စပါးရွှေဝါ ပြာလိုပုံသွားတဲ့ ဝက်လက်က စပါးကျီတွေ

စစ်အာဏာသိမ်း၊ အိမ်မီးရှို့၊ စပါးမီးရှို့

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ပြာဖြစ်သွားတဲ့ စပါးပုံ

အရွယ်ရောက်ပြီးသားလူတစ်ယောက်ရဲ့ အရပ်ကိုကျော်တဲ့ စပါးပုံတွေဟာ ရွှေဝါရောင်အဆင်းကနေ ညိုမည်းသွားပြီး မီးခိုးတွေလည်း တလူလူတွေ ထွက်နေပါတယ်။ စပါးခင်းတချို့ကလည်း မီးလောင်ခံရပြီး ငုတ်ကလေးတွေအဖြစ် ကျန်နေပါတယ်။

ပြာဖြစ်သွားတဲ့ ဒီစပါးတွေဟာ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ ဈေးကောင်းရတဲ့ ရွှေဘိုပေါ်ဆန်းမွှေးစပါးတွေပါ။

မီးလောင်ပြင်မှာ ငုတ်တိုင်တွေ၊ မီးဟပ်ထားတဲ့အုတ်နံရံတွေသာ ကျန်နေတဲ့ အိမ်တချို့ကိုလည်း တွေ့ရပါတယ်။

ဒါတွေက စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် စိုင်နိုင်ကြီး၊ စိုင်နိုင်လေးရွာနဲ့ ရွှေဘိုမြို့နယ်ထဲက ဘုန်းဘွဲ့ကျေးရွာတွေထဲ မတ် ၃ ရက်က စစ်ကြောင်းထိုး မီးရှို့ခံရအပြီး တွေ့ရတဲ့မြင်ကွင်းတွေ ဖြစ်ပါတယ်။

စိုင်နိုင်ကြီးကျေးရွာထဲက မီးလောင်ပြင်ထဲမှာ ဒေါ်အေးအေးငြိမ်း( နာမည်လွှဲ ) ရဲ့ နေအိမ်နဲ့ စပါးတိုက်လည်း ပါပါတယ်။

ရုတ်တရက်ထိုးဝင်လာတဲ့စစ်ကြောင်းမှာ အသက်လုပြေးခဲ့ကြရ

စစ်အာဏာသိမ်း၊ အိမ်မီးရှို့

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မီးရှို့ခံခဲ့ရတဲ့ နေအိမ်တွေ

တောင်သူလယ်သမားတွေကို ဂုဏ်ပြုကြတဲ့ မတ် ၂ ရက် တောင်သူလယ်သမားနေ့အကျော် မတ် ၃ ရက်မှာ ‌ဒေါ်အေးအေးငြိမ်း အပါအဝင် တောင်သူတွေရဲ့ စပါးတွေဟာ ပြာအဖြစ်ကို ပြောင်းလဲသွားတာပါ။

အဲ့ဒီနေ့က ဖြစ်ပျက်ခဲ့တာကို ဒေါ်အေးအေးငြိမ်း ပြန်ပြောပြပါတယ်။

မတ် ၃ ရက်က မီးရှို့ခံရတဲ့ ကျေးရွာ သုံးရွာဟာ ရွှေဘို-မန္တလေး ကားလမ်းကပ်လျက်မှာ ရှိတာပါ။ ဆယ်ဘီးကားနဲ့ ရုတ်တရက်ရောက်လာတဲ့ အင်အား ၂၀ ကျော် စစ်ကောင်စီတပ်တွေဟာ ရွာကို ပတ်လည်ဝိုင်းပီး ပစ်ခတ်တာကြောင့် ရွာသားတွေ အသက်လု ထွက်ပြေးကြရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တချို့မှာ ထွက်မပြေးနိုင်ဘဲ အိမ်ထဲမှာ ပုန်းနေကြရတာပါ။ အဲဒီထဲမှာ ‌ဒေါ်အေးအေးငြိမ်းတို့မိသားစုလည်း ပါပါတယ်။

“သေနတ်သံတွေကြားတော့ ကြည့်လိုက်ရော ဘောင်းဘီတိုတွေ၊ အရပ်ဝတ်တွေနဲ့ရော၊ စစ်တပ်ယူနီဖောင်းတွေနဲ့ရော ဝိုင်းလာကြတာ၊ ဘာမှမပြောဘူး တွေ့တဲ့အိမ်ကို မီးရှို့တာ။ ကျွန်မတို့က ထွက်မပြေးရဲတော့ အိမ်ထဲက မှန်ကနေ အခြေအနေ ချောင်းကြည့်နေတာပေါ့။ ဘေးအိမ်က စပါးတိုက် မီးလောင်တော့ မီးခိုးတွေထွက်လာပြီး အိမ်ထဲကိုဝင်လာတယ်။ အသက်ရှုတွေလည်း ကြပ်လာတယ်။ မှန်တွေကလည်း တကွက်ကွက်နဲ့ အက်လာပြီ။ ပစ်လည်းမတတ်နိုင်တော့ဘူး အသက်လုပြေးမှရမယ်။ မဟုတ်ရင် မီးလောင်ခံရမှာဆိုပြီး စည်းရိုးကိုကျော်ပြီး ပြေးကြရတာ”လို့ သူရင်ဆိုင်ခဲ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။

စစ်ကြောင်းထိုးနိုင်တယ်လို့ သိထားကြပေမဲ့ အရင်အကြိမ်တွေတုန်းကလိုပဲ ကားလမ်းမပေါ်ကနေ ပစ်ခတ်တာလောက်နဲ့ ပြီးသွားမယ်လို့ ထင်ခဲ့ကြတာပါ။ အခုလို ရုတ်တရက်စစ်ကြောင်းဝင်လာတဲ့အခါ ဘာမှ မသယ်နိုင်ကြဘဲ တချို့ဆို ဖိနပ်တောင် မပါကြဘူးလို့ ပြောပါတယ်။

ထွက်ပြေးကြရင်း ဘေးလွတ်မယ်လို့ ထင်တဲ့နေရာကနေ လှမ်းကြည့်တဲ့အခါ ရွာထဲကနေ တလိမ့်လိမ့်တက်လာတဲ့ မီးခိုးတွေကို တွေ့ခဲ့ကြရပါတယ်။

စစ်ကြောင်းက ဝင်ဝင်ချင်း မီးရှို့ပြီးနောက် ချက်ချင်းပြန်ထွက်သွားကြတယ်လို့ ပြောကြပါတယ်။

“သူတို့တွေ မရှိကြတော့ဘူး ၊ ကိုယ့်အိမ်ကို မီးပြန်လာငြှိမ်းကြလို့ အချင်းချင်း ပြောတော့ ပြန်ဝင်ကြည့်တယ်။ ကျွန်မတို့ ဆောက်ထားတဲ့ အုတ်တိုက်လည်း ပြိုပြီ၊ တိုက်မျက်နှာစာ အုတ်နံရံပဲ ကျန်တဲ့ အခု အဲ့ဒါကို လှဲဖို့လုပ်ရမယ်။ အခု ကျွန်မပြောနေတာလည်း အိမ်မီးလောင်ပြင်နေရာ ဝင်ရှင်းရင်းနဲ့ ခဏနားတုန်း ပြောပြနေတာ၊ စပါးကျီတောင် မီးခိုးတွေအူပြီးထွက်နေတာ အခုထိပဲ” လို့ မတ် ၄ ရက် မှာ ဒေါ်အေးအေးငြိမ်းက ပြောပါတယ်။

ဆန်အိတ်၊ ထွန်စက်၊ စပါးတင်း ၅၀၀၊ ဆီ၊ အိမ်တွင်းပစ္စည်း၊ နှမ်းမျိုးစေ့၊ မြေဩဇာ စတဲ့ သူ့မှာ ပိုင်ဆိုင်ထားသမျှအရာအားလုံးဟာ ပြာပုံအဖြစ်ကို ပြောင်းလဲသွားပါပြီ။

ကျည်ဆံတွေကြား စိုက်ခဲ့ရတဲ့စပါး

စစ်အာဏာသိမ်း၊ အိမ်မီးရှို့၊ စပါးခင်းမီးရှို့

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မရိတ်သိမ်းရသေးခင် မီးလောင်ခံရတဲ့ စပါးခင်း

တကယ်တော့ စစ်ကြောင်းအဆက်မပြတ်ထိုးခံနေရတဲ့ ဝက်လက်မြို့နယ်မှာ အသက်နဲ့ရင်းပြီး စပါးတွေစိုက်ခဲ့ကြရတာလို့ တောင်သူတွေက ပြောပါတယ်။

ဒေါ်အေးအေးငြိမ်းဟာ စစ်အာဏာသိမ်းခံရပြီးနောက်ပိုင်း ကိုဗစ်ကပ်ရောဂါတွေ ပြင်းပြင်းထန်ထန် ဖြစ်နေချိန်မှာ ဖခင်ဖြစ်သူ ကိုဗစ်ရောဂါပိုးကြောင့် အသက်ဆုံးရှုံးခဲ့ရပြီးနောက်ပိုင်း လယ်အလုပ်ကို ဦးဆောင်ခဲ့သူပါ။

ဖခင်ဖြစ်သူ ချန်ထားခဲ့တဲ့ အမွေ လယ် ၁၀ ဧကမှာ စပါးစိုက်နိုင်ဖို့ကို ရုန်းကန်ခဲ့ရပါတယ်။ စစ်တပ် တပ်စွဲထားတဲ့ နေရာနဲ့ တစ်မိုင်ကျော်လောက်သာ ဝေးတာမို့ စပါးစိုက်ဖို့ အလုပ်သမားရဖို့လည်း ခက်ခဲခဲ့ပါတယ်။

“စပါးစိုက်နေရင်းရော၊ ရိတ်တုန်းကရော လယ်ထဲရှိနေတုန်း လက်နက်ကြီးနဲ့ပစ်၊ ဗုံးတွေ ကျလို့ ပြေးကြရသေးတယ်။ သေနတ်တွေကြားက စိုက်ခဲ့ရတာပါ။ စိုက်ပြီးတော့လည်း မပြုစုနိုင်ဘူး၊ ရေရှိလည်းရှိ၊ မရှိလည်း ဒီအတိုင်းထားရတာ။ သေချာမပြုစုနိုင်တော့ အထွက်နှုန်းကလည်း လျော့တယ်။”

စစ်အာဏာမသိမ်းခင် စပါးခင်းတွေကို သေချာပြုစုနိုင်တဲ့အရင်နှစ်တွေက တစ်ဧကကို စပါး တင်း ၈၀ ကနေ ၉၀ အထိ ထွက်ခဲ့တာကနေ ဒီနှစ်မှာ တင်း ၄၀ လောက်သာ ထွက်ခဲ့ပါတယ်။

ရန်ကုန်၊ မန္တလေးဘက်တွေမှာသာ ရွှေဘိုပေါ်ဆန်းမွှေးက ဈေးတက်နေပေမဲ့ ဝက်လက်မြို့နယ်အထိလာဝယ်တဲ့ စပါးပွဲစားတွေကတော့ တစ်တင်း ပေါက်ဈေး ၂၆ သိန်းကို ၂၁ သိန်းခွဲပဲ ပေးတယ်လို့ ပြောပါတယ်။

ဒီလိုဈေးနှိမ်ပေမဲ့လည်း ဒေသတွင်းမတည်ငြိမ်တဲ့ အခြေအနေတွေကြောင့် စပါးပွဲစားဆီ ရောင်းချဖို့ စောင့်နေတုန်းမှာပဲ မီးရှို့ခံလိုက်ကြရတာပါ။

မတ် ၃ ရက် တစ်ရက်တည်းမှာပဲ မီးရှို့ခံလိုက်ရတဲ့ စိုင်နိုင်ကြီး၊ စိုင်နိုင်လေးနဲ့ ဘုန်းဘွဲ့ကျေးရွာတွေမှာ နေအိမ်ပေါင်း ရာချီ မီးလောင်ကျွမ်းခဲ့ပြီး ပေါ်ဆန်းစပါးတင်းပေါင်း သောင်းချီ ပြာကျခဲ့တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့အဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီကို ဆန့်ကျင်တဲ့ ဒေသကာကွယ်ရေးတပ်တွေကို ရှင်းလင်းတယ်ဆိုတဲ့ သတင်းတချို့ကို စစ်ကောင်စီ သတင်းထုတ်ပြန်ရေးက ထုတ်ပြန်လေ့ရှိပေမဲ့ အခုအဖြစ်အပျက်အကြောင်းကို တစ်စုံတစ်ရာ ရှင်းလင်းထုတ်ပြန်တာ မရှိသေးပါဘူး။

လယ်မဲ့ဘဝကနေ အိမ်မဲ့ဘဝရောက်သွားသူ

စစ်အာဏာသိမ်း၊ အိမ်မီးရှို့၊ စပါးမီးရှို့

ဓာတ်ပုံ ရင်းမြစ်, CJ

လယ်ယာမရှိတာကြောင့် ဆန်အိတ်သယ်၊ လယ်သူရင်းငှားလုပ်နေရတဲ့ စိုင်နိုင်ကြီးကျေးရွာထဲက ဒေါ်သူဇာရဲ့ စုဆောင်းထားသမျှလည်း မီးရှို့ခံခဲ့ရပါတယ်။

ခင်ပွန်းဖြစ်သူ၊ သားဖြစ်သူနဲ့တန်းတူ ဆန်စက်မှာ ဆန်အိတ်ထမ်းရင်း နေ့စားဘဝနဲ့ ရုန်းကန်နေရတဲ့ ဒေါ်သူဇာဟာ လွန်ခဲ့တဲ့ ၆ လလောက်က တစ်နေ့နည်းနည်းချင်းစီ စုဆောင်းထားတဲ့ ကျပ်ငွေ ၂ သိန်းနဲ့အတူ ဝါးခင်း ၊ ထရံကာ အိမ်လေးလည်း အခုဆို ပြာအဖြစ်သာ ရှိနေပါတော့တယ်။

“တစ်ရက် စားဖို့ကို ခေါင်းမွေးကျွတ်အောင် ရွက်ခဲ့ရတာ။ နိုင်ငံရေးမငြိမ်မှုတွေ၊ စစ်ဘေးရှောင်ရင် သုံးဖို့ စုထားတာ၊ တကယ်စစ်ကြောင်းဝင်လာတော့ ဘာမှ သယ်ချိန်မရဘူး။ ကျွန်မတို့နဲ့ ဝါးနှစ်ပြန်သာသာကို ရောက်နေပြီ။ သေနတ်တွေနဲ့လည်း ပစ်တယ်။ ကျွန်မမှာ ဖိနပ်တောင် မစီးနိုင်ဘူး။ လယ်တောထဲ ဖြတ်ပြေးတာ၊ ချော်လဲပေမဲ့လည်း သူအပူနဲ့သူ ဘယ်သူမှ ကျွန်မကို မထူနိုင်ဘူး။ ကျွန်မလည်း ချုံထူပြီး ပုန်းလို့ရတဲ့နေရာလောက်ကနေ လှမ်းကြီးတော့ အိမ်ကနေ မီးခိုးတွေ ထွက်နေပြီ။ ကျွန်မတော့ ကန်သင်းရိုးမှာပဲ လူးလိမ့်ပြီး ငိုမိတာပါပဲ”လို့ ဒေါ်သူဇာက ပြောပြပါတယ်။

“အိမ်လည်းနေစရာမရှိတော့ဘူး။ စုဆောင်းထားသမျှလည်း ကုန်ပြီ၊ အခုဆို သူများက လာကျွေးတာကို စောင့်နေရတယ်၊ မနေ့က တနေကုန် ငိုမိတယ်။ ဒီနေ့တော့ မငိုတော့ပါဘူး၊ ရွာထဲက စပါးပုံတွေလည်း မီးခိုးတွေနဲ့ လောင်နေတုန်းပဲ”

ဒေါ်အေးအေးငြိမ်းတို့လို နေအိမ်နဲ့ စပါးတွေအကုန်မီးလောင်ပြီး မြေကြီးသာ ကျန်တဲ့ဘဝတွေ၊ ဒေါ်သူဇာတို့လို စုဆောင်းထားသမျှ ပြန်မရနိုင်တော့တဲ့ ဘဝတွေဟာ စစ်ကိုင်းတိုင်းထဲက စစ်ကြောင်းထိုးခံရတဲ့ မြို့နယ်တွေ တော်တော်များများမှာ ကြုံတွေ့နေရတာတွေ ဖြစ်ပါတယ်။

ဒေါ်အေးအေးငြိမ်းနဲ့ ဒေါ်သူဇာတို့လည်း ပြာပုံတွေကြားက ဘဝကို ပြန်တည်ဆောက်ကြဖို့ ကျည်ဆန်တွေကြားကနေ ရုန်းကန်ကြရဦးမှာပဲ ဖြစ်ပါတယ်။

အခုတော့ ဒေါ်သူဇာ တောထဲက အရိပ်တွေအောက်မှာ ထိုင်နေပြီး ရှေ့ဆက်နေထိုင်ဖို့အရေး၊ စားသောက်ဖို့အရေး ဘယ်ကစရမှန်း မသိ မျှော်လင့်ချက် ပျောက်နေပါတယ်။