အေအေကို အကြမ်းဖက် သတ်မှတ်ချက်က ပယ်ဖျက်ပေးနိုင်မလား

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ နောက်ဆုံးအစည်းအဝေးကို ဇန်နဝါရီ ၁၁ ရက်နေ့ကစတင် ကျင်းပနေပါတယ်။ ဒီအစည်းအဝေးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အစိုးရရဲ့ ပထမငါးနှစ်တာသက်တမ်းမှာ နောက်ဆုံးအစည်းအဝေးဖြစ်သလို ၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီးမှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးလည်းဖြစ်ပါတယ်။
လွှတ်တော်ပထမနေ့မှာတော့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက သူတာဝန်ယူခဲ့တဲ့ ငါးနှစ်တာအတွင်း မှာ ဘာတွေဆောင်ရွက်ခဲ့လဲ၊ ဘယ်လောက်အောင်မြင်မှုရှိခဲ့လဲဆိုတာနဲ့ ပတ်သက်လို့ လွှတ်တော်အစပိုင်းမှာ တစ်နာရီကြာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
အဲ့ဒီမိန့်ခွန်းဟာ ဝန်ကြီးချုပ်သက်တမ်းငါးနှစ်တာအတွင်းမှာ ဒုတိယအကြိမ်ပြောကြားတဲ့ မိန့်ခွန်းဖြစ်သလို ပထမအကြိမ် မိန့်ခွန်းကိုတော့ ဝန်ကြီးချုပ်အဖြစ် တာဝန်ခန့်အပ်ခြင်းခံခဲ့ရတဲ့ ၂၀၁၆ ခုနှစ် ဒုတိယအကြိမ်လွှတ်တော် ပထမအစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ရက္ခိုင့်တပ်တော် အေအေကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာထားရာကနေ ပြန်လည်ပယ်ဖျက်ပေးဖို့ ရခိုင်ပြည်နယ်လွှတ်တော်ကတစ်ဆင့် အစိုးရကို တိုက်တွန်းကြောင်းအဆိုကို ဇန်နဝါရီ ၁၁ ရက် အစည်းအဝေးမှာ မြောက်ဦးမြို့ နယ် ပြည်နယ်လွှတ်တော် အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ရခိုင်အမျိုးသားပါတီANP က ဦးထွန်းသာစိန်က တင်သွင်းခဲ့ပါတယ်။
အဲ့ဒီအဆိုနဲ့ပတ်သက်လို့ ဘူးသီးတောင်မြို့နယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ANP ပါတီကဦးထွန်းအောင်သိန်းက ထောက် ခံဆွေးနွေးခဲ့ပြီး အဆိုနဲ့ပတ်သက်လို့ လွှတ်တော်မှာ ဆက်လက်ဆွေးနွေးသွားဖို့ ကိုယ်စားလှယ်တွေက ထောက်ခံခဲ့ကြပါတယ်။
ဘာကြောင့်အကြမ်းဖက်က ပယ်ဖျက်စေချင်တာလဲ

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
ရခိုင်ပြည်နယ်ဟာ ၂၀၁၈ ဒီဇင်ဘာလကုန်ပိုင်းကနေ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား နှစ်ဖက် တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ကြပြီး ၂၀၂၀ မတ်လ ၂၃ ရက်နေ့မှာ ရက္ခိုင့်တပ်တော် အေအေကို ပြည်ထောင်စုအစိုးရ အဖွဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာခဲ့တာ ဖြစ်ပါတယ်။
အကြမ်းဖက်အဖွဲ့အဖြစ် မသတ်မှတ်မီကာလကနေ သတ်မှတ်ပြီးနောက်ပိုင်းကာလတွေအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်းနဲ့ ချင်းပြည်နယ်တောင်ပိုင်းက ပလက်ဝမြို့နယ်တွေမှာ နှစ်နှစ်ခန့်အကြာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေခဲ့ကြပါတယ်။
၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲအတိုင်ခင် ရက်ပိုင်းအတွင်းမှာတော့ နှစ်ဖက်တိုက်ပွဲတွေ လျော့နည်းသွားခဲ့ပြီး ရွေးကောက်ပွဲအလွန် နိုဝင်ဘာ ၁၀ ရက်နေ့နောက်ပိုင်းမှာ ရခိုင်နဲ့ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေ လုံးဝ ရပ်တန့်သွားခဲ့တာကို တွေ့ရပါတယ်။
တိုက်ပွဲတွေမရှိတော့သလို စစ်ရေးလှုပ်ရှားမှုတွေလည်းမရှိတော့တဲ့အပြင် နှစ်နှစ်ခန့်အကြာ တိုက်ပွဲပြင်းထန်ခဲ့တဲ့ နှစ်ဖက်တပ်တွေအကြား ဆွေးနွေးမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။
တစ်ဖက်ရဲ့သဘောထားတွေကို တစ်ဖက်က ထောက်ခံမှုတွေရှိလာသလို အကြမ်းဖက်ဆိုတဲ့ ဝေါဟာရတွေကိုလည်း တပ်မတော်အနေနဲ့ မသုံးနှုန်းတော့တာ တွေ့ရပါတယ်။
အခုလို အခြေအနေမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုဆောင်ရွက်ကြတဲ့အခါမှာ အနှောင့်အယှက်ဖြစ်စေမယ့် အကြမ်းဖက်ဆိုတဲ့ သတ်မှတ်ချက်တွေကို အစိုးရအနေနဲ့ပယ်ဖျက်ပေးသင့်တယ်လို့ အဆိုတင်သွင်းခဲ့တဲ့ ဦးထွန်းသာစိန်က ပြောပါတယ်။
"ငြိမ်းချမ်းရေးကို အနှောင့်အယှက် အဟန့်အတားပြုနေတာက အကြမ်းဖက်ဆိုတဲ့ပုဒ်မ၊ မတရားအသင်းဆိုတဲ့ပုဒ်မတွေ ပေါ့နော်။ အမှန်တကယ်ငြိမ်းချမ်းရေးကိုတည်ဆောက်မယ်၊ ထာဝရငြိမ်းချမ်းရေးကို သွားချင်တယ်ဆိုလို့ရှိရင် ဒီအကြမ်းဖက် ဆိုတဲ့ အမည်နာမကိုပယ်ဖျက်ပေးရမှာဖြစ်ပါတယ်။ ပြန်လည်ရုပ်သိမ်းမှပဲ ငြိမ်းချမ်းရေးခရီးရောက်မယ်လို့ထင်ပါတယ်"လို့ အဆိုတင်သွင်းခဲ့တဲ့ ဦးထွန်းသာစိန်က ပြောပါတယ်။
ပဋိပက္ခတွေကြားက ငါးနှစ်တာ
အခုနှစ်ပိုင်း ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မှာ အစိုးရအဖွဲ့ဟာ တာဝန်ယူခဲ့ရတဲ့ ငါးနှစ်တာအတွင်းမှာ စိန်ခေါ်မှုတွေကြား တည်ငြိမ်ရေးနဲ့ ဒေသဖွံ့ဖြိုးရေး ကဏ္ဍကြီးနှစ်ခုကို တစ်ပြိုင်နက်တည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဝန်ကြီးချုပ် ဦးညီပုက ၁၅ ကြိမ်မြောက်အစည်းအဝေး ပထမနေ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
လက်ရှိရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြတဲ့ စစ်ဘေးဒုက္ခသည်တွေ နေရေးထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေး၊ ပညာရေးတွေမှာ လိုအပ်တဲ့အကူအညီတွေ ရရှိဖို့အတွက်ကိုလည်း ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးတို့ရဲ့ ရန်ပုံငွေထဲက ငွေကျပ်သန်းပေါင်း ၂ ဒသမ ၂၂၉ ဘီလီကုန်ကျခံပြီး ဒုက္ခသည်စခန်းတွေကို ဆောက်လုပ်ပေးခဲ့တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ဒါပေမဲ့ ဦးညီပုအစိုးရလက်ထက်မှာ ပဋိပက္ခတွေ ပိုမိုဖြစ်ပွားလာခဲ့ပြီး အစိုးရအနေနဲ့ အဲ့ဒီပြဿနာတွေကို တာဝန်ယူနိုင်ခဲ့ခြင်းမရှိဘူးလို့ ထောက်ပြသူတချို့လည်းရှိနေပါတယ်။
အစိုးရနဲ့လွှတ်တော် ပွတ်တိုက်မှု
၂၀၁၆ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အစိုးရအဖွဲ့မှာ NLD ပါတီက ဉီးညီပုကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့ပြီး အများစုအနိုင်ရရှိခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ANP နဲ့ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းမရှိဘူးလို့ လွှတ်တော်ကိုယ်စားလှယ် တချို့က ဆိုပါတယ်။ လွှတ်တော်ကိုတော့ အမတ်အင်အားများတဲ့ ရခိုင်အမျိုးသားပါတီက သြဇာသက်ရောက်လာခဲ့ပါတယ်။
အဲ့ဒီကနေစတင်ပြီးတော့ လွှတ်တော်နဲ့ အစိုးရတို့အကြားမှာ အက်ကွဲမှုတွေ ရှိလာခဲ့သလို ဒေသတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေ နဲ့ပတ်သက်ပြီး နှစ်ဖက်ညှိနှိုင်းဆောင်ရွက်နိုင်ခြင်းမရှိတဲ့အတွက် အစိုးရနဲ့လွှတ်တော်အကြားမှာလည်း ကြီးမားတဲ့ပွတ်တိုက်မှုတွေ ကြုံခဲ့ရပါတယ်။
တစ်ဖက်နဲ့တစ်ဖက် စွပ်စွဲပြစ်တင်တဲ့အထိ ဖြစ်ခဲ့ပြီး ဝန်ကြီးတွေကို ဖြုတ်ချတဲ့အနေအထားကို ရောက်ရှိခဲ့ပါတယ်။
အစိုးရနဲ့လွှတ်တော်အကြား သဘောထားကွဲလွဲမှုတွေမှာ NLD အမတ်တချို့ပါတီက နုတ်ထွက်သွားကြတာတွေရှိသလို တချို့အမတ်တွေလည်း ANP အမတ်တွေနဲ့ ပူးပေါင်းပြီး အစိုးရကို စွပ်စွဲပြစ်တင်တဲ့ ဆောင်ရွက်ချက်တွေမှာ ပါဝင်ခဲ့ကြသူတွေလည်း ရှိခဲ့ပါတယ်။
ဝန်ကြီးချုပ်ကတော့ လွှတ်တော်ကိုယ်စားလှယ်တွေ တင်ပြခဲ့တဲ့ ကတိကဝတ်တွေနဲ့ ပတ်သက်လို့ အများစုကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ပြီး ကျန်တဲ့ ကတိကဝတ်တွေကို အသစ်တက်လာမယ့် အစိုးရကို လွှဲပြောင်းပေးသွားမယ်လို့ ငါးနှစ်တာမိန့်ခွန်းထဲမှာ ပြောဆိုထားပါတယ်။
စစ်တွေမြို့နယ် လွှတ်တော်ကိုယ်စာလှယ် ဦးကျော်ဇောဦးက "ကျွန်တော်တို့ လွှတ်တော်အမတ်တွေကြားမှာ ရခိုင်ပြည်နယ်အစိုးရဟာ လုပ်ဆောင်မှု ညံ့ဖျင်းတယ်။ ဝန်ကြီးတစ်ပါးပါးကို ဖြုတ်ရမယ့်အစား အစိုးရအဖွဲ့ကိုတာဝန်ယူထားတဲ့ ဝန်ကြီးချုပ်ကိုဖြုတ်ရမှာဖြစ်တယ်ဆိုတာ ကျွန်တော်တို့ အငြင်းအခုန်ဖြစ်ခဲ့တာ ရှိတယ်။ ဒါပေမယ့် ဦးညီပုကို စွပ်စွဲပြစ်တင်တဲ့အဆင့်ကို မရောက်ခဲ့ဘူး။ ကျွန်တော်တို့က အဆိုတင်တယ်။ အတည်ပြုလိုက်တဲ့ အဆိုပေါင်း ၆၀ ကျော်ထဲက ၃၀ လောက်ကိုပဲ လုပ်ဆောင်ခဲ့တာရှိတယ်။ အဲ့ဒီ ၃၀ လောက်မှာတောင် အားရဖွယ် မရှိဘူး"လို့ ပြောပါတယ်။
မကြာခင် အစိုးရသစ်အဖွဲ့ကို ဖွဲ့စည်းရာမှာ ပြည်နယ်ရဲ့ ဒေသန္တရအုပ်ချုပ်ရေးကို ဦးဆောင်ပြီး အကောင်အထည်ဖော်ရမယ့် တာဝန်ရှိပုဂ္ဂိုလ်ဟာ ပြည်နယ်ရဲ့သဘောထားကိုထင်ဟပ်တဲ့ ပြည်သူကို မျက်နှာမူတဲ့ ပြည်သူကို ကိုယ်စားပြုတဲ့သူ ဖြစ်စေချင်တယ်လို့ ဦးကျော်ဇောဦးက အကြံပြုပါတယ်။








