အမျိုးသမီးအခွင့်အရေးတိုက်ပွဲအတွက် သူရဲကောင်းသစ် ဘောလုံးသမားတွေ

ရေဗက်ကာ သွန်း

ဘီဘီစီ အမျိုးသမီး ၁၀၀ အစီအစဉ်

ဒီနှစ်ကမ္ဘာ့ဖလားပွဲအတွင်း ပယ်နယ်တီ အဆုံးအဖြတ်ကန်တဲ့ပွဲတခုမှာ သြစတြေးလျ အမျိုးသမီးဘောလုံးသမား ကက်ထရီနာ ဂေါ်ရီက ဘောလုံးကို ဂိုးဝင်အောင် ကန်သွင်းပြီးတဲ့နောက် ပရိသတ်ဘက်ကိုကြည့်ကာ သူ့လက်တွေကို မြှောက်ပြီး သူ့ရဲ့ ၂ နှစ် အရွယ် သမီးလေး ဟပ်ပါကို ဂုဏ်ပြုခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ သူက ဟပ်ပါကို ကွင်းထဲကို ခေါ်လာြပီး ပြင်သစ်အသင်းကို သူတို့ အနိုင်ရသွားလို့ အော်ဟစ် အားပေးနေတဲ့ ပရိသတ်ကို သြစတြေးလျ ဘောလုံး အသင်း ဝတ်စုံ ဆင်တူ ဝတ်ထားကြတဲ့ သူတို့ ၂ ယောက်ကာ လက်တွေဝှေ့ရမ်းပြကာ နုတ်ဆက်ကြပါတယ်။

ဒီနှစ် ကမ္ဘာ့ဖလားပွဲမှာ မိခင်တွေဖြစ်နေတဲ့ ဘောလုံးသမားတွေ ပိုတိုးများလာပြီး တစ်ဖက်မှာ မိခင် တာဝန်ထမ်းနေတုန်း အခြားတဘက်မှာတော့ အဆင့်အမြင့်ဆုံး ဘောလုံးပွဲမှာကန်နေကြတဲ့ သူတို့ရဲ့ ထိန်းညှိ လုပ်ကိုင်နိုင်စွမ်းတွေကို အထင်အရှား တွေ့နေ ရပါတယ်။

ဒီ သန်သန်မာမာ၊ အောင်အောင်မြင်မြင် အမျိုးသမီးတွေက မိခင်ဘဝကို ထွေးပွေ့ ထားရင်း ကမ္ဘာကို အားကောင်းတဲ့ သတင်းစကား ပါးနေပါတယ်။

ဘရာဇီးရဲ့ ဂန္တဝင် အမျိုးသမီး‌ဘောလုံးသမား မာတာကလည်း သူ့အသင်း ပြိုင်ပွဲကနေ ထွက်ခွာရစဉ်မှာ ဒီအတုယူစရာ စံနမူနာထားထိုက်တဲ့သူတွေအကြောင်းကို ပြောရင်း အများသူငှာ ဂရုထားမိအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။

သူက “ကျွန်မဘောလုံးစ ကစားချိန်တုန်းက အမျိုးသမီးတွေ ဘောလုံးကန်တာကို စံနမူနာတင်ပြီး အတူယူကြသူတွေ မရှိပါဘူး” လို့ ပြောပါတယ်။

“အနှစ် ၂၀ ကြာလာတဲ့ အခုအချိန်မှာတော့ ဘောလုံး လောကထဲမှာတင် မဟုတ် ပါဘူး။ ကမ္ဘာတလွှားက အမျိုးသမီးပေါင်းများစွာအတွက် ကျွန်မတို့က စံပြုညွှန်းဆို ပြစရာ ဖြစ်နေပါပြီ။”

ဒီကမ္ဘာ့ဖလားပွဲကို လူပေါင်း ၂ ဘီလျံက ကြည့်ရှုကြတာကို အလေးဂရုထားပြီး ကမ္ဘာ တလွှားမှာ အခွင့်အရေးတွေအတွက် တိုက်ပွဲဝင် နေကြတဲ့ အမျိုးသမီးအပေါ် ထိခိုက် သက်ရောက်နေတဲ့ အရေးကိစ္စတွေကို ဘောလုံးသမားတွေက မီးမောင်းထိုးပြ ခဲ့ကြ ပါတယ်။

“အားကစားဟာ လူ့ဘောင်လောကအသိုင်းအဝိုင်း ပုံစံငယ်လေးတခုပါပဲ” လို့ ဗြိတန်နိုင်ငံ နော်တင်ဟမ် ထရန့် တက္ကသိုလ်၊ အမျိုးသမီးအားကစား လူမှုဗေဒဌာနက သရုပ်ပြဆရာမ အယ်လီ ဘိုးစ်က ပြောပါတယ်။ “အားကစားမှာ ဂျန်ဒါ (Gender - လူမှုပတ်ဝန်းကျင် နှင့် ထုံးတမ်းအစဉ်အလာ သတ်မှတ်ချက်အရ မိန်းကလေး၊ ယောကျာ်းလေးနှင့် အခြား မတူကွဲပြားတဲ့ လိင်စိတ်ခံယူမှုရှိသူတွေက ဘယ်လို ဝတ်စား ပြုမှု နေထိုင် ပြောဆိုရမလဲဆိုတဲ့ သတ်မှတ်ချက်) အပေါ်မူတည်ပြီး ဖြစ်နေတဲ့ မညီမျှမှုတွေကို ဖြေရှင်းနိုင်မယ်ဆိုရင် ဒီထက် ပိုကျယ်ပြန့်တဲ့ ကမ္ဘာက ဂျန်ဒါ အရ မညီမျှမှုတွေကို ပိုပြီးဖြေရှင်းပေးနိုင်မှာပါ။”

အမျိုးသမီးဘောလုံးလောကမှာ ပြောင်းလဲလာမှုတွေက လူမှုအသိုင်းအဝိုင်းရဲ့ တခြား နေရာတွေကို “ရောက်လာမယ်” လို့ သူက ယုံကြည်ပါတယ်။

အမျိုးသမီးဘောလုံးသမားတွေဟာ ကဏ္ဍ ၂ ခုမှာ သိသိသာသာ ရှေ့ကိုတိုးတက် အောင် စွမ်းဆောင် နိုင်ကြပါတယ်၊ အဲဒါတွေကတော့ မိခင် အခွင့်အ‌ရေးနဲ့ လုပ်ခ ညီမျှ‌ရေးပါ။

“အမျိုးသမီးကစားသမားတွေဟာ မိခင်ဘဝကိုရွေးမလား၊ အားကစား အလုပ်ကို ရွေးမလား ဆိုတာမျိုးကို ကြုံနေကြရတယ်” လို့ ဗြိတိန်က ဒါဟမ် တက္ကသိုလ်မှာ ဂျန်ဒါ၊ အားကစားနဲ့ မညီမျှမှုတွေနဲ့ ပတ်သက်ပြီး သုတေသနလုပ်နေတဲ့ စတေဆီ ပုပ်က ပြောပါတယ်။

“အားကစားကို အလုပ်အဖြစ် ရွေးကြတဲ့ စံနမူနာကို စဉ်းစားကြရင် အမျိုးသားတွေ ကိုပဲ အခြေပြုကြတယ်၊ အမျိုးသားတွေက (အိမ်ထောင်စုအတွက်) ဝင်ငွေရှာသူတွေ၊ ထောက်ပံ့သူတွေလို့ ဂျန်ဒါအရ သဘောထားကြတယ်၊ အမျိုးသမီးတွေ ကတော့ (အမျိုးသားကို) အားပေးသူတွေ၊ မိခင်တာဝန်ကို ထမ်းရတဲ့သူတွေလို့ မြင်ကြတယ်။”

ဒါပေမဲ့ ဒီနေ့ ထိပ်တန်း ကစားသမားတွေက စည်းမျဉ်းတွေကို ပြောင်းလဲပစ်နေပါပြီ။ အမေရိကန် ဘောလုံးသမား အကျော်အမော် အဲလက်စ် မော်ဂန် သတင်းထောက် တွေနဲ့ စကားပြောပြီး ပြန်ဖြေပေးနေတုန်း သူ့ရဲ့ ၃ နှစ်အရွယ် သမီးလေးက ဗီဒီယိုနဲ့ ဖုန်းခေါ်လာလို့ သတင်းထောက်တွေကို ခွင့်ပြုပါလို့ ပြောရင်း သူ့သမီးကို စကားပြော ခဲ့တဲ့ အဖြစ်က ဒီနှစ် ကမ္ဘာ့ဖလားပွဲ အမှတ်ရစရာ အဖြစ်တွေထဲက တခုပါ။

ဒီလိုပဲ၊ စပိန်အသင်းက အိုင်ရင်း ပါရေးဒက်စ် က သူ့သားကို သြစတြေးလျကို သူနဲ့အတူ ခေါ်လာခဲ့ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) အင်တာဗျူးတခုမှာ “ရှင့် ကလေးက သိပ်ငယ်သေးတဲ့အချိန်မှာ ရှင် သူ့ကို လိုအပ်လိမ့်မယ်၊ ဒီလိုပဲ သူကလည်း ရှင့်ကို လိုအပ်တယ်” လို့ ပြောပါတယ်။

တခြားနာမည်ကြီးတွေဖြစ်တဲ့ အိုင်ယာလန်က အန် အိုဂေါ်မန်း၊ တရုတ်က ကျန်းရှင်၊ ဂျမေကာက ကလေး ၃ ယောက်ရဲ့ မိခင် ရှင်း မက်သရူး တို့လိုပဲ ပါရေးဒက်စ်က ဘောလုံးသမား အလုပ်ကြောင့် တွေ့ရတဲ့ စိန်ခေါ်မှုတွေ၊ ဦးစားပေးရွေးချယ်ခဲ့ ရတာ တွေကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြပါတယ်။

အတိတ်မှာတုန်းက အမျိုးသမီးဘောလုံးသမားတွေအဖို့ ကိုယ်ဝန်ဆောင် မိခင် အခွင့်အရေးကို မရခဲ့ပါဘူး၊ ဘာလို့လဲဆိုတော့ သမိုင်းအစဉ်အလာအရ အမျိုးသားတွေသာ ဘောလုံးလောကကို ကြီးစိုးထားလို့ပါလို့ ဘိုးစ်က ဆိုပါတယ်။ “အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်တဲ့အတွက် သူတို့ အလုပ်ကို အာမခံပေးရမယ် ဆိုတာမျိုး၊ အခုလို ပေါ့၊ ကွန်ထရက်စာချုပ်နဲ့ အကာအကွယ်ပေးထားတာမျိုးကို အမျိုးသားတွေက အရင်တုန်းက မစဉ်းစားဘူးလေ။”

၂၀၂၁ ခုနှစ် ဇန်နဝါရီလက စပြီး ဘောလုံးသမားတွေ ကိုယ်ဝန်ဆောင်ချိန်မှာ လစာအပြည့် အနည်းဆုံး ၁၄ ပတ် ခွင့်ပေးရမယ်ဆိုတဲ့ စည်းမျဉ်းကို ဖီဖာက ထုတ် ပါတယ်။ မိခင် တာဝန်ယူချိန်ခွင့် အတွက်လည်း လုပ်ခလစာရဲ့ ၃ ပုံ ၂ ပုံ အနည်းဆုံး ပေးရမှာပါ။

ဒီလို ဖီဖာက ထုတ်ပြန်ထားပေမယ့် ဒီစည်းမျဉ်းတွေကို သူတို့ ဘောလုံးကလပ်တွေက လိုက်နာစေဖို့ တချို့ ဘောလုံးသမားတွေ ကြိုးစား တိုက်ပွဲဝင် နေရဆဲပါ။

အိုက်စလန်အသင်းမှာ ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ဆာရာ ဘော့ ဂန်နာစဒေါ့တာ ဟာ လီယွန် ကလပ်အသင်းမှာ ကစားနေတုန်း သူ ကိုယ်ဝန်ဆောင်ချိန် လစာ အပြည့် မပေးတဲ့ အတွက် သူ့ရပိုင်ခွင့်ကိုရဖို့ တိုက်ပွဲဝင်ခဲ့ပြီး အနိုင်ရခဲ့ပါတယ်။ အဲဒီ အဖြစ်က အမျိုး သမီးဘောလုံးသမိုင်းမှာ ပထမဆုံးဖြစ်ပြီး အထင်ကရ မှတ်တိုင် တခုပါ။

“ဒါက အလုပ်သမားတယောက်အတွက်ရော၊ အမျိုးသမီးတယောက်အတွက်ရော၊ လူသား တယောက်အတွက်ရော ရကို ရရမယ့် ကျွန်မရဲ့အခွင့်အ‌ရေးပါ” လို့ သူအနိုင်ရတဲ့ ဆုံးဖြတ်ချက်ကျအပြီး ၂၀၂၂ ခုနှစ်မှာ သူက ပြောခဲ့ပါတယ်။

ဒီအောင်ပွဲက ကျွန်မအောင်ပွဲထက် ပိုကြီးမားပါတယ်။ ဘောလုံးကစားတုန်း ကလေး လိုချင်တဲ့ ကစားသမားအားလုံးအတွက် ဘဏ္ဍာရေးပိုင်း လုံခြုံစိတ်ချရမှုကို ပေးပါ တယ်” လို့ ဘောလုံးသမားတွေရဲ့ ထရီဗြွန်းစာစောင်မှာ သူက ရေးပါတယ်။

ညီမျှတဲ့ လုပ်ခ

လုပ်ခလစာ (ယောက်ျားသားတွေနဲ့) အတူတူရရှိရေး လမ်းစနဲ့ ဝေးနေဆဲ ဖြစ်ပေမယ့် လခပိုင်း ဆိုင်ရာမှာလည်း တိုးတက်မှုတွေရှိလာပါတယ်။

ဒီကမ္ဘာ့ဖလားပွဲမှာ အသင်းအောင်မြင်မှုအလိုက်ရမယ့် ဆုကြေးကို အမျိုးသမီး ဘောလုံးသမားတွေ ပထမဆုံးအကြိမ် အဖြစ် ရလာပါပြီ။ ပြိုင်ပွဲအဆင့်ဆင့် တက် လာနိုင်မှုကို လိုက်ပြီး အမျိုးသမီး ဘောလုံးသမား တဦးချင်းစီအနေနဲ့ ဆုကြေး ဒေါ်လာ ၃၀,၀၀၀ ကနေ ၂၇၀,၀၀၀ အထိ ရမှာပါ။

ဒီနှစ် အမျိုးသမီးဘောလုံးသမားတွေကို ပေးတဲ့ ဆုကြေး ပမာဏ ဒေါ်လာ ၁၀၉ သန်း နဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားမှာ အမျိုးသား ဘောလုံးသမားတွေကို ပေးတဲ့ ဒေါ်လာ ၄၃၇ သန်း လို ကွာဟနေတာမျိုးကနေ နောက်ကမ္ဘာ့ဖလားကစပြီး ကွာဟတာ မရှိ စေဖို့ ကုလသမဂ္ဂ အမျိုးသမီး အရေးက ဖီဖာကို တောင်းဆိုထားပါတယ်။

ဖီဖာ ဥက္ကဋ္ဌ ဂျာနီ အင်ဖန်တီနိုက ၂၀၂၇ မှာ လစာတွေကို တန်းတူညီမျှစွာပေးနိုင်ဖို့က “သူတို့ရည်မှန်းချက်” လို့ ဆိုပါတယ်။

ကုလသမဂ္ဂ အမျိုးသမီး အားကစားရေးရာ အကြီးအကဲ ဂျနီဖာ ကူးပါးက “အမျိုး သမီး ဘောလုံး အတွက် လစာ‌ပေးတာတွေ ညီမျှလာစေဖို့ စပွန်ဆာ ယူထား တဲ့ ကုမ္ပဏီတွေ၊ ရုပ်မြင်သံကြား ဌာနတွေက ပိုပြီးလုပ်ပေးဖို့ လိုပါတယ်၊ နိုင်ငံဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်တွေအနေနဲ့လည်း အဓိကကျတဲ့ အခန်းမှာ ရှိနေကြတာပါ” လို့ တာဝန်ယူလုပ်‌ဆောင်ပေးရမယ့်သူတွေကို ညွှန်းဆို ပြောပါတယ်။

ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေရဲ့ သမဂ္ဂဖြစ်တဲ့ FifPro က လောလော လတ်လတ် ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာ အရ အခုအချိန်မှာ လစာ မပေးတာ၊ ကျန်းမာရေး စစ်ဆေးစောင့်ရှောက်မှု ကင်းမဲ့တာ၊ သင့်တင့်တဲ့ လေ့ကျင့်ရေး နေရာ တွေ၊ ပစ္စည်း ကိရိယာတွေ မရှိတာတွေကြောင့် ထိပ်တန်း အမျိုးသမီးဘောလုံးသမား တွေအတွက် အန္တရာယ်များနေကြောင်း သိရပါတယ်။

ဂျမေကာ ဘောလုံးသမား ရှင်း မက်သရူးက သူတို့အသင်း ကမ္ဘာ့ဖလားမှာ လာပြိုင် နိုင်ဖို့အရေး ရန်ပုံငွေ ဒေါ်လာ ၁၀၀,၀၀၀ ရဖို့ အတွက် သူတို့ အသင်းက ဘောလုံး သမားတယောက်ရဲ့ မိခင် ဖြစ်သူက အများပြည်သူက စုပြီး ငွေလှူကြတဲ့ အစီအစဉ် တခုကို အွန်လိုင်းမှာ လှုံ့ဆော်ခဲ့ရပါတယ်လို့ ပြောပါတယ်။

ဂျမေကာ အသင်းသားတွေက ထုတ်ပြန်တဲ့ အိပ်ဖွင့်‌ပေးစာတစောင်ထဲမှာ သူတို့ဟာ သူတို့ နိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဆီကနေ “စံမမှီတဲ့” အထောက်အကူကိုသာ ရတယ်၊ အာဟာရပိုင်း ဆိုင်ရာနဲ့ လိုအပ်တဲ့ အရင်းအမြစ်တွေ ချို့တဲ့တယ်လို့ ရေးထားပြီး “အလျင်အမြန်နဲ့ စနစ်ကျတဲ့ အပြောင်းအလဲတွေ လုပ်ဖို့” တောင်းဆိုကြပါတယ်။

ဂျမေကာ ဘောလုံးအဖွဲ့ချုပ်က ဒါတွေကို အသေအချာ မလုပ်ထားခဲ့ဖူးဆိုတာ လက်ခံ ပါတယ်၊ အခုတော့ “ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အားသွန်လုပ်ဆောင် နေပါ တယ်” လို့ တုံ့ပြန်ပါတယ်။

အမျိုးသမီးဘောလုံးအသင်းတွေအပေါ် ပြုမူကြပုံနဲ့ ပတ်သက်ပြီး ကန့်ကွက်ကြတာက ဒါပထမဆုံး မဟုတ်ပါဘူး။ ၂၀၁၆ တုန်းက နိုင်ဂျီးရီးယား အမျိုးသမီးဘောလုံး အသင်းဟာ ထောက်ပံ့ကြေးတွေ၊ ဆုကြေးတွေ မရတာကြောင့် သူတို့ တည်းခိုရာ ဟိုတယ်ကနေ မထွက်ဘဲ ထိုင်သပိတ်လုပ်ခဲ့ကြပါတယ်။ နောက် ၂၀၁၇ မှာ နော်ဝေ ဘောလုံးသမား အေဒါ ဟက်ဂါဘာ့ဂ်က ကမ္ဘာ့ဖလားပွဲကို သပိတ်မှောက်ပါတယ်၊ သူက အမျိုးသမီး ဘောလုံးသမားတွေအပေါ် “မလေးစားကြဘူး” လို့ ဆိုကာ “ (အနောက်တိုင်း) ဝတ်စုံ အပြည့်နဲ့ ယောက်ျားသားတွေ” ကို ဝေဖန်ခဲ့ပါတယ်။

စွမ်းဆောင်ရည်ပိုင်းမှာ “ပိုသာပေမယ့်” သူတို့က “အမျိုးသား ဘောလုံးသမား တွေထက် ပိုနည်းတဲ့ လုပ်ခလစာကို အမြဲတမ်း ရနေတယ်” လို့ ဆိုရင်း အမေရိကန် အမျိုးသမီး ဘောလုံးအသင်းက ၂၀၁၉ မှာ အမေရိကန် ဘောလုံးအဖွဲ့ချုပ် (US Soccer) ကို ဥပဒေကြောင်းအရ တိုက်ပွဲဆင်ခဲ့ပါတယ်။ အမေရိကန် အမျိုးသမီး ဘောလုံးအသင်းဟာ ကမ္ဘာ့ဖလား ၄ ကြိမ် ဆွတ်ခူးခဲ့ဖူးပါတယ်။ အမေရိကန် အမျိုးသား ဘောလုံးအသင်း အမြင့်ဆုံးရောက်ဖူးတာက ၁၉၃၀ မှာ ကမ္ဘာ့ဖလား တတိယ နေရာပါ။

တဖြည်းဖြည်းနဲ့ အမေရိကန် အမျိုးသမီးအသင်းသားတွေ မနှစ် ဖေဖော်ဝါရီက ဆုကြေး ဒေါ်လာ ၂၄ သန်း ချီးမြှင့်ခံရပြီး အမျိုးသားနဲ့ အမျိုးသမီးအကြား လစာ ညီမျှလာစေရမယ်ဆိုတဲ့ အမေရိကန် ဘောလုံးအဖွဲ့ချုပ်ရဲ့ ကတိကို ရခဲ့ပါတယ်။

ဒါပေမဲ့ ဒီအရေးတွေက လစာ အညီအမျှပေးရေးအတွက်သာ မဟုတ်ဘူးလို့ FifPro က ဗျူဟာနဲ့ သုတေသနဆိုင်ရာ အကြီးအကဲ အဲလက်စ် ကယ်လ်ဗင်က ပြောပါတယ်။ “လစာ အညီအမျှလို့ပဲ ဆိုနေကြတာက တခြား မညီမျှမှုတွေကို ဖုံးအုပ်ပစ်လိုက် တယ်” လို့ သူက ပြောရင်း “အမျိုးသမီး ဘောလုံးသမားတွေ အနေနဲ့ စာချုပ်ချုပ်ရင် သက်တမ်း တိုတိုပဲ ရပြီး ဒါက သူတို့ ရပ်တည်နိုင်ဖို့ အတွက် မလုံလောက်ဘူး” လို့ ပြောပါတယ်။

ဘောလုံးသမားတွေ သူတို့ အခြေအနေတွေ ပိုကောင်းလာဖို့ လူသိရှင်ကြား တိုက်ပွဲ ဝင်လာကြတာကနေ “တခြားအမျိုးသမီးတွေလည်း ပိုပြီး ပြောရဲလာကြတယ်၊ ပိုပြီး ကြားအောင်လည်း ပြောလာကြတယ်” လို့ ဘိုးစ်က ပြောပါတယ်။

အမျိုးသမီးတွေ စိတ်ပိုင်း ထိခိုက်အောင် အနိုင်ကျင့်ခံရတာ၊ လိင်ပိုင်း စော်ကားခံ ရတာ တို့လို တခြားအရေးတွေကိုလည်း ထုတ်ဖော်ပြောလာရဲအောင် ဒီဘောလုံး သမားတွေရဲ့ အတွေ့အကြုံတွေက တွန်းအား ဖြစ်စေပါတယ်။ အမေရိကန် နေရှင်နယ် လိခ်ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်လာတာက အမျိုးသမီးတွေဟာ သြဇာကြီး ဌာန တခုကို ဆန့်ကျင် နိုင်စွမ်းရှိတာ၊ အာဏာအလွဲသုံးမှုတွေကို စိန်ခေါ်နိုင်စွမ်းရှိတာ စတာ တွေကို ဖော်ညွှန်းပြနေပါတယ်။

ကွင်းပြင်ပမှာ ဘောလုံးသမားတွေ တိုက်ပွဲဆင်ကြရင် ပရိသတ်တွေက သူတို့ကို အားပေးနေကြတယ် ဆိုတာကို ဒါဟမ် တက္ကသိုလ်က လုပ်တဲ့ သုတေသနတခုက ပြသနေပါတယ်။ ၂၀၁၉ ကမ္ဘာ့ဖလားပွဲကို လာကြည့်တဲ့ အရွယ်ရောက်ပြီးသား လူတွေကို အင်တာဗျူးရာမှာ လူမှုအသိုင်းအဝိုင်းအတွင်း မညီမျှမှုကို တိုက်ပွဲဝင်ကြ တဲ့ပွဲမှာ ဘောလုံးသမားတွေက အစိတ်အပိုင်းတခုအဖြစ် ပါဝင်နေတာလို့ ပရိသတ် တွေက ဖြေကြပါတယ်။

“ကျွန်မတို့ လုပ်တဲ့ သုတေသနထဲက ပရိသတ်တွေက ဘောလုံးသမားတွေ သူတို့ ကြုံရတဲ့ ပြဿနာတွေအတွက် တိုက်ပွဲဝင်ကြတာက ဂျန်ဒါ ညီမျှရေး အတွက် ကောင်းတဲ့ သက်ရောက်မှု ဖြစ်တယ်၊ ကျားမ ခွဲခြားမှု ‌အတားအဆီးတွေကို လျော့ကျ စေတယ်” လို့ ပြောတဲ့အကြောင်း သုတေသီ စတေဆီ ပုပ်က ဘီဘီစီ အမျိုးသမီး ၁၀၀ အစီအစဉ်ကို ပြောပါတယ်။

ဒါပေမဲ့ ထိပ်တန်း ကစားသမားတွေ အဲဒီလို ဖွင့်ဟ ထုတ်ဖော်ပြောတဲ့အခါ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခံရတာတွေလည်း ကြုံရတဲ့အကြောင်း ဘိုးစ်က ပြောပါတယ်။ “သူတို့ကို ကြားကနေ ဒဏ်ခံရသူဖြစ်အောင် လုပ်ပစ်တာ၊ လှောင်ပြောင်တာ စတာမျိုးတွေ လည်း ရှိနေတယ်” လို့ သူက ပြောပါတယ်။

အမေရိကန် ဘောလုံးသမား မေဂန် ရက်ပီးနိုး နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့် တို့ အရင်ကတည်းက အပြန်အလှန် ပြောနေကြတဲ့ အရေးမှာ အခု အမေရိကန်အသင်း ကမ္ဘာ့ဖလားပွဲကနေ အုပ်စုအဆင့်မှာပဲ ထွက်သွားရချိန်ကျတော့ ထရမ့်က “အရှုံး ညီမျှမှု ဖြစ်အောင် နိုးထကြစို့၊ ကောင်းလိုက်တဲ့ ကန်ချက် မေဂန်၊ အမေရိကန်တော့ ငရဲဘုံထဲ ဆင်းသွားပြီ” လို့ တွစ်တာမှာ ရေးပါတယ်။

“အမျိုးသမီး အားကစား သမားတွေအတွက် ကြိုးတန်း လမ်းလျှောက်ရသလိုပဲ” လို့ ဘိုးစ်က ပြောပြီး “ဒီအမျိုးသမီး ဘောလုံးသမားတွေဟာ အချိန်တိုင်းမှာ အဆင်ပြေ နေစေဖို့၊ နောက်မျိုးဆက်အတွက် အားကျစရာတွေ ဖြစ်စေဖို့၊ ပြည်သူတွေရဲ့ အခွင့် အ‌ရေး အတွက် တိုက်ပွဲဝင်ဖို့၊ သူတို့ ဘောလုံးကန်တာကရတဲ့ ဝင်ငွေက မလုံလောက် တော့ နောက် အလုပ်တခုရဖို့ စတာ စတာတွေ အများကြီးကို ရင်ဆိုင် နေရတာပါ” လို့ ဆိုပါတယ်။