“ဖြိုချခံနေရ”တဲ့ လူထုအတွက်ကျန်းမာရေး

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံကို စီမံအုပ်ချုပ်နိုင်အောင် နည်းပေါင်းစုံနဲ့ လုပ်ဆောင်နေတဲ့အထဲမှာ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆိုရင် သူ့လက်အောက်က နိုင်ငံပိုင် ဆေးရုံတွေလည်ပတ်နိုင်ရေးကို အရေးတကြီး လုပ်ကိုင်နေရပုံပါ။
အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ရက်ပိုင်းလောက်အချိန်ကစပြီး ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ၊ ဆေးရုံဝန်ထမ်းတွေ အများအပြားရဲ့ CDM ဆန့်ကျင်မှုတွေစခဲ့တာကြောင့် လုပ်ငန်းမလည်ပတ်နိုင်တဲ့ ရန်ကုန် ဆေးရုံကြီးမှာ အခုအချိန်မှာတော့ ကျန်းမာရေးစောင့်ရှာက်မှုလုပ်ငန်းတွေ ပြန်လည် ဆောင်ရွက်ပေးနေနိုင်တဲ့အကြောင်း မေလ ၁၂ ရက်ထုတ် စစ်ကောင်စီပိုင် သတင်းစာ တစ်စောင်ထဲမှာ အကျယ်တဝင့် ရေးပါတယ်။
စာမျက်နှာ ၂ မျက်နှာလောက်ရေးထားတဲ့ အဲဒီသတင်းထဲ ရန်ကုန်ဆေးရုံကြီးမှာ တစ်နေ့ကို ပြင်ပလူနာ ၅၀၀ ကျော်ကြည့်ရှုပေးနေပြီး ၊ အတွင်းလူနာ ၁၇၀ ကျော် တက်ရောက်ကုသပေးလျှက်ရှိတယ်လို့ ဆိုပါတယ်။
“OPD ပြင်ပလူနာ အဲဒီလောက်အရေအတွက်ထိ ကြည့်ပေးနိုင်လောက်အောင် ဆရာဝန် မရှိဘူး” လို့ ရန်ကုန်ဆေးရုံကြီးက လတ်တလောအခြေအနေကို သိထားတဲ့ ဒေါက်တာ စည်သူ က ဘီဘီစီကို ပြောပါတယ် (ဒီဆရာဝန်ရဲ့ အမည်က အမည်ရင်း မဟုတ်ဘဲ၊ သူ့လုံခြုံရေးအရ အမည်ကို လွှဲပြီးရေးထားတာပါ၊ အဲဒီလိုပဲ ဒီဆောင်းပါး မှာ ပါတဲ့ သူတွေရဲ့ အမည်ကို အမည်ရင်းအတိုင်း ဖော်ပြမထားပါဘူး)။
ဆေးကုသဆောင်တွေ (Medical Wards)၊ ခွဲစိတ်ကုသဆောင်တွေ (Surgical Wards) အပါအဝင် ရန်ကုန်ဆေးရုံကြီးမှာ အထူးဌာနပေါင်းများစွာရှိပါတယ်။
အရင်ပုံမှန်အခြေအနေ၊ အချိန်ကာလတွေကဆိုရင် ဆေးကုသဆောင် (Medical Wards) ဆိုင်ရာ တာဝန်ယူထားကြတဲ့ ဆရာဝန်တွေက OPD ပြင်ပလူနာ ကြည့်ပေးရတဲ့ လူနာတွေအရေအတွက်ဟာ နေ့စဉ် အယောက် ၂၀၀ လောက် ရှိပြီး၊ “အခုဆိုရင် ၂၀ လောက်ကိုသာ ကြည့်ပေးနိုင်တော့တာ”လို့ သူက ဆက်ပြောပြ ပါတယ်။
ကုတင် ၂၀၀၀ ဆံ့တဲ့ရန်ကုန်ဆေးရုံကြီးထဲကို ဝင်ကြည့်မယ်ဆိုရင် အရင်က ကြားကုတင်တွေ၊ စင်္ကြန်လမ်းတွေက ကုတင်တွေမှာတောင် လူနာတွေပြည့်နေတဲ့ အခြေအနေက လုံးဝ ပြောင်းလဲ သွားပြီလို့ပြောပါတယ်။
“ဆေးကုသဆောင်(Medical Wards) ဆိုရင် အဆောင် ၇ ဆောင် (Ward) ရှိပြီး အရင်က ဆိုရင် ၁ ဆောင် ကို လူနာ ၁၀၀ ကျော် အတွင်းလူနာအဖြစ် ရှိနေ တတ်တယ်။ အခုက အဲဒီ ၇ ဆောင်မှာ ၁ ဆောင်ပဲ ဖွင့်နိုင်ပြီးတော့ တက်နေတဲ့ လူနာက ၅၀ တောင် မရှိပါဘူး” လို့ ဒေါက်တာ စည်သူက ဆိုပါ တယ်။
အဲဒီဆေးကုသဆောင်မျိုးဆိုတာက ကုသဆောင် ၁ ဆောင်မှာ “ပါမောက္ခ ဆရာဝန်၊ အတိုင်ပင်ခံ ဆရာဝန်၊ လက်ထောက်အတိုင်ပင်ခံ ဆရာဝန်၊ မဟာတန်းအတွက် လာတက်နေရင်း ဆေးကုသပေးတဲ့ ဆရာဝန်၊ လက်ထောက်ဆရာဝန်၊ ဘွဲ့ရ အလုပ်သင်ဆရာဝန် စတဲ့ ဆရာဝန်ပေါင်း ၅၀ လောက်နဲ့ နေ့၊ည အလုပ်လုပ်ကြ တာဖြစ်ပြီး အခုအခြေအနေက ဆရာဝန် ၄ ယောက်နဲ့ အလုပ်လုပ်နေကြတာ” လို့ သူကပြောပါတယ်။
ဒါ့အပြင် CDM လုပ်ထားတဲ့ အရေအတွက် အများအပြားသော သူနာပြုတွေ၊ အခြား ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးရုံဝန်ထမ်းတွေကလည်း စစ်ကောင်စီ လက်အောက် ကို ပြန်ဝင်လုပ်ကိုင်ရမှာကို မလိုလားကြတဲ့အတွက် ရန်ကုန်ဆေးရုံကို ပြန်လာပြီး အလုပ်မဝင်ကြဘူးလို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
နယ်ဆေးရုံတွေမှာလည်း မလည်ပတ်နိုင်တာတွေကြုံနေရ
နယ်ဘက်က ဆေးရုံတွေအခြေအနေကို ဘီဘီစီကစုံစမ်းကြည့်တဲ့အခါ အရင် CDM လုပ်နေတဲ့ ဆရာဝန်တွေထဲက တချို့ လုပ်ငန်းခွင်ပြန်ဝင်လာကြတယ်ဆိုတာသိရ ပေမဲ့လည်း ဆေးရုံ လုပ်ငန်းတွေက ပုံမှန်ပြန်လည်ပတ်နိုင်ဖို့အခြေအနေနဲ့ အတော့ကို အလှမ်းကွာနေတာကိုလည်း သိရပါတယ်။
ကရင်ပြည်နယ်အတွင်း ကုတင် ၅၀ ဆံ့ မြို့နယ်ဆေးရုံတစ်ခုမှာ ပုံမှန်က ဆရာဝန်တွေ၊ သူနာပြုတွေ၊ ဆေးရုံဝန်ထမ်းတွေ အယောက် ၅၀ လောက်နဲ့ လည်ပတ်နေတဲ့ ဆေးရုံဟာ အခုအချိန်မှာ ၁၀ ယောက်လောက်နဲ့ပဲ လည်ပတ်နေရတယ်လို့ သိရပါတယ်။
“မြို့နယ်ဆရာဝန်က အလုပ်ပြန်ဝင်ပေမဲ့ လက်ထောက်ဆရာဝန်တွေ၊ သူနာပြုတွေ အတော်များများကအလုပ်ပြန်မဝင်ကြတော့ ဆေးရုံက ဖြစ်ရုံလုပ်နေကြတာ”လို့ ဒေါက်တာ ကောင်းမြတ်ကပြောပါတယ်။
ကုတင် ၅၀၀ ဆံ့ ဘားအံဆေးရုံကို လူနာလွှဲဖို့အရေး၊ အဲဒီ ပြည်နယ်ဆေးရုံမှာလည်း အလားတူလုပ်ငန်းမလည်ပတ်နိုင်တဲ့ အခြေအနေကိုတွေ့နေရပြီး၊ ဘားအံက ကုတင် ၁၀၀ ဆံ့ စစ်ဆေးရုံလည်း ဆေးရုံက နိုင်တဲ့ ဝန်ရဲ့ ၃ ဆ လောက်ဖြစ်နေပြီလို့ သူက ဆက်ပြောပြပါတယ်။
မွန်ပြည်နယ်ဘက်က ဆေးရုံတွေလည်း အလားတူ အခြေအနေတွေပါ။
“ဆရာဝန်ကြီးတချို့ တလေ CDM ဖျက်ပြီး အလုပ်ပြန်ဝင်ကြတယ်၊ ဒါပေမဲ့ ဆေးရုံဆိုတာက လက်ထောက်ဆရာဝန်တို့၊ သူနာပြုတို့ စတဲ့သူတွေရှိမှ အလုပ်ဖြစ် မှာလေ” လို့ ဒေါက်တာ အေးအောင်က ဆိုရင်း မော်လမြိုင်က ကုတင် ၅၀၀ ဆံ့ဆေးရုံကြီးမှာ အလုပ်လုပ် နေကြတဲ့ ကျန်းမာရေးဝန်ထမ်းအားလုံးပေါင်းဟာ အရင်တုန်းကအင်အားရဲ့ ၂၀% လောက်ပဲရှိတော့တာကို သူသိထားရတဲ့ အကြောင်း ပြောပြပါတယ်။
လျှို့ဝှက်ဆေးကုပေးနေရတဲ့ ဆရာဝန်တွေ
CDM ဆရာဝန်တွေ၊ သူနာပြုတွေကို စစ်ကောင်စီက နိုင်ငံတော် တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေတယ်လို့ စွပ်စွဲကာ ပုဒ်မ ၅၀၅ (က)တပ်ပြီး ဝရမ်းထုတ်တဲ့ စာတွေကို နေ့စဉ်လိုလို ထုတ်ပြီးကြေညာနေပါတယ်။
အရင်အချိန်က ကိုဗစ်ကာကွယ်၊ ထိန်းချုပ် တားဆီးရေးမှာ ထိပ်တန်းကနေ တက်တက်ကြွကြွပါဝင် ဆောင်ရွက်ခဲ့တဲ့ ဆရာဝန်ကြီးအဆင့်ရှိတဲ့သူတွေတောင် အခုအချိန်မှာ ဖမ်းဆီး ထောင်ချခံရတာကို ကြုံနေရတာလို့ ကျန်းမာရေး အသိုင်း အဝိုင်းကပြောပါတယ်။
စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်တွေက ပစ်ခတ် သတ်ဖြတ်တဲ့အတွက် လမ်းပေါ်ထွက်ဆန္ဒပြတာတွေ အခုအချိန်ထိ ရှိနေသေးပေမဲ့ အရင်ကထက် အင်အားများစွာလျော့ကျသွားပါတယ်။
ဒီလိုပဲ CDM လုပ်တဲ့သူတွေကို ဖိအားပေါင်းစုံပေးလိုက်ရင် အဲဒီလှုပ်ရှားမှု ပြိုကွဲသွားမယ်လို့ စစ်ကောင်စီဘက်ကဗျူဟာချ လုပ်ကိုင်နေတဲ့ပုံရှိပါတယ်။
ဒေါက်တာကောင်းမြတ်က “အခုအချိန်မှာက ဒီလိုဗျ၊ ဒီဆရာဝန်၊ ဒီသူနာပြု၊ ဒီ(ကျောင်း)ဆရာ၊ ဆရာမ ၅၀၅ ထဲပါနေတယ်ဆိုပြီး အရပ်ထဲမှာ သတင်း အရင်ဖြန့်လိုက်ကြတယ်။ အဲဒီနောက် အဲဒီ စရဖတို့၊ SB တို့၊ သူတို့နဲ့ နီးစပ်တဲ့ ပြည်သူ့စစ် BGF တို့ကနေပြီးတော့ သက်ဆိုင်ရာလူရဲ့ အိမ်ကို သွားပြီး ၅၀၅ ထဲ မပါအောင်လုပ်ပေးမယ်၊ ၅ သိန်းပေး၊ ၁၀ သိန်းပေး အဲဒီလို လုပ်ငွေညှစ် နေကြတာ”လို့ ပြောပါတယ်။ ဒီလိုပြောတာနဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာမျိုးတော့ မရှိသေးပါဘူး။
CDM ပါဝင်တဲ့သူ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီရဲ့ဖိအားတွေက များများလာနေသလို၊ လူနာတွေကို ကျန်းမာရေးစောင့်ရှောက်ပေးခွင့်ဆိုင်ရာ အခွင့် အရေးကိုလည်း စစ်ကောင်စီက ပိတ်ပင်နေတာလို့လည်းဆိုပါတယ်။
အဲဒီ ဆရာဝန်တွေ၊ သူနာပြုတွေအနေနဲ့ ပရဟိတဆေးရုံ၊ ဆေးခန်းတွေ၊ အပြင်ဆေးခန်းတွေမှာ လူနာတွေကို ကုသပေးခွင့်မရအောင် အဲဒီသူတွေကို လက်ခံရင် ဆေးရုံ၊ ဆေးခန်းတွေကို လုပ်ငန်းလုပ်ခွင့်လိုင်စင် ပိတ်သိမ်းမယ်ဆိုတဲ့ အမိန့်ကို စစ်ကောင်စီက ထုတ်ထားပါတယ်။
“ဆရာဝန်တွေက၊ ဖုန်းက၊ အွန်လိုင်းကတစ်ဆင့် လူနာတွေကို ဘာတွေဖြစ်လဲမေး၊ ကိုယ်တိုင်တော့ စမ်းသပ်လို့ မရတော့ဘူးပေါ့၊ ဆေးစစ်ဖို့လိုရင် ဆေးသွားစစ်ဖို့ပြော၊ ဓာတ်မှန်ရိုက်ဖို့လိုရင် ဓာတ်မှန်သွားရိုက်၊ သူတို့က ပြန်ပို့၊ အဲဒီလို ကြည့်ပေး နေရတယ်၊ ဘာလုပ်၊ ဘာဆေးဝယ် သောက်ပေါ့၊ အဲဒီလိုပဲ လူနာကို ကြည့်ပေး နေရတယ်”လို့ ဒေါက်တာအေးအောင်က ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
လူထုရဲ့ ကျန်းမာရေး
လူနာတွေအခြေအနေက ဝန်ထမ်းအင်အား သိပ်ကိုအားနည်းနေပြီဖြစ်တဲ့ ဆေးရုံ တွေမှာ ပုံပြီးသွားစောင့်နေကြရတာ၊ အရည်အသွေး ပိုထိုးပြီး နိမ့်ကျသွားတဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကြုံတွေ့နေကြရတာကို ဆရာဝန်တွေအနေနဲ့ မြင်နေ၊ သိနေ၊ ကြားနေ ကြရပါတယ်။
“ပရဟိတဘက်၊ အပြင်ဆေးခန်းဘက် လုပ်ပေးနေတဲ့ ဆရာဝန်တွေကို သွားပိတ်တာ က ကျန်းမာရေးစနစ်ကို ပိုဆိုးသွားစေတာ၊ (စစ်ကောင်စီ)ဆေးရုံတွေက လည်ပတ် မယ်ဆိုရင်လည်း၊ သွက်ချာပါဒ လိုက်နေမှာ” လို့ ဒေါက်တာ ကောင်းမြတ် က ဆိုပါတယ်။
ဒေါက်တာ စည်သူကတော့ လူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုစနစ်က “ဖြိုချခံနေရတာ၊ သူတို့ (စစ်ကောင်စီ)က ဖြိုချပစ်လိုက်တာ၊ ပြိုလည်းပြိုနေပြီ”လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ဆေးရုံတွေမှာ ဆရာဝန်တွေ၊ လက်ထောက်ဆရာဝန်တွေ မြန်မြန် အားဖြည့်နိုင်အောင် ကန်ထရိုက် စာချုပ်နဲ့ ခေါ်မယ်၊ ဆရာဝန် ဘွဲ့ရထားခါစတွေသူ တွေကို ဆေးရုံတွေမှာ မလုပ်မနေရ စနစ်နဲ့ ခေါ်မယ် စသဖြင့် စစ်ကောင်စီရဲ့ ခြေလှမ်းတွေကို ကြားနေကြရပေမယ့် အဲဒါတွေကလည်း အောင်မြင်မှာ မဟုတ်ဘူး လို့ ကျန်းမာရေး အသိုင်းအဝိုင်းက မြင်ကြပါတယ်။
အရင် လူထုကတင်မြှောက်တဲ့ အစိုးရလက်ထက်မှာတောင် “in service (အစိုးရဆေးရုံ အတွက်) ခေါ်ရင် လူ ၁၀၀ နေရာစာအတွက်ခေါ်ရင် လျှောက်တဲ့ သူက ၂ ယောက် ၊ ၃ ယောက်လောက်ပဲ ရှိတာ” လို့ ဆရာဝန်တွေက ပြောပါတယ်။
အစိုးရဆေးရုံတွေမှာ ရတဲ့လစာ၊ အလုပ်တာဝန် ကျယ်ပြန့်တိုးတက်လာနိုင်တဲ့ အခွင့်အလမ်း စတာတွေဘက်မှာ နည်းပါးလွန်း၊ နိမ့်ကျလွန်းတဲ့ အခြေအနေတွေနဲ့မို့ ဆရာဝန်ဘွဲ့ရထားသူ၊ သူနာပြုဘွဲ့ရထားသူနဲ့ အခြားကျန်းမာရေး ပညာရပ်ဆိုင်ရာ တတ်ကျွမ်းထားသူတွေက ဟိုးအရင်ကတည်းက အဲဒီဘက်မှာ အလုပ်ဝင်ဖို့ မလိုလား ခဲ့ကြတာပါ။
အစိုးရဆေးရုံကို ဝင်ခဲ့ကြတဲ့အများစုက ပညာဆက်ရှာနိုင်ဖို့ဖြစ်စေ၊ အများပြည်သူ အတွက်အလုပ်လုပ်ပေးတယ်ဆိုပြီး ဂုဏ်ယူနိုင်ဖို့ဖြစ်စေ ရည်မျှော်ချက်တွေနဲ့ ဝင်ခဲ့ကြတာပါ။ အခုတော့ အစိုးရ ဆေးရုံဆိုတာကို သူတို့မြင်တဲ့ အမြင်က စစ်အာဏာသိမ်းပြီးနောက်ပိုင်း သူတို့ မြင်ခဲ့ ကြုံခဲ့ရတဲ့ အဖြစ်တွေအပေါ်မူတည်ပြီး ပြောင်းလဲသွားပါပြီ။
ဒေါက်တာအေးအောင်က “အရင် အင်္ဂလိပ်အုပ်ချုပ်တဲ့ ကိုလိုနီခေတ်မှာတောင် ဘိုကျောင်း မတက်ချင်ကြလို့ အမျိုးသားကျောင်းတွေဖွင့်ကြတယ်၊ ဖွင့်ခွင့်ရတယ်၊ တက်လည်း တက်နိုင်ကြ တယ်၊ အခု ဆရာဝန်တွေ၊ သူနာပြုတွေ၊ ဝန်ထမ်းတွေ ကိုယ့်ဆေးခန်း၊ ကိုယ့်ဆေးရုံ ထောင်မယ်လေ၊ လူနာတွေကို ကုပေးမယ်၊ ကုသခ ယူတာလည်းရှိမယ်၊ အခမဲ့ကုဖို့ လိုတာတွေကိုလည်း အခမဲ့ ကုပေးမယ်၊ ဒါဟာ ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ၊ လူနာတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးပဲ မဟုတ်ဘူးလား”လို့ ပြောပါတယ်။








