ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
“ဉုံဖွ-ပျောက်စေ”ဆရာကြီးတွေရဲ့ အမျိုးသမီးတွေအပေါ် လိင်အမြတ်ထုတ်မှု
မွတ်စလင် နဲ့ အာရပ်ကမ္ဘာမှာ “ Quranic Healing” လို့ လူသိများတဲ့ ဘာသာရေး ကုထုံးဟာ ကိုရမ်ကျမ်းစာကို အခြေခံကာ စိတ်ဝေဒနာတွေကို ကုသပေးတာဖြစ်ပါတယ်။
ဒီ ကုထုံးနဲ့ကုသပေးသူတွေထံ အများဆုံးရောက်လာသူတွေက အမျိုးသမီးတွေ ဖြစ်ပြီး Jinn ဆိုတဲ့ မကောင်းဆိုးဝါးတွေကို သူတို့ခန္ဓာကိုယ်ထဲက ဖယ်ထုတ်ကာ နာမကျန်း ဖြစ်မှုတွေ ၊ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဒီပျောက်စေ ဆရာတွေက ဖြေရှင်းပေးနိုင်တယ်လို့ ကုသမှုခံယူသူတွေက မှတ်ယူထားကြတာပါ။
အခုလိုဘာသာရေးဆရာတွေရဲ့ လိင်အမြတ်ထုတ်မှုကို ဘီဘီစီ အာရပ်ဌာနက စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဒီကုထုံး နာမည်ကြီးတဲ့ တိုင်းပြည်နှစ်ခုဖြစ်တဲ့ မော်ရိုကိုနဲ့ ဆူဒန်မှာ တနှစ်ကျော်အတွင်း အမျိုးသမီး ၈၅ယောက် ဆီကနေ ဘီဘီစီက ကောက်ယူရရှိတဲ့ အချက်အလက်တွေအရ “ပျောက်စေဆရာ” ၆၅ယောက် အမည်ကို ဖော်ထုတ်နိုင်ခဲ့ပြီး တိုင်တန်းချက်တွေထဲမှာ လိင်မဖွယ်မရာ လုပ်မှုကနေ မုဒိမ်းမှုအထိ ပါ၀င်ပါတယ်။
သက်ဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းတွေ ၊ တရားရုံးတွေ ၊ ရှေ့နေတွေ နဲ့ အမျိုးသမီးတွေဆီကနေ လအတန်ကြာ စုဆောင်းရရှိတဲ့ အချက်တွေအပေါ် အခြေခံပြီး ဒီလိုမတရားပြုကျင့်မှုတွေကို ဘီဘီစီအနေနဲ့ ဖော်ထုတ် အတည်ပြု နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဘီဘီစီ သတင်းထောက်ကိုယ်တိုင် ဒီကုထုံးကုပေးတဲ့ ပျောက်စေ ဆရာတယောက်ထံ လျှို့၀ှက်သွားရောက် ကုသမှုခံယူတဲ့အခါ မဖွယ်မရာကိုင်တွယ် ခံရလို့ ထွက်ပြေးလွတ်မြောက်ခဲ့တာလည်း ဖြစ်ပါတယ်။
(ဒီဆောင်းပါးမှာ တချို့သောသူတွေအတွက် စိတ်မချမ်းမြေ့ဖွယ် ဖြစ်ရပ်တွေပါနိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်)
စိတ်ကျရောဂါနဲ့ ပျောက်စေဆရာ
မော်ရိုကို နိုင်ငံ ကာဆာဘလန်ကာ မြို့နားက ရပ်ကွက်တခုမှာ ဒလားလ်(အမည်လွှဲ) ဆိုတဲ့အမျိုးသမီးဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ် ၊ သူအသက် ၂၀ ၀န်းကျင်လောက်က စိတ်ကျရောဂါ ခံစားနေရလို့ သွားကုခဲ့ရာမှာ မကောင်းဆိုးဝါး တကောင်သူ့ကိုယ်မှာ တွယ်ကပ်နေတဲ့အတွက် ဒီလိုခံစားနေရတာလို့ ပျောက်စေဆရာက ပြောကြောင်း သူကပြန်ပြောပြပါတယ်။
အဲဒီနောက် နှစ်ကိုယ်တည်း ရှိတဲ့ တနေရာမှာ ပျောက်စေဆရာက ကတိုးနံ့သင်းနေတဲ့ သူ့ခန္ဓာကိုယ်ကို အနံ့ခံကြည့်ပါလို့ ပြောကြောင်းနဲ့ နောက်ပိုင်းမှာ ဒလားလ် တယောက် သတိမေ့သွားခဲ့ပြီး အခုအခါ ပြန်တွေးကြည့်မိတာက ဒါဟာ မူးယစ်ဆေးတမျိုးမျိုး ရှုမိတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဒီမတိုင်ခင်က လိင်ဆက်ဆံမှု မရှိခဲ့ဖူးတဲ့ ဒလားလ် ဟာ နိုးလာတဲ့အခါ သူ့အတွင်းခံ ချွတ်ခံထားရပြီး မုဒိမ်းကျင့်ခံလိုက်ရတယ်ဆိုတာကို သတိပြုမိခဲ့တယ်လို့ သူကဆိုပါတယ်။
အဲဒီနောက် “ရှင်ဘာလုပ်တာလဲ ၊ ဒါမျိုးလုပ်တာမရှက်ဘူးလား" လို့ ပျောက်စေဆရာကို မေးတဲ့အခါ “မင်း ခန္ဓာကိုယ်က မကောင်းဆိုးဝါးတွေကို ဖယ်ပစ်လိုက်တာ”လို့ ပြန်ဖြေခဲ့ကြောင်း ဒလားလ်က ပြောပါတယ်။
သူ့အနေနဲ့ ဖြစ်ပျက်ခဲ့တာတွေကို ရှက်မိပြီး သူ့ကိုယ်သူလည်း အပြစ်တင်မိတာကြောင့် ဒီကိစ္စတွေကို ဘယ်သူ့မှ ထုတ်ပြောခဲ့ဘူးလို့ ပြောပါတယ်။
နောက်ပိုင်း သီတင်းပတ်အတန်ကြာမှာ သူ့မှာကိုယ်၀န်ရှိလာတာကို သိရတဲ့အတွက် တုန်လှုပ်ချောက်ချား ဖြစ်ခဲ့ရကာ သေကြောင်းကြံဖို့အထိ စိတ်ကူးမိခဲ့တယ်လို့ သူကဆိုပါတယ်။
ကိုယ်၀န်ရတဲ့အကြောင်း ပျောက်စေဆရာကို သွားပြောတဲ့အခါ ဒါဟာ မကောင်းဆိုးဝါးက ကိုယ်၀န်ရအောင် လုပ်လိုက်တာလို့ တုံ့ပြန်ကြောင်း သူက ပြောတယ်။
အခုလိုအတွေ့အကြုံတွေကြောင့် စိတ်ဒဏ်ရာရခဲ့တဲ့ ဒလားလ် ဟာ မွေးလာတဲ့ကလေး ပွေ့ချီဖို့ နေနေသာသာ ၊ ကြည့်တောင်မကြည့် ၊ နာမည်တောင် မပေးတော့ဘဲ မွေးစားဖို့ ပေးပစ်လိုက်တယ် ၊ ဒီကိစ္စတွေကို သူ့မိသားစုသာ သိရင် သူ့ကို သတ်လိမ့်မယ်လို့လည်း သူကပြောပါတယ်။
အခုလို မတရားကျင့်ခံရသူတွေကို ဘီဘီစီက စကားပြောကြည့်တဲ့အခါ သူတို့ပြုကျင့်ခံရတာကို လူတွေသိရင် သူတို့လွန်ကျူးလို့ ဖြစ်တာဆိုပြီး အပြစ်တင်မှာကို စိုးရိမ်ကြကြောင်းနဲ့ သူတို့ထဲကတချို့ကသာ နီးစပ်ရာ မိသားစု နဲ့ ရဲကို တိုင်ကြားလေ့ရှိကြတာ ဖြစ်ပါတယ် ။
တချို့ကလည်း ဖြစ်ပျက်သမျှ တိုင်တောမိရင် မကောင်းဆိုးဝါးက ကလဲ့စားချေမှာကို စိုးရိမ်ကြသူတွေလည်း ရှိတာ တွေ့ရပါတယ်။
ဆူဒန်က ဖြစ်ရပ်
အမျိုးသားတယောက်ဟာ ဇနီးမယား ၄ ယောက်အထိ ယူခွင့်ရှိတဲ့ အစ္စလာမ်မစ် ဥပဒေ-(ရှရီယာ)ကျင့်သုံးတဲ့ ဆူဒန်မှာ စောစံဆိုတဲ့ အမျိုးသမီးကတော့ ခင်ပွန်းသည် နောက်မိန်းမ ယူသွားတာကြောင့် ခိုကိုးရာမဲ့ဖြစ်တယ်ဆိုပြီး “ပျောက်စေဆရာ” တယောက်ဆီ ချဉ်းကပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဆရာအနေနဲ့ ဆေးတမျိုးမျိုးပေးကောင်းပေးနိုင်ပြီး ဒီဆေးကို သူ့ခင်ပွန်းကို တိုက်တဲ့အခါ သူ့ဆီ ပြန်လာနိုင်ကောင်းရဲ့လို့ စောစံက တွေးထားတာပါ။ တကယ်လက်တွေ့မှာတော့ ဆရာက သူနဲ့ လိင်ဆက်ဆံခိုင်းပြီး ရလာတဲ့အရည်တွေနဲ့ စီမံဖော်စပ်ကာ ဒါကို သူ့ခင်ပွန်းကို တိုက်ရမယ်လို့ ပြောကြောင်း ၊ ဆရာက သူ့ညွှန်ကြားချက်ကို အကြောက်အရွံ့မဲ့ပြောခဲ့တဲ့အပြင် သူ့အနေနဲ့ ခင်ပွန်းသည် သာမက ရဲတိုင် ၊ ဂတ်တိုင်တာတွေ လုပ်မှာမဟုတ်ဘူးလို့ ယုံကြည်ထားပုံရကြောင်း စောစံက ပြန်ပြောပြပါတယ်။
အဲဒီနောက်သူလည်း ပျောက်စေဆရာဆီ ထပ်မသွားတော့ဘဲ ဘယ်ကိုမှလည်း တိုင်တန်းတာတွေ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။
လိင်အမြတ်ထုတ်မှု ၊ မတရားပြုကျင့်ခံရမှုနဲ့ ပတ်သက်လို့ ဆူဒန်မှာ ဘီဘီစီက မေးမြန်းကြည့်တဲ့ အမျိုးသမီးအယောက် ၅၀မှာ ၃ယောက် လောက်က အလားတူ ဘာသာရေးခေါင်းဆောင် ရှိတ်ခ် အီဘရာဟင် ရဲ့အမည်ကို ထုတ်ပြောလာကြပါတယ်။
အမည်မဖော်လိုတဲ့ အမျိုးသမီးတယောက်ကဆိုရင် ရှိတ်ခ် အီဘရာဟင်က သူနဲ့ လိင်ဆက်ဆံဖို့ လုပ်ကြံဖန်တီး သိမ်းသွင်းတာခံခဲ့ရ ဖူးတယ်လို့ ဆိုပါတယ်။
အာဖိဖ် ဆိုသူကတော့ လိင်ဆက်ဆံဖို့ ပြောခံရတဲ့အခါ မစ္စတာ အီဘရာဟင်ကို တွန်းထုတ်ခဲ့ဖူး တယ်လို့ ဆိုပြီး သူတို့ဘ၀တွေဟာ ကယ်သူမဲ့ဖြစ်နေတယ်လို့ ခံစားရကြောင်း ပြောလာပါတယ်။ ရှိတ်ခ် အီဘရာဟင်လို့ ပုဂ္ဂိုလ်မျိုးက အခုလို ပြောဆို လုပ်ကိုင်တယ် ဆိုတာ လူတွေကို ပြောရင် လက်မခံကြ ၊ မယုံကြဘဲ ၊ အခန်းထဲမှာ ဘယ်သူမှမမြင်တဲ့ ဖြစ်ရပ်အပေါ် မျက်မြင်သက်သေလည်း ရှာမရ ဖြစ်နေတယ်လို့ ဆိုပါတယ်။
သတင်းထောက်ရဲ့ ကိုယ်တွေ့
ဒီလိုလူပြောများလာတဲ့ ဖြစ်ရပ်တွေကြောင့် အထောက်အထား စုဆောင်းဖို့ ဘီဘီစီက သတင်းထောက်တယောက်ကို ရှိတ်ခ် အီဘရာဟင်ဆီ စေလွှတ်ခဲ့ပါတယ်။
ရီးမ် လို့ အမည်ပေးထားတဲ့ သတင်းထောက်မလေးကို ကလေးမရလို့ အခက်ကြုံနေရတဲ့ အသွင်ဆောင်ပြီး လွှတ်လိုက်တာပါ။
ရှိတ်ခ် အီဘရာဟင်က ရီးမ်အတွက် ဆုတောင်းပေးနေကြောင်းနဲ့ "mahayya" မဟေးရ လို့ လူသိများတဲ့ ရေမန်းတပုလင်း စီမံပေးထားကြောင်း၊ ဒါကို အိမ်ယူသွားပြီး သောက်ဖို့ ပြောပါတယ်။
အဲဒီနောက် ရှိတ်အီဘရာဟင်က ရီးမ် အနားကို ကပ်ထိုင်လိုက်ပြီး သူ့လက်ကို ရီးမ် ဗိုက်ပေါ်တင်လာတဲ့ အခါ ဒါကိုဖယ်ဖို့ ပြောရာမှာ သူ့လက်ကို ရီးမ်ရဲ့ အမျိုးသမီး အင်္ဂါပေါ် အထိ ပြောင်းတင်လာတာကြောင့် ထွက်ပြေးခဲ့ရတယ်လို့ ရီးမ်က ပြောပြပါတယ်။
ဒီလို လုပ်ရပ်တွေကြောင့် အကြီးအကျယ် တုန်လှုပ်ခဲ့ရတယ်လို့ ရီးမ်က ဆိုပြီး ရှိတ်ခ် အီဘရာဟင် အနေနဲ့လည်း သူ့ကိုယ်သူ စိုးရိမ်သွားပုံရပေမယ့် သူ့ပုံစံကို ကြည့်ခြင်းအားဖြင့် ဒါမျိုးတွေ လုပ်တာ ပထမဆုံးအကြိမ် မဖြစ်တန်ရာဘူးလို့ တွေးမိကြောင်း ရီးမ်က ပြောပါတယ်။
ရီးမ်အပေါ် ပြုမူဆက်ဆံပုံနဲ့ ပတ်သက်လို့ ဘီဘီစီက ရှိတ်ခ် အီဘာရာဟင်ကို မေးတဲ့အခါ သူ့အနေနဲ့ အကူအညီလာတောင်းတဲ့ အမျိုးသမီးတွေကို မတရားကျင့်ကြံတာ ၊ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာလုပ်တာ မရှိကြောင်း ပြောပြီး အင်တာဗျူးကို တုံးတိဖြေကာ ရုတ်တရက် ရပ်ပစ်ခဲ့ပါတယ်။
အမျိုးသမီးတွေအတွက် အိုအေစစ်
အခုလို လိင်အမြတ်ထုတ်မခံရနိုင်တဲ့ ၊ ဘာသာရေးကုထုံးနဲ့ ကုသမှု ခံယူလိုတဲ့ အမျိုးသမီးတွေ အတွက် Sheikha Fatima ရှိတ်ခ် ဖာတီမာ ဆိုတဲ့ အမျိုးသမီးက ခါတွန်းမ် မြို့နားမှာ အမျိုးသမီး သီးသန့် စင်တာလေး တခု ဖွင့်ထားပါတယ်။
ဒါဟာ ကိုရမ်ကျမ်းစာကို အခြေခံပြီး စိတ်ကျန်းမာရေးကောင်းလာစေဖို့ ဝေဒနာရှင် အမျိုးသမီးတွေကို တခြားအမျိုးသမီးတွေက ကုသပေးတဲ့စင်တာဖြစ်ပြီး ၊ နှစ် ၃၀ အတွင်း ဒါမျိုးစင်တာတွေ အနည်းငယ်သာ ကျန်တော့တာပါ။
ဒီနေရာကို ဘီဘီစီက ၀င်ခွင့်ရခဲ့ပြီး အထဲရောက်တော့ ပတ်၀န်းကျင်က လျစ်လျူရှုခံထားရတဲ့ အမျိုးသမီးတွေဟာ စူးစူးစိုက်စိုက် ကြည့်နေတာကို တွေ့ခဲ့ရပါတယ်။
အခုလို အခြေအနေမျိုးမှာ အခွင့်ကောင်းယူချင်သူတွေအတွက် အမျိုးသမီးတွေဟာ ဘယ်လောက် ထိခိုက်ရှလွယ်သလဲ ဆိုတာကို ရှိတ်ခ် ဖာတီမာက ထောက်ပြခဲ့ပါတယ်။
ဘာသာရေးဆရာတွေက ထိလိုက်ရင် သူတို့ခန္ဓာကိုယ်ထဲက မကောင်းဆိုးရွားတွေ ထွက်သွားမယ်လို့ အမျိုးသမီး တော်တော်များများက ယုံကြည်ကြောင်း နဲ့ ဒါဟာ ကုထုံးရဲ့ တစိတ်တပိုင်းလို့ ယူဆထားကြောင်း ဖာတီမာက ပြောသလို အခုလို ကြားရတဲ့ အခါ တကယ့်ကို တုန်လှုပ်မိတယ်လို့ သူက ဆိုပါတယ်။
အာဏာပိုင်တွေရဲ့ အရေးယူမှု အနေအထား
အခုလို အမျိုးသမီးတွေ လိင်အမြတ်ထုတ်ခံရမှုနဲ့ ပတ်သက်လို့ ဆူဒန်နဲ့ မော်ရိုကိုက အာဏာပိုင်တွေကို ဘီဘီစီက မေးမြန်းတဲ့အခါ ဒါမျိုးကိစ္စတွေ ရှိတယ်ဆိုတာ အစပိုင်းမှာ ယုံဖို့ ခပ်ခက်ခက်ဘဲလို့ အစ္စလာမ်မစ်ရေးရာ ၀န်ကြီးဌာန ၊ မိသားစုနဲ့ လူမှုအသိုင်းအ၀န်း ဆိုင်ရာ ဌာနခွဲ အကြီးအကဲ ဒေါက်တာ အလာအဘူ ဇိုင်ရိဒ်က ပြောပါတယ်။
ဒီလိုဘာသာရေးကို အခြေခံပြီး အမြတ်ထုတ်မှုတွေကို တားမြစ်ဖို့ ဥပဒေစည်းမျဥ်းချမှတ်ထားမှုမရှိတာဟာ လူမှုအသိုင်းအ၀ိုင်းအတွင်း ကမောက်ကမတွေ ဖြစ်စေတယ်လို့ သူက၀န်ခံခဲ့ပြီး ဒါဟာ အလုပ်မရှိသူတွေရဲ့ အသုံးချမှု တရပ်လို့ ဆိုပါတယ်။
ဒါ့အပြင် အရင်ကတော့ ဥပဒေ စည်းမျဥ်းတွေကို ချမှတ် ကျင့်သုံးဖို့ လေ့လာ ဆန်းစစ် ခဲ့ဖူးပေမယ့် လက်ရှိမှာ နိုင်ငံရေး မတည်ငြိမ်တာကြောင့် ဒီကိစ္စကို ဦးစားပေး လုပ်နိုင်တဲ့ အခြေအနေမှာ မရှိဘူးလို့ ဘီဘီစီကိုသူက ပြောပါတယ်။
မော်ရိုကိုမှာတော့ အခုလို ပျောက်စေဆရာတွေ အတွက် သီးသန့် ဥပဒေတွေ ထုတ် အရေးယူဖို့ မလိုကြောင်း ၊ ဒီလိုကိစ္စတွေမှာ ဥပဒေကြောင်းရ အာဏာပိုင်တွေက ကြား၀င် ဖြေရှင်းပေးဖို့ ခက်ခဲလှကြောင်းနဲ့ လုပ်သင့်တာက ဘာသာရေးဆိုင်ရာ ပညာပေးမှု ၊ ရွတ်ဖတ် သရဇ္စျယ် ဆုတောင်းမှုတွေကတဆင့် အဖြေရှာသင့်တယ်လို့ အစ္စလာမ်မစ်ရေးရာ ၀န်ကြီး အာမက်တိုဖိခ်က ဘီဘီစီကို ပြောပါတယ်။
အမျိုးသမီးတွေအပေါ် လိင်အမြတ်ထုတ်မှုနဲ့ ပတ်သက်လို့ ဘီဘီစီက အထောက်အထားတွေကို စုဆောင်းတင်ပြနိုင်ခဲ့ပေမယ့် မော်ရိုကိုနဲ့ ဆူဒန် အာဏာပိုင်တွေ ကတော့ ဒီကိစ္စအပေါ် အရေးယူဖြေရှင်းပေးဖို့ လက်တွန့် နေကြတာကြောင့် အမျိုးသမီးတွေ အနေနဲ့ ဘာသာရေးဆိုင်ရာကုထုံး နောက်ကွယ်က ဖြစ်ရပ်တွေအပေါ် ရဲရဲ၀ံ့၀ံ့ ထုတ်ဖော်ဆန့်ကျင်ပြသဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။