အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ကျောင်းတွေကနေ တိုက်ဖျက်ဖို့ သြစတြေးလျ စတင်

(ကေတီ ဝက်ဆန် - ဘီဘီစီ ဆစ်ဒနီ သတင်းထောက်ရဲ့ သတင်းဆောင်းပါးကို မှီငြမ်း ရေးသားထားခြင်းဖြစ်ပါတယ် )

“ကဲ ပြောကြစို့၊ အပြာကားတွေ အကြောင်း”... “အဲဒီထဲမှာပါတဲ့ သူတွေက သဘောတူ မတူ၊ ကြိုပြီး မေးကြရဲ့လား”၊ ဆွေးနွေးပွဲဝိုင်းမှာ ဦးဆောင်ဆွေးနွေးသူ တယောက်က ဒီလို စကားတွေသုံးတော့ ဆယ်ကျော်သက်အရွယ် လူငယ်လေးတွေ ငြိမ်ပြီး ဘာပြန်ပြောရမှန်း မသိ နှုတ်ရွံ့ နေကြပါတယ်။

လူငယ်ဘာဝ ရည်းစားစုံတွဲတွေအကြား နှစ်ဦးနှစ်ဖက် လေးစားရမယ့် ဆက်ဆံရေး အတွက် ဆွေးနွေး ပို့ချမှုတွေ ဆစ်ဒနီမြောက်ပိုင်းက ကယ်လီဗေးလ် အထက်တန်း ကျောင်းမှာ စတင် နေပါတယ်။

အမျိုးသမီးတွေအပေါ်၊ လိင်စိတ်သဘာဝ ကွဲပြားတဲ့သူတွေ အပေါ် ချိုးနှိမ်ပြီး ဟာသလုပ်တာကအစ ခြိမ်းခြောက်တာ၊ အရှက်ခွဲတာ၊ အနိုင့်အထက်ပြုတာ၊ စော်ကားတာတွေအလယ် လိင်ပိုင်း ကျူးလွန်မှုအဆုံး အဲဒါတွေက ဘာတွေလဲ ဆိုတာကို ဆယ်ကျော်သက်အရွယ် ကျောင်းသူ ကျောင်းသားတွေ သိနားလည်စေဖို့ သြစ‌တြေးလျက ကျောင်းတွေမှာ လုပ်ဆောင်နေကြတာပါ။

ပွင့်ပွင့်လင်းလင်း ပြောဆို ဆွေးနွေးကြစေတဲ့ ဒီ ပညာပေးအစီအစဉ်ကို အနမ်းရာများ (Love Bites) လို့ အမည်ပေးထားသလို နိုင်ငံတလွှားက ထောင်ပေါင်းများစွာသော အသက် ၁၅ နှစ်အရွယ် လူငယ်တွေအတွက် ရည်ရွယ်ထားကြပါတယ်။

ဒီနိုင်ငံမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုက “နိုင်ငံလုံးဆိုင်ရာ အကျပ် အတည်း” ဖြစ်နေပြီအထိ သတ်မှတ်နေကြတဲ့ အခြေအနေနဲ့ အတူ အခုလို အစိုးရက ရန်ပုံငွေထောက်ပံ့ပေးတဲ့ ဒီအစီအစဉ်တွေ ပေါ်ထွက်လာတာပါ။

အဲဒီအမျိုးသမီးတွေကို အကြမ်းဖက်တဲ့ ယဥ်ကျေးမှုဆီကို ရောက်လာစေတဲ့ သဘောထားတွေ၊ အပြုအမူတွေကို ပြောင်းလဲနိုင်ဖို့ ကြိုးပမ်းတာတွေလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လအတွင်းက ဆစ်ဒနီက ဘွန်ဒီ ဂျန်းရှင်း စျေးဝယ် စင်တာမှာ လူ ၆ ယောက် ဒါးနဲ့ ထိုးသတ်ခံခဲ့ရပါတယ်။ သေဆုံးရသူတွေထဲ အမျိုးသမီး ၅ ယောက်ပါဝင်ပြီး ကျူးလွန်ခဲ့သူ ဂျိုဝဲလ် ကော့ချီဟာ အမျိုးသမီးတွေကို “တမင်ရည်ရွယ်” ပစ်မှတ် ထားခဲ့ပုံ ရတယ်လို့ ရဲတွေက ကောက်ချက်ချပါတယ်။

အဲဒီအဖြစ် နောက်ပိုင်း တလတာ အချိန်ကာလအတွင်း အနည်းဆုံး သြစတြေးလျ အမျိုးသမီး ၃ ယောက် အသတ်ခံခဲ့ရပါတယ်၊ သတ်ဖြတ်သူတွေလို့ သင်ကာမကင်းဖြစ်ခံရသူတွေဟာ သူတို့ရဲ့ အဆက်ဟောင်း၊ ခင်ပွန်းဟောင်းတွေ ဒါမှမဟုတ် လက်ရှိတွဲနေတဲ့ သူတွေ ဖြစ်နေပါတယ်။

ဒီနှစ်တွင်း အခုအချိန်အထိ တိုက်ခိုက်သတ်ဖြတ်ခံရတဲ့ အမျိုးသမီးပေါင်း ၂၈ ယောက်အထိ ရှိနေပြီလို့ Destroy the Joint အမျိုးသမီးအခွင့်အရေးအဖွဲ့က မှတ်တမ်းတင် ထားပါတယ်။ အရင်နှစ်အတွင်း ဒီအချိန်အထိ စာရင်းက ၁၅ ယောက်ပါ။

လူဦးရေ ၂၆ သန်း ရှိတဲ့ သြစတြေးလျမှာ ၂၀၂၃ ခုနှစ်အတွင်းက အမျိုးသမီး ၆၄ ယောက်အသတ်ခံခဲ့ရပါတယ်။ သူ့ထက် လူဦးရေ ၂ ဆ ကျော်ရှိတဲ့ ‌ဗြိတိန်မှာ အဲဒီနှစ် အတွင်း အသတ်ခံခဲ့ရတဲ့ အမျိုးသမီးက အယောက် ၁၀၀ ပါ။ ဆိုတော့ သြစတြေး လျမှာ ဖြစ်နေတဲ့ နှုန်းက ပိုများနေတယ်လို့ ဒီစာရင်းတွေ ကောက်ယူ ထားတဲ့ အဲဒီအဖွဲ့က ဆိုပါတယ်။

အမျိုးသမီးတွေအပေါ်၊ လိင်စိတ်သဘာဝကွဲပြားသူတွေအပေါ် ပစ်မှတ်ထား အကြမ်းဖက်တာတွေကို နိုင်ငံတော် အရေးပေါ်အခြေအနေအဖြစ် ကြေညာလုပ်ဆောင်ဖို့ သောင်းနဲ့ချီတဲ့ ပြည်သူတွေ သြစတြေးလျ နိုင်ငံတလွှားမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း တောင်းဆိုခဲ့ကြပါတယ်။

“သြစတြေးလျမှာ ကြီးပြင်းနေရတဲ့ အမျိုးသမီးငယ်တယောက်အဖို့ ဖြစ်နေတာတွေ ကိုကြည့်ပြီး ကြောက်စရာပါ” လို့ ကျောင်းသူ ရှီရီယာက ပြောပါတယ်။

သူတို့ ရဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ “တန်းတူညီမျှတာ” “ကိုယ်လုံးတီးပုံတွေ မက်ဆေ့ချ် ပို့တာ” “အပျက်မ လို့ ခေါ်ဝေါ်တာ” စတဲ့ စာသားတွေ အပါအဝင် စာသားတွေကို ကတ်ပြားငယ်တွေ ပေါ်မှာ ရေးပြီး ဆွေးနွေးကြပါတယ်။

ကြမ်းပြင်ပေါ်မှာ “လေးစားမှုပေးပြီး ကြိုတင်သ‌ဘောတူညီမှု ရယူတဲ့ ယဥ်ကျေးမှု” ဆိုတဲ့ ခေါင်းစဉ်က တနေရာ၊ “အကြမ်းဖက်မှုနဲ့ အနိုင့်အထက်စော်ကားမှု ပြုတဲ့ ယဥ်ကျေးမှု” ခေါင်းစဉ်က တခြား တနေရာမှာ ထားလိုက်ပြီး အဲဒီအောက်တွေမှာ အဲဒီ ကတ်ပြား ငယ်တွေကို စီချကြပါတယ်။

ဒီဆွေးနွေးပွဲတွေ လုပ်ပေးတဲ့သူတွေအထဲ ပါဝင်တဲ့ နယူးဆောက်ဝေးလ် ရဲတပ်ဖွဲ့ဝင် အီသန် ဝက်စ်က အိမ်တွင်းအကြမ်းဖက်မှုက နိုင်ငံအနှံ့ “ပျံ့နှံ့နေတဲ့” အခြေဆိုက်နေတာလို့ ဆိုပြီး ဒါတွေကို သူတားဆီးချင်တယ်လို့ ဆိုပါတယ်။

“သြစတြေးလျမှာ အချိန် ၂ မိနစ်တိုင်း အိမ်တွင်းအကြမ်းဖက်မှုကို တိုင်ကြားတဲ့ ဖုန်းခေါ်သံကို ရဲတွေက ရနေတာ” လို့ သူက ပြောပါတယ်။

“အွန်လိုင်းပေါ်ကနေ အားလုံးက လုပ်နေကြတာ”၊ တကောက်ကောက် လိုက်ကြည့် နေတာ၊ စောင့်ကြည့်နေတာ၊ မတော်တရော်ပုံတွေ၊ ကိုယ်လုံးတီးပုံတွေ မက်ဆေ့ချ်နဲ့ ပို့နေကြတာ ဒါတွေက အမြဲလိုဖြစ်နေပြီ။ စုံတွဲအဖြစ်က ပြတ်သွားကြတဲ့အချိန်မှာ ဒီပုံတွေကို တခြားသူတွေဆီ ပို့ကြ၊ အွန်လိုင်းပေါ် တင်ကြ လုပ်ကြတယ်။ “ဒါတွေက အိမ်တွင်း အကြမ်းဖက်မှု” တွေပဲလို့ ရဲတပ်ဖွဲ့ဝင် အီသန် ဝက်စ်က ပြောပါတယ်။

အနမ်းရာများ အစီအစဉ်မှာ လွန်ခဲ့တဲ့နှစ်က ပါဝင်ခဲ့ဖူးတဲ့ အသက် ၁၆ နှစ်အရွယ် ကိုင်ရာက သြစတြေးလျမှာ ကြီးပြင်းရတဲ့ ဘဝက အကြမ်းဖက်ခံရဖို့ စိုးရိမ်နေရတာ တင်မဟုတ်ဘဲ အမျိုးသမီးတွေကို ချိုးနှိမ်တဲ့ ဟာသစကားတွေက နေရာတိုင်းမှာ ကြားနေရတာဖြစ်တယ်၊ ဒါတွေကြောင့် အသိုင်းအဝိုင်းအနေနဲ့ သူ့ကို သူ့ အတန်းဖော် ‌ယောကျ်ားလေးတွေလောက် တန်ဖိုး အတူတူ ထားခံတာမျိုး မခံစားရဘူးလို့ ဆို ပါတယ်။

သူ့အတန်းတူ ‌ယောက်ျားလေးတွေ အနေနဲ့ ဒါတွေကို ပိုသိလာဖို့ လိုသလို၊ ပိုအလေး ထား လုပ်ဆောင်ဖို့လည်း လိုနေတယ်လို့ သူက ပြောပါတယ်။

အလုပ်ရုံဆွေးနွေးပွဲအတွင်း စကားများများပြောတတ်တဲ့ လူငယ်လေး အစ်ဇိုင်ရာက “‌ယောက်ျားလေးဆိုရင် ကိုယ်ကာယ တောင့်တောင့်တင်းတင်းဖြစ်ရမယ်လို့ ဆိုကြတယ်” လို့ ဆိုရင်း ဆွေးနွေးနေပါတယ်။

“သမီးရည်းစားအဖြစ်တွဲနေကြတုန်း အကြမ်းဖက်မှုတွေက သိပ်ကို ဆိုးတယ်“.. “ဒါတွေကို သိထားဖို့က သြစတြေးလျ ဆယ်ကျော်သက်တွေအတွက် အရေးကြီးတယ်” လို့ သူက ပြောပါတယ်။

အပြောင်းအလဲတွေကို တွေ့ရဖို့က စောင့်ရဦးမှာပါ။ လွန်ခဲ့တဲ့ ၁၀ နှစ်က ရိုစီ ဘက်တီရဲ့ သား လုခ်တယောက် သူ့ဖခင် ဂရက်ဂ် အန်ဒါဆင်ရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။ မစ္စ ဘက်တီက အဲဒီအချိန်က စပြီး မိသားစုတွင်း အကြမ်းဖက်မှုတွေကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေကို လုပ်ခဲ့ပြီး ထင်ရှားသူတယောက် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီအ‌ရေးတွေက ငြိမ်းမသွားတဲ့အပြင် ပိုဆိုးလာတာတွေတောင် တွေ့လာရပါတယ်။

ဒီအဖြစ်တွေထဲ ၂၀၁၈ မှာ ဖြစ်ခဲ့တဲ့ အဖြစ်တခုလည်း ပါဝင်ပါတယ်။ ဆယ်ကျော်သက်ရွယ် ဂျက်ခ်နဲ့ ဂျနီဖာ အက်ဝပ် တို့ကို သူတို့ရဲ့ ဖခင် ဂျွန် အက်ဝပ်က သတ်ဖြတ်တဲ့အမှုပါ။ နောက်ပြီး ၂၀၂၀ မှာ ဟန်နာ ကလပ်ခ်နဲ့ သူရဲ့ ကလေးငယ် ၃ ယောက်ကို ဟန်နာရဲ့ ‌ယောက်ျား ရိုဝန် ဘက်စ်တာက ကားတစင်းပေါ်မှာ မီးရှို့သတ်တာပါ။ မနှစ်ကလည်း အမျိုးသမီးငယ် လီလီ ဂျိန်းဟာ သူနဲ့ ခဏတွဲဖူးခဲ့တဲ့ ပေါ်လ် တစ်ဆန်ရဲ့ သတ်ဖြတ်တာကို ခံခဲ့ရပါတယ်။

အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာတွေ အကြိမ်ကြိမ်ဖြစ်လာခဲ့ပြီးတဲ့နောက် ပြည်နယ်အစိုးရတွေနဲ့ ဖက်ဒရယ်အစိုးရဆီကို ဖိအားတွေများလာတဲ့အတွက် ဝန်ကြီးချုပ် အန်တိုနီ အယ်ဘာနီးဇီအနေနဲ့ လူမှုအသိုင်းအဝိုင်းအားလုံး ပြောင်းလဲ ကြဖို့ တောင်းဆိုလာရပါတယ်။

စိတ်ကျန်းမာရေး စောင့်ရှောက်မှု အကူအညီ မရတာ၊ အိမ်တွင်းအကြမ်းဖက်မှု တိုင်ကြားချက်တွေကို ရဲတွေရဲ့ ဖြေရှင်း‌ဆောင်ရွက်ပေးမှုက မလုံလောက်တာ စတာတွေကလည်း အချိန်ကာလကြာမြင့်စွာကတည်းက ရှိလာနေတာပါ။

အခုတော့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးတွေက စာသင်ခန်း တွေထဲအထိ ရောက်လာပါပြီ။

ရပ်ရွာအသိုင်းအဝိုင်းဆိုင်ရာ နောက်ထပ် အစီအစဉ်တခုကလည်း မဲလ်ဘုန်း ဆင်ခြေဖုံး ရပ်ကွက်တွေဘက်က သြစတြေးလျ ရူးစ် (Australian Football) ဘောလုံးကွင်းထဲမှာ ရှိနေပါပြီ။

ရပ်ဘီ ဘောလုံးကစားနည်းနဲ့ ခပ်ဆင်ဆင်တူတဲ့ သြစတြေးလျ ဘောလုံးပွဲက နိုင်ငံတွင်းမှာ လူကြိုက်များတဲ့ အားကစားပွဲဖြစ်ပြီး အစဉ်အလာအရ အမျိုးသားတွေသာ ပါဝင်ခဲ့ကြတာပါ။

အမျိုးသမီးတွေ၊ လိင်စိတ်သဘာဝ ကွဲပြားသူတွေအများအပြား ဒီဘောလုံးပွဲမှာ ဝင်နွှဲချင်ကြပါတယ်။ အခုတော့ တချို့ဘောလုံး အသင်းတွေက လမ်းဖွင့်ပေးလာနေပါပြီ။

သူ သြစတြေးလျ ရူးစ် ဘောလုံး စကစားတာ အသက် ၁၁ နှစ်ကလို့ ဆိုပြီး အဲဒီတုန်းက ''မင်းက မိန်းကလေးမို့ မကစားရဘူး'' လို့ အပိတ်ပင်ခံခဲ့ရကြောင်း နာကီတာ ဝုဖ်က ပြောပြပါတယ်။

အခုတော့ သူ ဝက်စ် ဘရွန်းစ်ဝစ်ခ် အမျိုးသမီး ဘောလုံးအသင်းတစ်သင်းမှာ ဝင်ကစားနေပါပြီ။

ဒီအသင်းက လွန်ခဲ့တဲ့ ၇ နှစ်က စပြီး အမျိုးသမီးအားကစားသမားတွေကို လက်ခံခဲ့ပါတယ်။

“သြစတြေးလျ ယဉ်ကျေးမှုနဲ့ သြစတြေးလျ ကိုယ်ပိုင်လက္ခဏာကို အားကစားနဲ့ သတ်မှတ်ကြတာလေ” လို့ သူက ဆိုရင်း “ဒီအားကစားက ကျွန်မတို့ကြားမှာ ညီညွတ်စေတာ၊ ပေါင်းစည်းစေတာ၊ ဒါပေမဲ့ လူဦးရေရဲ့ ထက်ဝက်ရှိတဲ့ ကျွန်မတို့ကို မကြိုဆိုကြတဲ့ အချိန်တွေ ရှိခဲ့တယ်၊ အဲဒါက သိပ်ကို စိတ်ဆင်းရဲစရာဖြစ်ခဲ့တယ်။”

အပြောင်းအလဲက နှေးခဲ့ပေမဲ့ လှုပ်ရှားမှုတွေ ရှိနေပါပြီ။

အဲဒီကာလတွေတုန်းက “အမျိုးသမီးတွေ ဘောလုံးမကစားရဘူး”၊ “မင်းကစားနေတာ မိန်းမလိုပဲ” စတဲ့ မှတ်ချက်စကားတွေက ကွင်းထဲမှာ အမြဲကြားနေရတာလို့ ကလေးဘဝကတည်း ဘောလုံးကစားခဲ့တဲ့ အသက် ၂၆ နှစ်အရွယ်အမျိုးသား အားကစားသမား ကိုနာ ဖောင်လာက ပြောပါတယ်။

“လူတွေက အခုတော့ အဲဒီမှတ်ချက်စကားမျိုးတွေ ကြားရရင်၊ ခင်ဗျား ပြောတာက ဘာကို ဆိုလိုတာလဲ လို့ ပြန်မေးနေကြပြီ၊ သူပြောတာကို သူ့ဘာသာ ပြန်စဉ်းစား ဆင်ခြင်စေဖို့ ပြန်အမေးထုတ်တဲ့ သဘောပေါ့” လို့ သူက ဆက်ပြောပါတယ်။

အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှုတွေ လှိုင်းလို တသုတ်သုတ် တက်လာတာ ကြောင့် ဖြေရှင်းဆောင်ရွက်ဖို့ ကြိုးစားကြစဉ်မှာ အစိုးရ ရန်ပုံငွေနဲ့ လုပ်တဲ့ စီမံချက် တွေသက်သက်နဲ့ ရောဂါကို ကုန်စင်အောင် ကုသနိုင်မှာ မဟုတ်ဘူးလို့ ဆိုနေ ကြပါတယ်။

ရဲတပ်ဖွဲ့ဝင် ဝက်စ်က “ရန်ပုံငွေရှိတာက အရေးကြီးပေမဲ့ ဒါတခုတည်းနဲ့ မဖြေရှင်း နိုင်ပါဘူး၊ လူတိုင်းက ကိုယ်ယူရမယ့် တာဝန်ကို မယူဘူးဆိုရင် ငွေတွေ ပုံပြီး သုံးလည်း အလကားပါပဲ၊ ကျွန်တော်တို့ အားလုံး စုပေါင်း လုပ်ကြရင်တော့ ထူးထူး ခြားခြား ဖြစ်လာမှာပါ“ လို့ ပြောပါတယ်။