မြန်မာမှာ ဒုက္ခသည် ၂ သန်းကျော်သွားပြီ

ရခိုင်စစ်ရှောင်တွေ

ဓာတ်ပုံ ရင်းမြစ်, Myint Lwin/BBC

ဓာတ်ပုံ ပုံစာ, ရခိုင်စစ်ရှောင်တွေ

ရခိုင်ပြည်နယ်အထိ ပဋိပက္ခကျယ်ပြန့်လာချိန်မှာပဲ စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံမှာ ဒုက္ခသည် ၂ သန်းကျော်သွားပြီလို့ ကုလသမဂ္ဂက ပြောလာပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး အန်တော်ညူ ဂူတားရက်ရှ်က မြန်မာမှာ ပဋိပက္ခကျယ်ပြန့်လာတဲ့အခြေအနေကို စိုးရိမ်ကြောင်းပြောရင်း ဒုက္ခသည် ၂ သန်းကျော်ရှိလာတယ်လို့ နိုဝင်ဘာလ ၁၅ ရက်မှာ ထုတ်ပြန်ပြောဆိုတာဖြစ်ပါတယ်။

အထွေထွေအတွင်းရေးမှူးချုပ်ကတော့ သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေအနေနဲ့ နိုင်ငံတကာ လူသားချင်း စာနာမှု အကူအညီပေးရေးဥပဒေတွေကိုလိုက်နာပြီး အရပ်သားတွေကို အတတ်နိုင်ဆုံး အကာအကွယ်ပေးဖို့ တောင်းဆိုပါတယ်။

ဒါ့အပြင် အာဆီယံ၊ ဒေသတွင်းနဲ့ နိုင်ငံတကာမိတ်ဖက်တွေနဲ့အတူလက်တွဲမယ့်အပြင် အကြမ်းဖက်မှုတွေရပ်တန့်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်အမှတ် ၂၆၆၉ နဲ့အညီ လုပ်‌ဆောင်သွားမယ်လို့လည်း သူက ပြောပါတယ်။

ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ဟာ လုံခြုံရေး‌ကောင်စီက မြန်မာ့အရေးနဲ့ပတ်သက်ပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ဆုံးဖြတ်ခဲ့တဲ့ဆုံးဖြတ်ချက်ဖြစ်ပြီး အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကိုလွှတ်ပေးဖို့၊ အာဆီယံသဘောတူညီချက်တွေကို အကောင်အထည်ဖို့၊ မြန်မာပြည်သူတွေရဲ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိုလေးစားလိုက်နာဖို့နဲ့ လူသားချင်းစာနာမှုအကူအညီ တွေကိုအကန့်အသတ်မရှိပေးခွင့်ပြုဖို့အချက်တွေ ပါဝင်ပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးနဲ့ မရှိမဖြစ်လိုအပ်တဲ့အကူအညီတွေကိုဖြစ်နိုင်တဲ့နည်းလမ်းကနေ အဟန့်အတားမရှိ မြန်မြန်ဆန်ဆန်ရောက်ရှိရေး အထွေထွေအတွင်းရေးမှူးချုပ်က တောင်းဆိုသလို ကုလသမဂ္ဂအေဂျင်စီနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ဘေးကင်းမှုလည်း အရေးကြီးတဲ့အကြောင်း သူက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာပြည်တွင်းမှာရှိတဲ့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ကတော့ ဝင်ရောက်ကူညီခွင့်ဆိုင်ရာနဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာအကန့်အသတ်တွေရှိနေကြောင့် ကယ်ဆယ်ရေးအကူအညီပေးရန်စီစဉ်ကြိုးစားထားတာတွေ အချိန်ကြာမြင့်နှောင့်နှေးတာ၊ ရွှေ့ဆိုင်းရတာတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေကြတဲ့ လူပေါင်း ၂ သန်းကျော်ကို ကုလသမဂ္ဂအပါအဝင် ပြည်တွင်း၊ ပြည်ပနိုင်ငံတကာအဖွဲ့အစည်းတွေက ဇန်နဝါရီ ကနေ စက်တင်ဘာ ၉ လအတွင်း ကယ်ဆယ်ရေးတွေလုပ်ဆောင်နိုင်အောင် အကူအညီပေးခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဘီဘီစီကို ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြန်မာနိုင်ငံလူသားချင်းစာနာထောက်ထားမှုရန်ပုံငွေ(MHF) ကနေလည်း နောက်ထပ်အမေရိကန်ဒေါ်လာ ၁ သန်းကို ရှမ်းပြည်နယ်‌မြောက်ပိုင်းက မိတ်ဖက်အဖွဲ့အစည်းတွေဆီချိတ်ဆက်ပြီး အရေအတွက်ပိုများလာတဲ့ စစ်ဘေးရှောင်တွေနဲ့ အကူအညီလိုအပ်နေတဲ့နေရာတွေဆီ ထောက်ပံ့ပေးသွားမယ်လို့ ကုလသမဂ္ဂကပြောပါတယ်။

ဒီနှစ်အတွင်းမှာလည်း အမေရိကန်‌ဒေါ်လာ ၂.၅ သန်းကို ပြည်တွင်းပြည်ပမှာရှိတဲ့ NGOအဖွဲ့အစည်းတွေနဲ့ ဒေသတွင်းလူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီကနေတစ်ဆင့် ကူညီထောက်ပံ့မှုတွေပေးနိုင်အောင် ခွဲဝေပေးထားတယ်လို့ လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ် အတွင်း ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်နေတယ်ဆိုပေမယ့် ၂၈ ရာခိုင်နှုန်းလောက်သာ ထောက်ပံ့ပေးနိုင်ပြီးတော့ နောက်ထပ်ကူညီမှုတွေပေးနိုင်ဖို့အတွက် ခွင့်ပြုချက်နဲ့ ပံ့ပိုးမှုတွေ အရေးပေါ်လိုအပ်နေတယ်လို့ လည်းပြောပါတယ်။

ကုလသမဂ္ဂကတော့ မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအပြင် NGO နဲ့ ‌‌ဒေသတွင်းလူမှုကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေကတဆင့် ‌‌ငွေကြေး၊ စားနပ်ရိက္ခာ၊ အမိုးအကာနှင့် မရှိမဖြစ်လိုအပ်တဲ့ အထောက်အပံ့ပစ္စည်းတွေကို အကူအညီလိုအပ်နေတဲ့နေရာတွေဆီ ပိတ်ပင်တားဆီးတာတွေမရှိဘဲ ထိထိရောက်ရောက်ဝင်ရောက်ကူညီနိုင်ဖို့ ဘက်ပေါင်းဆုံနဲ့ ဆွေးနွေးနေတယ်လို့ ပြောပါတယ်။

‘‘စစ်ကောင်စီဘက်ကခေါင်းဆောင်တွေက စစ်ရှောင်တွေကို လူသားချင်းစာနာမှုထောက်ထားတဲ့ အကူအညီပေးရေးအပိုင်းမှာ မြင်တဲ့အမြင်တွေကို ကွဲပြားတာမျိုးတော့ရှိတယ်။ ကုလသမဂ္ဂအောက်က နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေက နေပြည်တော်နဲ့ အလုပ်လုပ်ရင် အပြစ်တင်ခံရတာမျိုးရှိတော့ ဗဟိုအာဏာပိုင်တွေနဲ့ မဟုတ်ဘဲ ဘေးပန်းက လူတွေ၊ မြေပြင်က လူတွေနဲ့ အပျော့ဆုံးလမ်းကြောင်းဖြစ်အောင် အရပ်ဘက်လည်းပါတဲ့ အပစ်ရပ်စောင့်ကြည့်ရေးပူးတွဲအဖွဲ့(JMC)လိုကနေ တဆင့် စစ်ကိုင်းနဲ့ မကွေးဘက်က စစ်ရှောင်တွေကို ကူညီနိုင်အောင်လုပ်နေတယ်’’ လို့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

တဖက်မှာလည်း စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံအတွက် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အောက်ကနေ အာဆီယံလူသားချင်းစာနာမှုအကူအညီပေးရေးရုံး(AHA Center) က အကူအညီပေးရေး လုပ်ငန်းတွေကို စစ်ကောင်စီဝန်ကြီးဌာနတွေနဲ့ ပူးတွဲလုပ်ဆောင်နေပါတယ်။

AHA Center ဟာ ပြီးခဲ့တဲ့နှစ်မေလမှာ မြန်မာအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေး အတိုင်ပင်ခံအစည်းအဝေးကို ကျင်းပခဲ့ပြီး ကယား(ကရင်နီ)၊ ကရင်၊ မကွေး၊ စစ်ကိုင်းနဲ့ ပဲခူးတိုင်းတွေမှာ အကူအညီတွေပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း အာဆီယံလူသားချင်းစာနာမှုအကူအညီပေးရေးရုံးက စစ်ကောင်စီဝန်ကြီးဌာနတွေနဲ့ ပူးပေါင်း လုပ်ဆောင်နေတာဟာ အမှန်တကယ်အကူအညီလိုနေတဲ့စစ်ရှောင်တွေဆီကို အကူအညီတွေမရောက်နိုင်ဘူး ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုအကူအညီပေးရေး တက်ကြွလှုပ်ရှားတဲ့အဖွဲ့တွေက ဝေဖန်ပါတယ်။

မြန်မာစစ်ခေါင်းဆောင်ကတော့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေဖြစ်တဲ့ INGO နဲ့ NGO အဖွဲ့တွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေက ကြပ်မတ်ထိန်းသိမ်းဖို့ စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြီးခဲ့တဲ့ဇွန်လတုန်းကပြုလုပ်တဲ့ အစည်းအဝေးမှာ သူ့ဝန်ကြီးတွေကိုမှာကြားခဲ့ဖူးပါတယ်။

ပြည်ပအကူအညီတချို့က INGO ၊ NGO တွေကတစ်ဆင့်လာတာဖြစ်ပြီး အကူအညီပေးနေတဲ့ အဖွဲ့အစည်းနဲ့ နိုင်ငံတွေက အသုံးချနေတာတွေရှိတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

စစ်ကောင်စီက အကူအညီပေးရေးအဖွဲ့တွေရဲ့ သဘောတရားကို နားမလည်တဲ့အပြင် အာဏာသိမ်းပြီးတဲ့နောက် NGO တွေအပေါ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကတဆင့် တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခဲ့တယ်လို့ NGO တချို့က ဘီဘီစီကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးအပြောင်းအလဲကြောင့် NGO တွေအပေါ် ဆက်ဆံရေးအပြောင်းအလဲ ဖြစ်လာမလားလို့ မျှော်လင့်ထားပေမဲ့ အပြောင်းအလဲမရှိခဲ့သလို လက်ရှိကာလမှာလည်း ပဋိပက္ခဒေသတွေပိုကျယ်ပြန့်လာတာက လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးအတွက် အကြီးအမားဆုံးအဟန့်အတားဖြစ်နေတယ်လို့ ပြောဆိုချက်တွေလည်းရှိနေပါတယ်။