မိုဟာမက်အယ်လ် ဖာယက် - အမျိုးသမီးဝန်ထမ်းတွေကိုမုဒိမ်းမှုကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရသူ

    • ရေးသားသူ, ကေစီ ကောနစ်ရှ် ထရက်စ်ထရေးလ်၊ ကေတင်စတုန်း၊ အဲရစ်ကာ ဂွန်နော်လ်နဲ့ ဆာရာဘဲလ်
    • ရာထူးတာဝန်, ဘီဘီစီ သတင်း

လန်ဒန်က တန်ဖိုးကြီးပစ္စည်းတွေရောင်းတဲ့ နာမည်ကျော် Harrods စတိုးဆိုင်ကြီးကို ပိုင်ဆိုင်ခဲ့တဲ့ အီဂျစ် သူဌေးကြီး မိုဟာမက် အယ်လ်ဖာယက်က သူတို့ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ဆိုင်ဝန်ထမ်းဟောင်း အမျိုးသမီး ငါးဦးက ထုတ်ပြောလာပါတယ်။

အသက် ၉၄ နှစ်အရွယ်နဲ့ ပြီးခဲ့တဲ့နှစ်က ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ဘီလျံနာ မိုဟာမက် အယ်လ်ဖာယက်ရဲ့ ကုန်တိုက်မှာ အလုပ်လုပ်ခဲ့တဲ့ အမျိုးသမီးဝန်ထမ်းဟောင်း ၂၀ ကျော်ရဲ့ ထွက်ဆိုချက်တွေကို ဘီဘီစီက ကြားသိခဲ့ရပါတယ်။

အမျိုးသမီးတွေအပြောအရ အယ်လ်ဖာယက်က သူတို့ကို လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုသာမက တချို့ကို အဓမ္မပြုကျင့်တာပါ လုပ်ခဲ့တယ်လို့ ပြောပါတယ်။

အယ်လ်ဖာယက် သို့မဟုတ် ဟားရော့ဒ်က သားရဲ လို့ နာမည်ပေးထားတဲ့ မှတ်တမ်းရုပ်ရှင်နဲ့ ပေါ့ဒ်ကတ်စ်ရဲ့ အချက်အလက် သက်သေစုဆောင်းတွေ့ရှိခဲ့ချက်မှာ ဟားရော့ဒ်ကုန်တိုက် က ( တာဝန်ရှိသူတွေဟာ) အယ်လ်ဖာယက်အဲဒီ ဆိုင် ပိုင်ရှင်ဖြစ်ချိန်က ကုန်တိုက်မှာ ဖြစ်ပျက်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး ကြားဝင်ဖြေရှင်းပေးဖို့ ပျက်ကွက်ခဲ့ရုံမက စွပ်စွဲချက်ရှိခဲ့တာတွေကိုတောင် ဖုံးဖိထားခဲ့တာကို တွေ့ရပါတယ်။

လက်ရှိ ဟားရော့ဒ်ပိုင်ရှင်တွေကတော့ ဒီစွပ်စွဲချက်တွေက “လုံးဝ ထိတ်လန့်စရာ” ဖြစ်ပြီး အယ်လ်ဖာယက်ရဲ့ သားကောင်ဖြစ်ခဲ့ရသူတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ရိုးသားစွာ တောင်းပန်တယ်လို့ ပြောပါတယ်။

“ဒီကုမ္ပဏီမှာ အကျင့်ပျက်ခြစားမှုတွေနဲ့ ဖိနှိပ်စော်ကားမှုတွေက ပင့်ကူအိမ်လိုပဲ ရှုပ်ထွေးပြီး မယုံနိုင်စရာ ကောင်းပါတယ်” လို့ ဖာယက်ကို တရားစွဲဆိုထားတဲ့ အမျိုးသမီးတွေရဲ့ ကိုယ်စားပြု ဥပဒေရေးရာအဖွဲ့က ရှေ့နေ ဘရုစ်ဒရမ်မွန်က ပြောပါတယ်။

ဒီဆောင်းပါးမှာ တချို့ အသေးစိတ်အချက်အလက်တွေက စိတ်အနှောင့်အယှက်ဖြစ်နိုင်စရာရှိတဲ့ အကြောင်း ကြိုတင်အသိပေးထားချင်ပါတယ်။

ဒီအဖြစ်အပျက်တွေက လန်ဒန်၊ ပါရီ၊ စိန့်ထရိုပက်ဇ်နဲ့ အဘူဒါဘီတို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဖာယက်ရဲ့ Park Lane တိုက်ခန်းမှာ အဓမ္မပြုကျင့်ခံခဲ့ရတယ်ဆိုတဲ့ အမျိုးသမီးတစ်ဦးကတော့ “ကျွန်မ အဲဒီလို မဖြစ်ချင်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ ကျွန်မသဘောမတူဘူးဆိုတာလည်း ပြောခဲ့ပါတယ်။ ကျွန်မ အဲဒီအဖြစ်ကြီးကိုပဲ ပြီးသွားစေချင်ခဲ့တာပါ” လို့ ပြောပါတယ်။

နောက်ထပ် အမျိုးသမီးတစ်ဦးကတော့ ဖာယက်က သူပိုင်တဲ့ Mayfair အိမ်မှာ သူ့ကို အဓမ္မပြုကျင့်ခဲ့တုန်းက သူက ဆက်ကျော်သက်အရွယ်ပဲ ရှိသေးတယ်လို့ ဆိုပါတယ်။

“မိုဟာမက် အယ်လ်ဖာယက်က မကောင်းဆိုးဝါးတစ်ကောင်လိုပဲ၊ ကိုယ့်ကျင့်တရားဘာမှမရှိတဲ့ လိင်ဘက်မှာ အငမ်းမရဖြစ်နေတဲ့ သားရဲတိရစ္ဆာန် တစ်ကောင်လိုပဲ'' လို့ အဲဒီအမျိုးသမီးက ပြောပါတယ်။ ''ဟားရော့ဒ်က ဝန်ထမ်းအားလုံး သူ့ရဲ့ 'စေလိုရာစေ' လိုဖြစ်နေတယ်'' လို့ဆိုပါတယ်။

“ကျွန်မတို့ အားလုံး အရမ်းကြောက်နေခဲ့ရတယ်။ သူက ကျွန်မတို့ဆီမှာ အကြောက်တရားကို မွေးထည့်ခဲ့တာ။ သူက ဝန်ထမ်းတွေကို 'ခုန်' လို့ ပြောရင် 'ဘယ်လောက်မြင့်မြင့် ခုန်ရမလဲ' လို့ ပြန်မေးမိကြတာမျိုးပါ။''

ဖာယက် အသက်ရှင်နေချိန်တုန်းက လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကို ရင်ဆိုင်ခဲ့ရပေမဲ့ အခု စွပ်စွဲချက်တွေကတော့ အတိုင်းအတာကြီးမားသလို ပိုပြီးလည်း ဆိုးဝါးပါတယ်။ သူ့ရဲ့ အစော်ကားခံခဲ့ရသူ နောက်ထပ် အမျိုးသမီးတွေ အများကြီး ရှိနေဦးမယ်လို့လည်း ဘီဘီစီအနေနဲ့ ယုံကြည်ပါတယ်။

"အကျင့်တန်သူ ဖာယက်"

ဖာယက်ရဲ့ စီးပွားရေးလုပ်ငန်း ဘဝအစက အီဂျစ်နိုင်ငံ၊ အလက်ဇန္ဒရီးယားမြို့ လမ်းတွေပေါ်မှာ အချိုရည်ရောင်းတဲ့ လမ်းဘေးစျေးသည်ဘဝကနေ စတာပါ။

ဒါပေမဲ့ မီလျံနာ ဆော်ဒီလက်နက်ပွဲစားရဲ့ ညီမနဲ့ အိမ်ထောင်ကျလိုက်တာက ဖာယက်ရဲ့ စီးပွားရေးအင်ပါယာကို ချဲ့ထွင်နိုင်အောင် အထောက်အပံ့ဖြစ်ခဲ့ပါတယ်။

သူက ယူကေကို ၁၉၇၄ ခုနှစ်မှာ ပြောင်းရွှေ့ခဲ့ပြီး ၁၉၈၅ မှာ သူ ဟားရော့ဒ်ကုန်တိုက်ကို လက်လွှဲရယူချိန်မှာတော့ အများပြည်သူကြားမှာ လူသိများထင်ရှားသူဖြစ်နေပါပြီ။ ၁၉၉၀ နဲ့ ၂၀၀၀ ပြည့်နှစ်တွေက လူကြည့်များတဲ့ တီဗီရှိုးတွေ၊ ဖျော်ဖြေရေးရှိုးတွေမှာ ဧည့်သည်အဖြစ် ပုံမှန်ပါဝင်ခဲ့ပါတယ်။

အဲဒီအတောအတွင်းမှာပဲ ၁၉၉၇ ခုနှစ်က ဝေလမင်းသမီး ဒိုင်ယာနာနဲ့အတူ ပဲရစ်မြို့မှာ ယာဥ်တိုက်မှုဖြစ်ပြီး သေဆုံးသွားတဲ့ သူ့ရဲ့ သားဖြစ်သူ ဒိုဒီ အကြောင်းကို Netflix ရဲ့ The Crown ရုပ်သံ ဇာတ်လမ်းတွဲ ၂ တွဲမှာ ဖော်ပြခံရတဲ့အခါ ဖာယက်ရဲ့အကြောင်းကို အခုခေတ်လူငယ်တွေပြန်ပြီး သတိထား သိသွားခဲ့ကြပါတယ်။

ဒါပေမဲ့ အများကြားမှာ နှစ်လိုဖွယ်နဲ့ ခပ်ပျော်ပျော်နေတတ်သူလို့ ထင်ရအောင်ပုံဖော်ထားတဲ့ သူ့ရဲ့ ပုံရိပ်ဟာ သူရဲ့ တကယ့်အစစ်အမှန် မဟုတ်ဘူးလို့ ဘီဘီစီက စကားပြောခွင့်ရခဲ့တဲ့အမျိုးသမီးတွေက ပြောပြကြပါတယ်။

''သူက လူယုတ်မာတစ်ယောက်'' လို့ ၁၉၈၈ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်အထိ ဖာယက်ရဲ့ကိုယ်ရေးကိုယ်ရေးလက်ထောက်အဖြစ် လုပ်ကိုင်ခဲ့တဲ့ ဆိုဖီယာ ကပြောပါတယ်။ ဖာယက်က သူ့ကို တစ်ကြိမ်ထက်မက မုဒိမ်းကျင့်ဖို့ ကြိုးစားခဲ့တယ်လို့ဆိုပါတယ်။

''အဲဒါက ကျွန်မကို အတော် ဒေါသဖြစ်စေပါတယ်။ သူ့ကို လူတွေက အဲဒီပုံမျိုးနဲ့ (ပျော်ပျော်နဲ့ နှစ်လိုဘွယ်ကောင်းသူလို့) အမှတ်ရနေတာမျိုး မဖြစ်သင့်ပါဘူး။ သူက အဲဒီလိုလူမျိုး မဟုတ်ပါဘူး" လို့ ဆိုဖီယာက ပြောပါတယ်။

အချို့အမျိုးသမီးတွေက သူတို့နာမည်သုံးခွင့်ပေးပြီး၊ အချို့ကတော့ တစိတ်တပိုင်းသုံးခွင့်ပေးပါတယ်။ ဘီဘီစီအနေနဲ့ ဖြေဆိုသူအမျိုးသမီးတွေရဲ့ မျိုးရိုးနာမည်တွေကို မသုံးဖို့ သဘောတူခဲ့ပါတယ်။ တချို့ကတော့ သူတို့ ဘယ်သူဘယ်ဝါဆိုတာ ဖွင့်ချမပြဖို့ ရွေးချယ်ပါတယ်။ သူတို့အားလုံးရဲ့ သက်သေခံချက်တွေအရ ဖာယက်ဟာ သားကောင်ကိုချောင်းသလို အမျိုးသမီးငယ်တွေကို ချောင်းပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တတ်သူတစ်ယောက် ဖြစ်တယ်ဆိုတာ ပေါ်လွင်လာခဲ့ပါတယ်။

ဟားရော့ဒ် ပိုင်ရှင်ဟာ ကျယ်ပြောလှတဲ့စတိုးဆိုင်ရဲ့ အရောင်းပြခန်းအထပ်ထပ်ဆီကို ပုံမှန်လာရောက်လေ့ရှိပါတယ်။ အဲဒီက ငယ်ရွယ်လှပပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီး အရောင်းဝန်ထမ်းတွေကို သူ မှတ်ထားခဲ့ပါတယ်။ ပြီးရင်တော့ အဲဒီအမျိုးသမီးငယ်တွေကို ရာထူးတိုးပေးပြီး အပေါ်ထပ်က သူ့ရဲ့ ရုံးခန်းကိုရွှေ့ပြီး အလုပ်လုပ်ခိုင်းတတ်တယ်လို့ အမျိုးသား၊ အမျိုးသမီး ဝန်ထမ်းဟောင်းတွေက ဘီဘီစီကိုပြောပါတယ်။

နိုင်ထက်စီးနင်း လိင်အမြတ်ထုတ်တဲ့ ဒီလိုကိစ္စတွေကို ဟားရော့ဒ်က ဖာယက်ရဲ့ ရုံးခန်း၊ သူ့ရဲ့ လန်ဒန်က တိုက်ခန်း ဒါမှမဟုတ် နိုင်ငံခြားခရီးစဥ်တွေမှာလုပ်ခဲ့တာပါ။ များသောအားဖြင့် ပဲရစ်က သူပိုင်တဲ့ Ritz ဟိုတယ်နဲ့ ဟိုတယ်အနီးက သူ့ရဲ့ ဝင်ဆာဗီလာအိမ်ရာမှာလည်း ဖြစ်ခဲ့ပါတယ်။

ဟားရော့ဒ်က တခြားဝန်ထမ်းဟောင်းတွေကလည်း အဲဒီအချိန်မှာ ဘာတွေ ဖြစ်နေခဲ့တယ်ဆိုတာ အားလုံးက သိကြပါတယ်လို့ ဘီဘီစီကို ပြောပါတယ်။

''အဲဒီတံခါးကနေ အထဲကိုဝင်သွားချိန်မှာ ကျွန်မတို့ တစ်ယောက်ကို တစ်ယောက်ကြည့်နေခဲ့မိတယ်၊ သနားဖို့ကောင်းတဲ့ မိန်းကလေးရယ်၊ ဒီနေ့က နင်ကံဆိုးတဲ့နေ့ပဲလို့ စိတ်ထဲကနေ ပြောမိတယ်။ တားလိုက်ဖို့လည်း ဘယ်လိုမှ အင်အားမရှိ မတတ်နိုင်ဘူး'' လို့ အဲလစ်လို့ အမည်ပြောင်းထားတဲ့ မိန်းကလေးတစ်ယောက်က ပြန်ပြောပြပါတယ်။

'သူ ကျွန်မကို မုဒိမ်းကျင့်ခဲ့တယ်'

ရေချယ် (အမည်လွှဲ) ဟာ ၁၉၉၀ ခုနှစ်ကာလတွေက ဟားရော့ဒ်မှာ ဖာယက်ရဲ့ လက်ထောက်ကိုယ်ရေးအရာရှိအဖြစ် လုပ်ခဲ့ပါတယ်။

အလုပ်ပြီးတဲ့ တစ်ညမှာတော့ လန်ဒန်ရဲ့ Hyde Park ကို အပေါ်စီးကနေ မြင်နေရတဲ့ Park Lane မှာရှိတဲ့ ဇိမ်ခံတိုက်ခန်းကြီးကိုလာဖို့ ဖာယက်က သူ့ကို ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအဆောက်အဦမှာ လုံခြုံရေးတွေ အများကြီးချထားပြီး ဟားရော့ဒ်ဝန်ထမ်းတွေ အလုပ်လုပ်တဲ့ရုံးခန်းတစ်ခုလည်း ရှိပါတယ်။

ဖာယက်က သူ့ကို ကုတင်ပေါ်ထိုင်ခိုင်းပြီး သူ့ပေါင်ကို လှမ်းကိုင်တယ်လို့ ရေချယ်ကပြန်ပြောပါတယ်။ သူဘာလိုချင်နေတယ်ဆိုတာ သိသာပါတယ်လို့ ဆိုပါတယ်။

“သူ့ခန္ဓာကိုယ်ကြီးက ကျွန်မအပေါ် မှာ ရောက်နေတာကို မှတ်မိနေတယ်။ သူ့အသံတွေ ကြားနေရတယ်။ ပြီးတော့… ကျွန်မ ခေါင်းထဲမှာတော့ တခြားနေရာတစ်ခုကို ရောက်နေတယ်။

''သူ ကျွန်မကို မုဒိမ်းကျင့်ခဲ့တယ်။''

အမှတ် ၆၀ Park Lane က အိမ်မှာ ဖာယက်က သူတို့ကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တဲ့အကြောင်း အမျိုးသမီး ၁၃ ဦးက ဘီဘီစီကို ပြောခဲ့ပါတယ်။ ရေချယ် အပါအဝင် အဲဒီအထဲက လေးဦးကတော့ သူတို့ အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတယ်ဆိုတဲ့ ဆိုဖီယာကတော့ သူဖြစ်ပျက်ခဲ့ရတဲ့ အခြေအနေတစ်ခုလုံးက သူ့ဘဝမှာ ရှောင်လွှဲလို့မရတဲ့ အိပ်မက်ဆိုးတစ်ခုလို့ ပြောပါတယ်။

“ကျွန်မအဲဒီကနေ ထွက်သွားလို့မရဘူး။ ကျွန်မမှာ အလုပ်ထွက်ရအောင် ပြန်သွားစရာ မိသားစုအိမ်လည်း မရှိဘူး။ အိမ်လခ ပေးစရာရှိနေတယ်။ ကျွန်မ မလိုချင်ပေမဲ့ အဲဒါကို ဖြတ်ကျော်ရမယ်ဆိုတာ သိတယ်။ တကယ်ကို ကြောက်စရာကောင်းပြီး ကျွန်မခေါင်းတွေ ပူထူရှုပ်ထွေးခဲ့ရတယ်။”

၂၀၀၇ - ၀၉ ခုနှစ်တွေအထိ ဖာယက်ဆီမှာ ကိုယ်ရေးလက်ထောက်လုပ်ခဲ့တဲ့ ဂျန်မာကတော့ နိုင်ငံခြားခရီးစဥ်တွေမှာ ဖာယက်ရဲ့အပြုအမူက ပိုပြီးကြောက်စရာကောင်းလာခဲ့တယ်လို့ပြောပါတယ်။

ပဲရစ်မြို့ Bois de Boulogne က ဝင်ဆာဗီလာမှာ သူ့ကို ဖာယက်က အဓမ္မပြုကျင့်ခဲ့တယ်လို့ ဂျန်မာက ပြောပါတယ်။ အဲဒီအိမ်က အရင်က အင်္ဂလန်က အဋ္ဌမမြောက် အက်ဒွပ်ဘုရင် နန်းစွန့်အပြီး ကြင်ယာတော် ဝေါလေ့စ် ဆင်မဆင်နဲ့အတူ နေခဲ့တဲ့ အိမ်ဖြစ်ပါတယ်။

ဂျန်မာက အိပ်ခန်းထဲမှာ အိပ်နေရင်း သူ အလန့်တကြား နိုးလာတယ်လို့ ဆိုပါတယ်။ ပိုးသား ညအိပ်ဝတ်စုံ ဝတ်ထားတဲ့ ဖာယက်က သူ့ရဲ့ အိပ်ရာဘေးကိုရောက်နေပြီး သူနဲ့ အိပ်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

''ကျွန်မက မလုပ်ပါနဲ့ ၊ မလုပ်ချင်ပါဘူး'' လို့ပြောတယ်။ ဒါပေမဲ့ သူကကျွန်မ အိပ်ရာထဲကို အတင်းဝင်လာတယ်။ သူက ကျွန်မကိုယ်ပေါ်ကို ရောက်လာတော့ ကျွန်မလုံးဝကိုလှုပ်လို့မရခဲ့ဘူး''

''ကျွန်မက ကုတင်ပေါ် မှောက်လျက်သားနဲ့ အပေါ်ကသူက ကျွန်မကိုဖိထားတယ်။”

ဖာယက် သူ့ကို အဓမ္မပြုကျင့်ပြီးနောက်မှာ သူ ငိုခဲ့တယ်လို့ ဂျန်မာကပြောပါတယ်။ အဲဒီအချိန်မှာပဲ ဖာယက်က ထလိုက်ပြီး သူ့ကို ဒက်တော (ပိုးသတ်ဆေး) နဲ့ သွားဆေးလိုက်ဆိုပြီး မာမာထန်ထန် အော်ဟစ်ပြောဆိုခဲ့တယ်လို့ ဂျန်မာကပြန်ပြောပြပါတယ်။

“သေချာတာက သူကျွန်မ အနား ရောက်ခဲ့တယ်ဆိုတဲ့ အထောက်အထား သူ့ခြေရာလက်ရာတွေကို ဖျောက်ဖျက်ပစ်ချင်ခဲ့တာပါ” လို့ ဂျန်မာက ပြောပါတယ်။

ဖာယက်ရဲ့ ပဲရစ်မြို့ကအိမ်တွေမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရကြောင်း နောက်ထပ် အမျိုးသမီး ရှစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။ အဲဒီထဲက အမျိုးသမီးငါးဦးကတော့ ဖာယက်က သူတို့ကို အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တယ်လို့ ပြောပါတယ်။

'အများသိတဲ့ လျှို့ဝှက်ချက်'

“အမျိုးသမီးတွေကို ထိပါးခဲ့တာကို ဆိုင်မြေညီထပ်က အရောင်းခန်းမမှာရှိကတည်းက သတိထားမိခဲ့တယ်'' လို့ ၁၉၉၄ ကနေ ၂၀၀၄ ခုနှစ်အထိ ဟားရော့ဒ်မှာ ဆိုင်မန်နေဂျာလုပ်ခဲ့တဲ့ တိုနီလီမင်က ပြောပါတယ်။

အဲဒါက “လျှို့ဝှက်ချက်တောင် မဟုတ်ခဲ့ဘူး” လို့ သူကပြန်ပြောပြီး လိင်ပိုင်းအမြတ်ထုတ်တာ ဒါမှမဟုတ် မုဒိမ်းကျင့်ဖို့ ကြိုးစားတာမျိုးလို ပြင်းထန်တဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်တာတွေကိုတော့ သူ မသိခဲ့ဘူးလို့ မစ္စတာလီမင် က ပြန်ပြောပြပါတယ်။

"ကျွန်တော်သိရင် လူတိုင်းလည်းသိမယ်ထင်တယ်။ မသိဘူးလို့ပြောရင် အဲဒီလူ လိမ်တာပဲ၊ ဒါပါပဲ။"

မစ္စတာလီမင်ရဲ့ ထွက်ဆိုချက်ကို ဖာယက်ရဲ့ လုံခြုံရေးအဖွဲ့က အဖွဲ့ဝင်ဟောင်းတွေကလည်း ထောက်ခံထားပါတယ်။

''ဖာယက်က ငယ်ရွယ်တဲ့ မိန်းကလေးတွေအပေါ် အတော်ကြီးကို စိတ်ဝင်စားမှုရှိတာကို ကျွန်တော်တို့ သိရှိခဲ့ပါတယ်” လို့ ဟားရော့ဒ်မှာ ထောက်လှမ်းရေးအရာရှိအဖြစ် ၁၉၇၉ ခုနှစ်မှာ အလုပ်စဝင်ခဲ့ပြီး ၁၉၈၅ ခုနှစ်ကနေ ၉၅ ခုနှစ်အထိ လုံခြုံရေးဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး အဖြစ်လုပ်ခဲ့သူ အီမွမ်ကွိုင်းလ် က ပြောပါတယ်။

သူ့ရဲ့ မျိုးရိုးအမည်ကို မသုံးစေချင်တဲ့ စတိဗ်ကတော့ ၁၉၉၄-၉၅ ခုနှစ် အပိုင်းအခြားမှာ ဖာယက်ဆီမှာ အလုပ်လုပ်ခဲ့သူပါ။ “ဟားရော့ဒ် နဲ့ Park Lane လမ်းက အိမ်မှာ တချို့မိန်းကလေးတွေနဲ့ တစ်ခုခု ဖြစ်နေခဲ့တယ်ဆိုတာ" လုံခြုံရေးဝန်ထမ်းတွေက သိခဲ့ပါတယ်လို့ ဘီဘီစီကို ပြန်ပြောပြကြပါတယ်'။

ဖာယက်ဆီမှာ အလုပ်လုပ်ခဲ့တဲ့ အမျိုးသမီးဝန်ထမ်းအများစုရဲ့ ဘီဘီစီကိုပြောပြချက်အရဆိုရင် သူတို့လုပ်ငန်းခွင် စဝင်ချိန်မှာ ဆရာဝန်ဆီမှာ ဆေးစစ်ခံရပြီး လိင်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ပါ ခန္ဓာကိုယ်ကို ထဲထဲဝင်ဝင်စစ်ဆေးခံရတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဆေးစစ်တာကို အကျိုးခံစားခွင့်ပေးသလိုနဲ့ လုပ်ခဲ့တာပါလို့ အမျိုးသမီးတွေကတော့ပြောပါတယ်။ ဒါပေမဲ့ အများစုရဲ့ ဆေးစစ်ရလဒ်တွေ ဖာယက်ဆီကို ပို့လိုက်ရပေမဲ့ ကာယကံရှင်တွေကတော့ သူတို့ရဲ့ ဆေးစစ်တဲ့ရလဒ်ကို မသိခဲ့ရပါဘူး။

''စဥ်းစားကြည့်ရင်မြင်ပါတယ်။ လိင်ပိုင်းဆိုင်ရာကျန်းမာရေးစစ်ဆေးတယ်ဆိုတာက အကျိုးအမြတ်ရှိဖို့ မလိုတဲ့သူဆိုရင် သိဖို့မလိုတဲ့ကိစ္စလေ။ တစ်စုံတစ်ယောက်က ကျွန်မနဲ့ အိပ်ဖို့ စိတ်ဆန္ဒမရှိရင် ဒါတွေဘာလို့လုပ်ဖို့လိုမလဲ။ အခုတောင်ပြန်တွေးရင် တကယ့်ကို ကြောက်စရာကောင်းပြီး စိတ်အနှောက်အယှက်ဖြစ်ရတယ်'' လို့ ၂၀၀၅ ခုနှစ်က အကြီးတန်းလက်ထောက်လုပ်ခဲ့တဲ့ ကက်သရင်းက သူ့ အတွေ့အကြုံကို ပြောပြပါတယ်။

'မွေးမြူထားတဲ့ အကြောက်တရား'

ဘီဘီစီက စကားပြောခဲ့ရတဲ့ အမျိုးသမီးတွေကတော့ အလုပ်မှာ ကြောက်ရွံ့နေရသလို လုပ်ခံထားရတဲ့အတွက် ဒါကြောင့်ပဲ ဖြစ်ပျက်ခဲ့တာတွေကို ထုတ်ပြောဖို့ ခက်စေခဲ့တာလို့ ဆိုပါတယ်။

ဆာရာ ( အမည်လွှဲ) ကတော့ ''စတိုးဆိုင်တစ်ခုလုံးမှာ ကြောက်ရွံ့မှုက ယဥ်ကျေးမှုတစ်ခုလိုဖြစ်နေတယ်။ ဟိုးအထက်က စီနီယာဝန်ထမ်းတွေကနေ အနိမ့်ဆုံးဆိုမှ အနိမ့်ဆုံးအထိလူတိုင်းက ကြောက်ရွံ့နေကြရတာ'' လို့ ပြောပါတယ်။

အခြားသူတချို့ရဲ့ အပြောအရလည်း ဟားရော့ဒ်မှာရှိတဲ့ ဖုန်းတွေက အသံဖမ်းယူထားမျိုးရှိတယ်လို့ ယုံကြည်နေကြပါတယ်။ ဖာယက်ရဲ့ အမြတ်ထုတ်မှုတွေနဲ့ ပတ်သက်ပြီး တစ်ယောက်နဲ့ တစ်ယောက်ရင်ဖွင့်ဖို့လည်း သူတို့ ကြောက်ရွံ့ခဲ့တယ်လို့ဆိုပါတယ်။ လျှို့ဝှက်ကင်မရာတွေနဲ့ သူတို့ပြောနေတာတွေကို ရိုက်ကူးခံရတာမျိုးဖြစ်မှာလည်း သူတို့စိုးရိမ်ခဲ့ကြတယ်လို့ ပြောပါတယ်။

လုံခြုံရေးဌာန ဒုတိယဒါရိုက်တာဟောင်း အီမွမ်ကွိုင်းလ် ကလည်း တယ်လီဖုန်းလိုင်းတွေကို လျှို့ဝှက် အသံဖမ်းယူတာတွေရှိတဲ့အကြောင်း အတည်ပြုပါတယ်။ အသံသွင်းထားတဲ့ ဖုန်းခေါ်ဆိုမှု တိပ်ခွေတွေကို နားထောင်ရတယ်လို့ သူအလုပ်လုပ်ခဲ့ရတဲ့ တစိတ်တပိုင်းကို ရှင်းပြပါတယ်။ ဒါတင်မက မှတ်တမ်းတင်နိုင်တဲ့ ကင်မရာတွေကို အကြီးတန်းအရာရှိတွေရဲ့ အခန်းအပါအဝင် စတိုးဆိုင်တစ်ဆိုင်လုံးမှာ တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

''ဖာယက်က သူ ထောက်လှမ်းချင်တဲ့ လူတိုင်းကို ဖုန်းတွေ ကင်မရာတွေနဲ့ ဖမ်းယူ ထောက်လှမ်းခဲ့တာပဲ။''

ဟားရော့ဒ်ကုန်တိုက်ဘက်က ဘီဘီစီကို တုံ့ပြန်ချက်မှာတော့ ဒါက လူတစ်ဦးတစ်ယောက်က "သူ့ရဲ့ အာဏာကို အလွဲသုံးစားလုပ်ဖို့ ရည်ရွယ်လုပ်ဆောင်မှုတွေ" ဖြစ်ပြီး ဒီလုပ်ရပ်ကို အပြင်းထန်ဆုံး ရှုတ်ချတယ်လို့ ပြောပါတယ်။

“ဒီကနေ့ ဟားရော့ဒ်က အယ်လ်ဖာယက် ပိုင်ဆိုင်အုပ်ချုပ်ခဲ့ချိန် ၁၉၈၅ ကနေ ၂၀၁၀ ခုနှစ်အတွင်းကာလအခြေအနေနဲ့ အလွန်ကွဲပြားပါတယ်။ ဟားရော့ဒ် လုပ်ငန်းရဲ့ အဓိကအချက်က ဝန်ထမ်းတွေရဲ့ လူမှုဘဝ ကောင်းကျိုးချမ်းသာဖြစ်ဖို့ဆိုတာက ဦးစားပေးပါပဲ။”

ဖာယက်မသေခင် သူ့လုပ်ရပ်တွေကို ဖော်ထုတ်ဖို့ ကြိုးစားမှုတွေ ရှိခဲ့ပါတယ်။ အထူးသဖြင့် ၁၉၉၅ ခုနှစ်က Vanity Fair မဂ္ဂဇင်းမှာ လူမျိုးရေးခွဲခြားမှု၊ ဝန်ထမ်းတွေကို လျှို့ဝှက်စောင့်ကြည့်မှုနဲ့ လိင်ပိုင်းဆိုင်ရာမလျော်မကန်လုပ်မှုတွေကို စွပ်စွဲတဲ့ ဆောင်းပါးတစ်ပုဒ်ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဖြစ်စဥ်ကြောင့် တရားရုံးမှာ ဖာယက်ဘက်က အသေရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။

ဒါပေမဲ့ မဂ္ဂဇင်းဘက်က အမှုရင်ဆိုင်ဖို့ ပြင်ဆင်ရင်း နောက်ထပ် ရရှိလာတဲ့ ဖာယက်ရဲ့လိင်ပိုင်းအမြတ်ထုတ်မှု သက်သေအထောက်အထားတချို့ကို မထုတ်ပြန်ဘဲ သိမ်းဆည်းထားမယ်ဆိုရင် အမှုကို ရုပ်သိမ်းပေးဖို့ ဖာယက်ဘက်က သဘောတူခဲ့ပါတယ်။ အဲဒီလို ညှိနှိုင်းမှုကို ဟားရော့ဒ်ကုန်တိုက်ရဲ့ ထိပ်တန်းအရာရှိကြီးတစ်ယောက်က လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

၁၉၉၇ ခုနှစ်မှာ ITV ရဲ့ The Big Story အစီအစဥ်ကနေ ဖာယက်ရဲ့ ဝန်ထမ်းအမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုအကြောင်း ဖော်ပြခဲ့ပါတယ်။ ဒီအထဲမှာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကို ထိတာကိုင်တာ ဖြစ်ညှစ်တာလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်လည်းပါပါတယ်။ အဲဒီလိုလုပ်ရပ်ကို လိင်ပိုင်းဆိုင်ရာစော်ကားမှုအဖြစ် သတ်မှတ်ထားပါတယ်။

ဘီဘီစီရဲ့ စုံစမ်းမှုတွေအရ အယ်လီလို့ နာမည်လွှဲထားတဲ့ အမျိုးသမီးတစ်ဦးဟာ ၂၀၀၈ ခုနှစ် သူ့အသက် ၁၅ နှစ်အရွယ်မှာ စော်ကားခံခဲ့ရတယ်ဆိုပြီး ရဲတပ်ဖွဲ့ကိုတိုင်တန်းခဲ့ပါတယ်။ အဲဒီအချိန်က စွပ်စွဲမှုတစ်ခုအဖြစ် သတင်းခေါင်းပိုင်းတွေမှာပါခဲ့ပေမဲ့ နောက်ထပ်ဘယ်လို အရေးယူမှုမှ မရှိခဲ့ပါဘူး။

၂၀၁၇ ခုနှစ်တုန်းက Channel 4 ရဲ့ Despatches ဆိုတဲ့ သတင်းအစီအစဥ်တစ်ခုမှာ အမည်မဖော်လိုတဲ့ အမျိုးသမီးတစ်ဦးက သူ့ကို ဖာယက်က ကိုင်တွယ်ခဲ့တယ်၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေကြုံခဲ့ရတယ်ဆိုပြီး ပထမဆုံးအကြိမ် လူရှေ့ထွက်ပြပြီး ပြောတာကို ထုတ်လွှင့်ခဲ့ပါတယ်။

သူ အဲဒီလို ထုတ်ပြောခဲ့တဲ့အတွက် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုကြုံခဲ့ရပြီး မျိုသိပ်နေရတဲ့ အမျိုးသမီးတွေ ရဲရဲရှေ့ထွက် ပြောဖို့လည်း တွန်းအားပေးရာ ရောက်ခဲ့ပါတယ်။ ဒီလိုနဲ့ Channel 4 ကပဲ ၂၀၁၈ မှာ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ်တဲ့ အစီအစဥ်တစ်ခုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ မိုဟာမက် အယ်လ်ဖာယက် ၂၀၂၃ ခုနှစ်က ကွယ်လွန်သွားခဲ့ပြီးနောက်မှာမှ အမျိုးသမီးအများစုဟာ သူတို့ ကျူးလွန်ခံရတဲ့ အဓမ္မကျင့်ခံရမှုတွေ၊ စော်ကားနှောင့်ယှက်ခံရမှုတွေအကြောင်း လူသိရှင်ကြား ပြောဆိုနိုင်ပြီလို့ ခံစားရပြီး ထုတ်ပြောလာကြပါတယ်။

ငွေနဲ့ နှုတ်ပိတ်ခဲ့တာလား

ဘီဘီစီရဲ့ သတင်းမှတ်တမ်းမှာတော့ ၂၀၀၉ ခုနှစ်က ဂျန်မာက ဟားရော့ဒ် (ဖာယက်) နဲ့ ကြေအေးကြောင်းသဘောတူညီချက်အရ သူကြုံခဲ့ရတဲ့ ကိစ္စတွေကို ထုတ်ဖော်ပြောကြားခွင့်မရှိတဲ့ သဘောတူညီချက် (NDA) ကို လက်မှတ်ရေးထိုးခဲ့တယ်ဆိုတာ ပေါ်လာပါတယ်။ ဒါက အချက်အလက်တချို့ကို လျှို့ဝှက်ထားနိုင်စေဖို့ တရားဝင်ချုပ်ဆိုတဲ့ စာချုပ်မျိုးဖြစ်ပါတယ်။

အဓမ္မပြုကျင့်ခံရပြီးနောက် ဂျန်မာက သူ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကြုံရတာကြောင့် အလုပ်က ထွက်တော့မယ့်အကြောင်း ရှေ့နေတစ်ယောက်က တစ်ဆင့် ဟားရော့ဒ်ကို အကြောင်းကြားခဲ့ပါတယ်။ ဂျန်မာရဲ့ ပြန်ပြောပြချက်အရ ဖာယက် သူ့အပေါ်ကျူးလွန်ခဲ့မှုတွေကို အပြည့်အစုံထုတ်ဖော်ဖို့ သူ့အနေနဲ့ အဲဒီအချိန်တုန်းက လုပ်နိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူးလို့ ဆိုပါတယ်။

ဟားရော့ဒ်ဘက်ကလည်း သူ ထွက်ခွာသွားနိုင်တဲ့အကြောင်း သဘောတူခဲ့ပြီး အထောက်အထားအားလုံးကို လက်စဖျောက်ပြီး NDA ကို လက်မှတ်ရေးထိုးမယ်ဆိုရင် ငွေကြေးပမာဏတစ်ခု ပေးဖို့ သဘောတူခဲ့ပါတယ်။ ဒီလို သဘောတူခဲ့ပြီး သက်သေအထောက်အထားတွေကို ဖျက်ဆီးပေးရချိန်က ဟားရော့ဒ်ဘက်က HR ဝန်ထမ်းရေးရာဌာနက တာဝန်ရှိသူတစ်ဦးလည်း ရှိနေတယ်လို့ ဂျန်မာကပြန်ပြောပြပါတယ်။

အဲဒီအချိန်က ဟားရော့ဒ်ရဲ့ လုံခြုံရေးဆိုင်ရာ ဒါရိုက်တာ ဂျွန် မက်နာမာရာကလည်း အမျိုးသမီးတွေအနေနဲ့ ထုတ်ပြောနေတာတွေ မလုပ်ဖို့ ခြိမ်းခြောက်ခဲ့တယ်ဆိုတာလည်း ဘီဘီစီက ကြားသိခဲ့ရပါတယ်။

ဘီဘီစီနဲ့ စကားပြောခဲ့တဲ့ အမျိုးသမီး ၁၄ ဦးဟာ သူတို့ရဲ့ စိတ်ပိုင်းရုပ်ပိုင်းဆုံးရှုံးနစ်နာမှုတွေအတွက် ဟားရော့ဒ်ကို တရားမမှုကြောင်းအရ တောင်းဆိုမှုတွေ သိပ်မကြာသေးခင်အချိန်ကပဲ လုပ်ခဲ့ပါတယ်။

လက်ရှိ ဟားရော့ဒ် ပိုင်ရှင်တွေကတော့ အမျိုးသမီးတွေကို ထုတ်မပြောဖို့ NDA စာချုပ်ကို လက်မှတ်ထိုးဖို့ မပြောပါဘူး။ ၂၀၂၃ ဇူလိုင် ကစလို့ အဲဒီ အမျိုးသမီးတွေနဲ့ စပြီး ပြောဆို ညှိနှိုင်းကြေအေးမှုတွေ လုပ်လာခဲ့ပါတယ်။

ဖာယက်ရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ ဆိုဖီယာနဲ့ ဟားရော့ဒ် ကြားမှာ သဘောတူညီချက်ရဖို့ ၅ နှစ်ကြာခဲ့ပါတယ်။ သူ့ကိစ္စမှာဆိုရင် ဟားရော့ဒ် ဘက်က ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် တာဝန်မယူနိုင်ဘူးလို့ ပြောခဲ့ပါတယ်။ နောက်ထပ် အမျိုးသမီးတွေကလည်း ဟားရော့ဒ်ကို တရားစွဲဆိုဖို့ စဥ်းစားနေကြပါတယ်။

ဘီဘီစီ က စကားပြောခဲ့တဲ့ အမျိုးသမီးတွေအတွက် လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေဖြစ်တဲ့ ဘရုစ် ဒရမ်မွန်နဲ့ ဒီးန်အမ်းစထရောင်းတို့ကတော့ စတိုးဆိုင်ရဲ့ (ဝန်ထမ်းတွေအတွက်) မလုံခြုံတဲ့ လုပ်ငန်းခွင်စနစ်အတွက် ဟားရော့ဒ်မှာ တာဝန်ရှိတယ်လို့ ပြောပါတယ်။

''ဘယ်လိုလုပ်ငန်းခွင်မဆို ဝန်ထမ်းအားလုံးအတွက် လုံခြုံစိတ်ချရဖို့ တာဝန်ရှိပါတယ်။ အခုကိစ္စမှာတော့ အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက်မှု မပေးနိုင်ခဲ့တဲ့ ကုမ္ပဏီမှာ တာဝန်ရှိတယ်ဆိုတာ မေးဖို့တောင်မလိုပါဘူး" လို့ မစ္စတာဒရမ်မွန်က ပြောပါတယ်။

''ဒါကြောင့် ကျွန်တော်တို့က ဝင်ဆောင်ရွက်ပေးတာပါ။ ဘာကြောင့်လဲဆိုရင် ဟားရော့ဒ်ဘက်က တားဆီးကာကွယ်ဖို့ ဘာမှ မလုပ်ပေးခဲ့ဘူး။ ဆန့်ကျင်ဘက်ပဲ လုပ်ခဲ့တာ၊ (ကျူးလွန်မှုတွေ) ဖြစ်စေအောင်တောင် လုပ်ပေးခဲ့ကြသေးတယ်။"

“ဟားရော့ဒ်က အကြီးတန်းတာဝန်ရှိသူတွေဟာ ဒီလိုကိစ္စတွေဖြစ်ပျက်ခဲ့တာကို ဖုံးဖိဖျောက်ဖျက်ဖို့ တောင် ကြိုးစားခဲ့ကြတာ ရှင်းရှင်းကြီးတွေ့ရတယ်” လို့ မစ္စတာ အမ်းစထရောင်းက ထပ်ဖြည့်ပြောပါတယ်။

အခုတော့ အမျိုးသမီးအများစုက ဟားရော့ဒ်ကို တရားစွဲဆိုဖို့ စဥ်းစားနေကြပါတယ်။

အမျိုးသမီးအချို့ကို ကိုယ်စားပြုတဲ့ ဥပဒေအဖွဲ့က ရှေ့နေ အမျိုးသမီး မာရီယာမူလာက အရင်က ထုတ်ပြောဖို့ "လုံးဝ ထိတ်လန့် ကြောက်ရွံံနေခဲ့သူတွေ" အခုတော့ ရှေ့ထွက်လာကြပါပြီလို့ ပြောပါတယ်။

''သူတို့က ဖြစ်ပျက်ခဲ့သမျှတွေမှာ ကျူးလွန်သူတွေကို တာဝန်ခံခိုင်းတဲ့ လှုပ်ရှားမှုမှာ ပါဝင်လာကြတာက အနာဂတ်မှာ သူတို့ရဲ့ သားသမီးမြေးမြစ်တွေ ဒါမျိုးအဖြစ်တွေ ထပ်မကြုံရစေဖို့ လုပ်ချင်ကြတာပါ။"

ဟားရော့ဒ် ဘက်က ဘီဘီစီကို ဖြေတာကတော့ "အယ်လ်ဖာယက်ရဲ့ သမိုင်းချီ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတွေအကြောင်း စွပ်စွဲချက်တွေနဲ့ပတ်သက်တဲ့ အချက်အလက်အသစ်တွေ ၂၀၂၃ မှာ ထပ်ထွက်ပေါ်လာကတည်းက မိမိတို့အနေနဲ့ အမြန်ဆုံးကြေအေးပြေလည်စေဖို့ ဦးစားပေးလုပ်ဆောင်နေပါတယ်။ ဒီလုပ်ငန်းစဥ်ဟာ ဟားရော့ဒ်ရဲ့ လက်ရှိဝန်ထမ်းရော ဝန်ထမ်းဟောင်းတွေအတွက်ပါ အကျုံးဝင်ပါတယ်။

''အတိတ်ကို ပြန်ပြင်လို့မရပေမယ့် ဒီနေ့ ဟားရော့ဒ် ဆုပ်ကိုင်ထားတဲ့တန်ဖိုးတွေကနေ မှန်ကန်တဲ့အရာကိုသာ လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားပြီးသားပါ။ ဒီလိုအပြုအမူမျိုး အနာဂတ်မှာ ဘယ်တော့မှ ထပ်ဖြစ်မလာစေဖို့လည်း သေချာအောင်လုပ်သွားရမှာပါ။''

ပဲရစ်မြို့မှာရှိတဲ့ အရင်က ဖာယက်ပိုင်ခဲ့တဲ့ Ritz ဟိုတယ်ကလည်း "လုပ်ငန်းရဲ့ စံတန်ဖိုးတွေနဲ့ မကိုက်ညီတဲ့ အပြုအမူပုံစံအားလုံးကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်'' လို့ ပြောပါတယ်။

အတည်မပြုနိုင်တဲ့ သတင်းအချက်အလက်တွေအရ ဖာယက်ကွယ်လွန်ချိန်မှာ သူ့ရဲ့ ပိုင်ဆိုင်မှု ပေါင် ၁ ဘီလျံ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ငွေရဖို့က သူတို့အတွက် တွန်းအားမဟုတ်ဘူးလို့ ထုတ်ပြောတဲ့ အမျိုးသမီးတွေက ဆိုပါတယ်။

''ကျွန်မ ဒီကိစ္စတွေကို ထုတ်မပြောဘဲ တိတ်တိတ်ဆိတ်ဆိတ် နေနေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ အခုလိုထုတ်ပြောပြတာက ကျူးလွန်ခံရသူအားလုံးအတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မတို့ အားလုံးလည်း ကိုယ်စိတ်နှလုံး သက်တောင့်သက်သာဖြစ်ပြီး ဒီအရိပ်ဆိုးကနေ လွတ်မြောက်နိုင်မှာပါ'' လို့ ဂျန်မာကပြောပါတယ်။