှားရင်းဆိုတော့ အချိန်မီရောက်မလာနိုင်ဘူး။ ကျွန်တော်တို့ဆီရောက်လာတော့ နောက်ကျနေပြီ”လို့ အသက်ဆုံးရှုံးသွားရတဲ့ စစ်ဘေးရှောင်လသားကလေးရဲ့အကြောင်းကို ပြောပြပါတယ်။

ဒါ့အပြင် ဆေးခန်းကို ရောက်လာတဲ့ကလေးတွေရဲ့ ပုံသဏ္ဍာန်ကလည်း “ကလေးတွေမြင်ရတာ စိတ်မကောင်းစရာလေးတွေပေါ့ဗျာ၊ အဟာရချို့တဲ့တဲ့ပုံလေးတွေ၊ သံကောင်ရှိတဲ့ ဗိုက်ပူနံကားလေးတွေ၊ ရေအခက်အခဲရှိတော့ သန့်ရှင်းမှုမရှိတာလေးတွေပေါ့”လို့ ဆရာဝန်က ပြောပါတယ်။

ဒါ့အပြင် ဝမ်းပျက်ဝမ်းလျော လူနာတချို့ကိုလည်း တွေ့နေရပြီး နောက်လာမယ့်လတွေဆိုရင် ပိုပြီးအဖြစ်များလာနိုင်တယ်လို့လည်း သူက ခန့်မှန်းပါတယ်။

ကိုယ်ဝန်ဆောင်တွေကိုတော့ ပုံမှန်ကာကွယ်ဆေးထိုးတာ၊ လစဉ်ဆေးကုသမှုပေးတာတွေကိုတော့ လုပ်ပေးနိုင်တာရှိပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ ကိုယ်ဝန်ဆောင် ၁၈၇ ယောက်ကို ကြည့်ရှုပေးနိုင်တယ်လို့ တာဝန်ခံဆရာဝန်က ပြောပါတယ်။

“ဒါပေမဲ့လည်း တချို့ ကိုယ်ဝန်ဆောင်တွေက တိုက်ပွဲပြင်းထန်ချိန်မှာ လာမပြနိုင်တာတွေ ရှိတယ်၊ ကိုယ်ဝန်ဆောင်တွေကိုလည်း အဟာရပြည့်အောင် စားဖို့ ရှင်းပြရပေမဲ့ သုံးပုံ တစ်ပုံလောက်ကတော့ သူတို့စားသောက်ဖို့က အဆင်မပြေနိုင်ကြဘူး။ တရွာလုံးမီးရှို့ခံရလို့ တောထဲရှောင်နေရပြီး အလုပ်ကမရှိ၊ ဖြစ်သလိုနေကြရတော့ အဟာရမပြည့်ဝတာတွေ ဖြစ်တာပေါ့”လို့ ရှင်းပြပါတယ်။

ဆေးမလောက်လို့ ဆေးကုသတာရပ်နားထားရ

ဆေးကုသခံနေတဲ့ စစ်ဘေးရှောင် သက်ကြီးရွယ်အိုတစ်ယောက်

ဓာတ်ပုံ ရင်းမြစ်, ရွှေဘိုမြို့နယ် လွတ်လပ်သောထောက်ပို့ရေးအဖွဲ့

ဓာတ်ပုံ ပုံစာ, ဆေးကုသခံနေတဲ့ စစ်ဘေးရှောင် သက်ကြီးရွယ်အိုတစ်ယောက်

ကျန်းမာရေးမကောင်းတဲ့ စစ်ဘေးရှောင်တွေ ရှိနေပေမဲ့ ဆေးဝါးတွေပြတ်လပ်သွားတာကြောင့် ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့က ဆေးကုသတာ ရပ်ထားရပါတယ်။

သဲဘုတ်ကြီးကျေးရွာ၊ ရှိမ်းမကားကျေးရွာနဲ့ ရွာသစ်ရွာ၊ အင်ဒေါင်းရွာတွေကစစ်ဘေးရှောင်တွေကို ဆေးကုသနေရင်းမှာပဲ သွေးတိုးလူနာတွေအတွက် သွေးကျဆေး၊ သွေးအားနည်းလူနာအတွက် အကြောဆေးနဲ့ ဆေးထိုးစရာ အပ်တွေပါ ကုန်သွားခဲ့ပါတယ်။

“ပါရာစီတမောလောက်ပဲကျန်တယ်”လို့ လွတ်လပ်သောထောက်ပို့အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲ့လို ဆေးကုသနေချိန်မှာပဲ တခြားစစ်ဘေးရှောင်တွေရှိနေတဲ့ ကျေးရွာတွေကလည်း သူတို့ရွာကို ဆေးလာကုပေးဖို့ကို အကူညီလာတောင်းကြပါတယ်။

“အလှူရှင်ရလို့ ဆေးဝယ်ပြီးတာနဲ့ လာခဲ့ပါမယ်လို့ ပြောထားရတယ်”လို့ သူတို့လက်ရှိ ဆေးဝါးပြတ်လပ်နေတာကို ပြောပြပါတယ်။

ဒ့ါအပြင် ကိုယ်ဝန်ဆောင်တွေအတွက်လည်း အဟာရပြည့်ဝအောင် စားသောက်ဖို့အပြင် ဆေးပုံမှန် ကုသမှုခံရဖို့လည်း အခက်ခဲရှိနေကြပါတယ်။

ဆေးဝါးဝယ်ဖို့အတွက်ကလည်း ကုန်ဈေးနှုန်းတွေက သုံးဆလောက်တက်သွားသလို စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကနေ ဆေးပစ္စည်းတွေအများကြီးဆိုရင်ပေးမဖြတ်သန်းတာကြောင့် ခက်ခက်ခဲခဲ ဝယ်ယူခဲ့ကြရတာပါ။ အခုလက်ရှိတော့ ဝယ်စရာ အလှူငွေရဖို့ အလှူရှင်ကိုမျှော်နေကြပါတယ်။

ကလေးမြို့နယ်က People’s Healthcare Network - Kalay မှာဆိုရင်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေကြောင့် တချို့ဆေးဝါးတွေ ရရှိဖို့ ခက်ခဲနေပါတယ်။

“ပြင်းထန်အဆုတ်ရောင်ရောဂါအတွက်ဆေးတွေလိုတယ်၊ အဲ့ဒါကလည်း မနှစ်ကထက် နှစ်ဆလောက်ဖြစ်လာတယ်။ သားဖွားချိန်မှာ သုံးတဲ့ ‌ဆေးလည်း ကုန်နေတယ်။ အောက်ဆီဂျင်လည်း ကုန်တော့မယ်။ အောက်ဆီဂျင် မရှိတော့ရင် အဆုတ်ရောင်ရောဂါဖြစ်လို့ လာတဲ့လူနာတွေက အောက်ဆီဂျင်အရမ်းကျနေတာဆို တန်းပြီးတပ်ပေးရတာ၊ မပေးနိုင်ရင် အသက်အန္တရာယ်ရှိနိုင်တယ်”လို့ တာဝန်ခံဆရာဝန်က ပြောပြပါတယ်။

အခုလို စစ်ဘေးဒဏ်ကနေ အသက်လွတ်အောင် ထွက်ပြေးလာရင်း ရာသီဥတုနဲ့ ဖျားနာ၊ ရောဂါတွေအတွက် သက်သာပျောက်ကင်းအောင် ဆေးကုသခွင့်ရဖိုကိုလည်း စစ်ဘေးရှောင်တွေ မျှော်လင့်နေကြပါတယ်။

စပါးရွှေဝါ ပြာလိုပုံသွားတဲ့ ဝက်လက်က စပါးကျီတွေ
တိုက်ပွဲတွေဆက်နေတဲ့ စစ်ကိုင်းတိုင်း