စစ်ဘေးရှောင်တွေ နေရပ်ပြန်ရေး မိုင်းရှင်းပေးဖို့ ရခိုင်လွှတ်တော်မှာ တိုက်တွန်း

၂ နှစ်ကြာ တိုက်ပွဲတွေကြောင့် စစ်ရှောင် နှစ်သိန်းကျော်ရှိနေ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ၂ နှစ်ကြာ တိုက်ပွဲတွေကြောင့် စစ်ရှောင် နှစ်သိန်းကျော်ရှိနေ

ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းမြို့နယ် ၈ မြို့နယ်နဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့က တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်သူတွေ တိုက်ပွဲတွေ ရပ်သွားလို့ နေရပ်ပြန်နိုင်ရေး မိုင်းရှင်းလင်းပေးဖို့ ရခိုင်ပြည်နယ် လွှတ်တော်မှာ အဆိုတင်သွင်း တိုက်တွန်းခဲ့ပါတယ်။

တပ်မတော်နဲ့ အေအေ နှစ်နှစ်ကြာ တိုက်ပွဲတွေကြောင့် စစ်ရှောင်ခဲ့သူတွေ မူလနေရပ်ကျေးရွာတွေဆီကို လုံခြုံမှုရှိရှိနဲ့ ပြန်လည်သွားရောက်နေထိုင်နိုင်ရေးအတွက် အစိုးရက ပိုမိုကောင်းမွန်တဲ့အကူအညီတွေပေးဖို့ အဆိုကို လက်ရှိကျင်းပနေတဲ့ ၁၅ ကြိမ်မြောက် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယနေ့မှာ ရသေ့တောင်မြို့နယ် အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က တင်သွင်းခဲ့ပါတယ်။

ဒုက္ခသည်တွေ နေရပ်ပြန်သွားတဲ့အခါမှာ ကျေးရွာအနီးဝန်းကျင်နဲ့ သူတို့စားဝတ်နေရေးအတွက် နေ့စဉ်လှုပ်ရှားသွားလာ နေကြရမယ့် တောတောင်တွေထဲမှာစစ်ပွဲတွေအတွင်း ထောင်ထားခဲ့တဲ့ မိုင်းတွေနဲ့ မပေါက်ကွဲသေးဘဲ ကျန်ရှိနေတဲ့ စစ်ကျန်လက်နက်ခဲယမ်းတွေကို ရှင်းလင်းပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

အဲ့ဒီအဆိုကိုတင်သွင်းရတာဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေအနေနဲ့ အိုးအိမ်စွန့်ခွာလာခဲ့ကြတာ နှစ်နှစ်ကျော်လာနေပြီဖြစ်သလို လက်ရှိမှာလည်း တိုက်ပွဲတွေ ရပ်တန့်နေတဲ့အတွက် နေရပ်ပြန်လိုသူတွေများပြားနေပြီး သူတို့နေရပ်ကို ယုံကြည်စိတ်ချစွာ ပြန်လည်သွားနိုင်ဖို့အတွက် အစိုးရကို တိုက်တွန်းရတာဖြစ်တယ်လို့ ဦးဦးသန်းနိုင်က ဆိုပါတယ်။

လက်ရှိမှာ နေရပ်စွန့်ခွာလာခဲ့ကြရတဲ့ အဲ့ဒီစစ်ဘေးရှောင်တွေဟာ သူတို့နေထိုင်ရာဒေသတွေမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ ကြောင့် အိမ်ထောင်စုပေါင်း တစ်သောင်းကျော်၊ လူဦးရေနှစ်သိန်းကျော်တို့ဟာ မြို့နယ်အသီးသီးတို့မှာ ခိုလှုံလျက်ရှိနေကြတာ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်စဥ်ကျန်ခဲ့တဲ့ စစ်လက်နက် အကြွင်းအကျန်တွေကြောင့် နေရပ်ပြန်သူတွေလည်း စီးပွားရေးနဲ့ စိုက်ပျိုးရေး လုပ်ဖို့ခက်ခဲ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, တိုက်ပွဲဖြစ်စဥ်ကျန်ခဲ့တဲ့ စစ်လက်နက် အကြွင်းအကျန်တွေကြောင့် နေရပ်ပြန်သူတွေလည်း စီးပွားရေးနဲ့ စိုက်ပျိုးရေး လုပ်ဖို့ခက်ခဲ

တိုက်ပွဲများရပ်တန့်နေတာ နှစ်လကျော်လာခဲ့ပြီဖြစ်တဲ့အတွက် မူလရပ်ရွာကို ပြန်သွားကြတဲ့ စစ်ဘေး ရှောင်ဦးရေ ရှစ်သောင်းကျော်ရှိနေပြီဖြစ်ပြီး နေရပ်မပြန်နိုင်ကြသေးတဲ့ စစ်ဘေးရှောင်ပေါင်း တစ်သိန်းကျော် ကျန်ရှိနေသေးတယ်လို့ လွှတ်တော်မှာ တင်သွင်းတဲ့အဆိုအရ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၈ မြို့နယ်အတွင်းမှာတော့ နေရပ်စွန့်ခွာနေကြတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလအထိ ၂ သိန်းခွဲနီးပါးရှိခဲ့ပြီး အခုတိုက်ပွဲတွေရပ်တန့်နေတဲ့အချိန်မှာ နေရပ်ကိုပြန်ပြီးကြသူတွေ ရှိနေသလို အဆင်မပြေမှုတွေကြောင့် ပြန်လာသူတွေလည်းရှိနေတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအကြားမှာ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်တွေအတွင်း ကျေးရွာအများအပြားမီးရှို့ခံရမှုကြောင့် ပျက်စီးသွားခဲ့ပါတယ်။

ဒါ့အပြင် ကျေးရွာသားတွေစွန့်ခွာလာခဲ့တဲ့အချိန် သူတို့ရဲ့နေအိမ်တွေမှာကျန်နေခဲ့တဲ့ပစ္စည်းတွေကိုလည်း ဖျက်ဆီးခံလိုက်ရ တာတွေရှိတဲ့အတွက် အဲ့ဒီလူတွေသူတို့ရဲ့ကျေးရွာတွေကို ပြန်လည်သွားရောက်နေထိုင်ဖို့အတွက် အဆင်မပြေတော့တာ ကြောင့် အကူအညီပေးဖို့ လိုအပ်နေတယ်လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့်က ပြောပါတယ်။

လက်ရှိမှာ တိုက်ပွဲတွေရပ်တန့်နေပြီဖြစ်တဲ့အတွက် မူလနေရပ်တွေကို ပြန်ချင်နေကြပေမယ့် နေ့စဉ်လိုလို မိုင်းနဲ့ စစ်လက်နက်ပစ္စည်းပေါက်ကွဲမှုတွေကို ဒေသခံတွေ ကြုံတွေ့ နေကြရတာကြောင့် မပြန်ရဲကြတာဖြစ်တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

နေရပ်ပြန်လာသူတွေဟာလည်း လယ်ယာကိုင်းကျွန်းတွေ၊ ဉယျာဉ်ခြံတွေမှာ ထောင်ထားတဲ့မိုင်းတွေ ပေါက်ကွဲမှုဖြစ်မှာကို စိုးရိမ်ပြီး မသွားရဲမလာရဲကြတဲ့အတွက် စားဝတ်နေရေးအခက်အခဲတွေကို ထပ်ပြီးတော့ကြုံတွေ့နေကြရတယ်လို့ စစ်ဘေး ရှောင်တွေက ပြောပါတယ်။

စစ်ဘေးရှောင်တွေ နေရပ်ပြန်ရေး မိုင်းရှင်းပေးဖို့ ရခိုင်လွှတ်တော်မှာ တိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, CJ

တိုက်ပွဲတွေမရှိတော့တဲ့အချိန် နေရပ်ပြန်ချင်တဲ့ဒုက္ခသည်တွေအနေနဲ့ သက်ဆိုင်ရာကျေးရွာရပ်ကွက် လူကြီးတွေ၊ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့တွေကတစ်ဆင့် တင်ပြရင် နေရပ်ပြန်ရေးအတွက်ဆောင်ရွက်ပေးမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်က ဘီဘီစီကို ပြောဆိုထားပါတယ်။

"ကျွန်တော်တို့ကတော့ ရွာပြန်ချင်တာပေါ့နော်။ ရွာကထွက်လာတာလည်း နှစ်နှစ်ကျော်ပြီ။ ပြန်သွားဖို့ကလည်း အဲ့ဒီကိုရောက် သွားရင် အခက်အခဲတွေကအများကြီးပဲ။ အိမ်တွေလည်းပျက်စီးကုန်ပြီ။ အပင်တွေသေ ဖြစ်နေပြီ။ ပြီးတော့ ရွာထဲမှာမိုင်းထောင်ထားလား၊ ဘယ်နေရာကိုသွားလို့ရနိုင်လဲ။ တောထဲမှာဘာဖြစ်မလဲ ဆိုတာ မသိနိုင်ဘူးလေ။ မသွားရဲကြဘူးပေါ့"လို့ အထက်မြတ်လဲဒုက္ခသည်စခန်းက အသက် ၈၀ ကျော်အရွယ် စစ်ဘေးဒုက္ခသည် ဦးအောင်သာဦးက ပြောပါတယ်။

၂၀၂၀ နိုဝင်ဘာ ၁၀ နောက်ပိုင်းမှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေအတွင်း တိုက်ပွဲဖြစ်ပွားတာတွေ မရှိတော့ပေမဲ့ မြေမြှုပ်မိုင်းတွေနဲ့ မပေါက်ကွဲဘဲ ကျန်နေခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေ ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးမှုတွေက ဆက်လက်ကြုံတွေ့နေကြရဆဲဖြစ်ပါတယ်။

၂၀၂၁ ဇန်နဝါရီတစ်လတည်းမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုသုံးကြိမ်ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးသူတွေ ရှိနေပါတယ်။

ဇန်နဝါရီ ၄ ရက် က ကျောက်တော်မြို့နယ် ခဘော်ကျေးရွာမှာ ထင်းခုတ်သွားတဲ့အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်ခဲ့ပါတယ်။ ၁၀ ရက်မှာ မင်းပြားမြို့နယ် စပါးထားကျေးရွာ လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ၁၂ ရက် မှာ ပလက်ဝမြို့နယ်အတွင်း ဝါးခုတ်သွားတဲ့ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်သွားခဲ့တဲ့ ဖြစ်စဉ်တွေ ဆက်လက်ဖြစ်ပွားနေပါတယ်။