လေယာဥ်တွေ မကြာခဏဆိုသလို ပျက်ကျလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဂျိုရှဝါ ချီသမ်၊ ယီမာနဲ့ မတ် မာဖီ
- ရာထူးတာဝန်, BBC Verify
လူသေဆုံးမှုများတဲ့လေယာဉ်မတော်တဆမှုတွေ ပေါ်ပေါက်ခဲ့အပြီးမှာ လေကြောင်းခရီး မတော်တဆမှုတွေဟာ မကြာခဏဆိုသလိုဖြစ်လာနေတယ်ဆိုပြီး လူမှုကွန်ရက် အသုံးပြုသူအချို့က ထင်မြင်ယူဆပြောဆိုလာကြပါတယ်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်နေ့တုန်းက တောင်ကိုရီးယားမှာ ဂျယ်ဂျူး လေကြောင်းလိုင်း လေယာဥ်ပျက်ကျခဲ့မှုကြောင့် လူ ၁၇၉ ဦး သေဆုံးခဲ့ပါတယ်။ နောက်တစ်လအကြာမှာတော့ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့မှာ စစ်ရဟတ်ယာဥ်နဲ့ လူစီးလေယာဥ်တိုက်မိပြီး လူ ၆၇ ဦး သေဆုံး ခဲ့ပါတယ်။
အဲဒီနောက် အိန္ဒိယလေကြောင်းလိုင်း လေယာဥ် တစ်စင်းဟာ အာမာဒါဘတ်မြို့ကနေပြန်တက်ပြီး ခဏလေးအတွင်းမှာပဲ ပျက်ကျခဲ့ပါတယ်။ လေယာဉ်ပေါ် လိုက်သွားတဲ့ လူစုစုပေါင်း ၂၆၁ ဦးထဲက ၁ ဦးသာ အသက်ရှင်ပါတယ်။
အဲဒီအကြောင်းအရာအပေါ် လူထုသဘောထားမေးမြန်း ကောက်ခံဖို့ရာမှာ အကန့်အသတ်တွေ ရှိနေပမဲ့ ဒီလို လေယာဉ်မတော်တမှုနဲ့ဆက်နွှယ်တဲ့ ဓာတ်ပုံတွေ အွန်လိုင်းပေါ် ပျံ့နှံ့နေတာကပဲ အမေရိကန်ပြည်ထောင်စုမှာ လေယာဉ်စီးမယ့်သူတွေ မစီးဝံ့ဖြစ်တဲ့အထိ ရိုက်ခတ်မှုရှိစေတယ်လို့ အေပီ သတင်းဌာနက ဖေဖော်ဝါရီလမှာ လုပ်ခဲ့တဲ့စစ်တမ်းမှာဖော်ပြပါတယ်။
ဒါပေမယ့် BBC Verify က အမေရိကန်နဲ့ ကမ္ဘာတစ်လွှားက အချက်အလက်တွေကို ခွဲခြမ်း စိတ်ဖြာလေ့လာခဲ့မှုအရ လေကြောင်းမတော်တဆမှုတွေကို ခြုံကြည့်ရင် ဆယ်စုနှစ် ၂ ခုကျော်အတွင်း အကျဘက်ကို ဦးတည်နေတာကို တွေ့ခဲ့ရပါတယ်။
အမေရိကန်မှာတော့ လေကြောင်းဆိုင်ရာမတော်တဆမှုတွေကို အမျိုးသားသယ်ယူပို့ဆောင်ရေး လုံခြုံမှုအဖွဲ့ (NTSB)က အခုနှစ် ဇန်နဝါရီလကုန်အထိ စာရင်းပြုစု ထားပါတယ်။
NTSB အချက်အလက်အရ ၂၀၀၅ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ အမေရိကန်နိုင်ငံအတွင်းမှာ လေကြောင်းပျံသန်းမှုအကြိမ်အရေအတွက် တိုးလာပေမဲ့ လေကြောင်း မတော်တဆမှုတွေကတော့ အဲဒီအတောအတွင်း သိသိသာသာကျဆင်းနေတာကို တွေ့ရပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှာ လေကြောင်း မတော်တဆမှု အကြိမ်ရေ ၇၀ ရှိရာကနေ ၂၀၂၄ ခုနှစ်မှာ ၅၈ ကြိမ်၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ၅၂ ကြိမ်အထိ နှစ်အလိုက် လျော့ကျလာနေပါတယ်။
၂၀၀၅ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း လေယာဥ်ပျံတက်ထွက်ခွာမှု အကြိမ်ရေ ၁ သန်းမှာ မတော်တဆမှုဖြစ်နှုန်းဟာ အကျဘက်ကို ဦးတည်တာ ရှင်းရှင်းလင်းလင်းမြင်လာရတယ်လို့ ကမ္ဘာတစ်ဝှမ်း လေယာဥ်မတော်တဆမှုတွေကို စောင့်ကြည့်တဲ့ ကုလသမဂ္ဂရဲ့ နိုင်ငံတကာမြို့ပြ လေကြောင်းအဖွဲ့ (ICAO) အချက်အလက်တွေက သိနိုင်ပါတယ်။
ICAO ကသတ်မှတ်တဲ့ လေယာဥ်မတော်မဆမှုတွေဟာ အလွန်ကျယ်ပြန့်ပြီး လိုက်ပါ စီးနင်းသူသို့မဟုတ် ဝန်ထမ်းတွေပြင်းပြင်းထန်ထန်ဒဏ်ရာရတာ၊ သေဆုံးတာကစလို့ လေယာဥ်ပျက်စီးတာ၊ ပြင်ဖို့လိုတာအပြင် ပျောက်ဆုံးသွားတာအထိ ပါဝင်ပါတယ်။
လေကြောင်းမတော်မဆမှုကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးတဲ့အရေအတွက်ဟာ ကာလတူ နှိုင်းယှဥ်ချက်အရဆိုရင် လျော့နည်းတယ်လို့ အချက်အလက်တွေက ပြသနေပါတယ်။ ဒါပေမဲ့ အချို့နှစ်တွေမှာ လေကြောင်းမတော်တဆဖြစ်မှုကြီးတွေကတော့ တက်နေပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
၂၀၁၄ ခုနှစ်က ဖြစ်ခဲ့တဲ့ဖြစ်ရပ် ၂ ခုဆိုရင် ဒီလိုသိသိသာသာမြင့်တက်မှုကို ဖြစ်စေခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ မတ်လမှာ မလေးရှားလေကြောင်းလိုင်းက လေယာဥ် MH370 ဟာ စီးနင်းသူ ၂၃၉ ဦးကို တင်ဆောင်ပြီး ကွာလာလမ်ပူမြို့ကနေ တရုတ်နိုင်ငံ၊ ဘေဂျင်းကို ပျံသန်းစဥ်မှာ ပျောက်ဆုံးခဲ့ပါတယ်။
ဇူလိုင်လမှာတော့ မလေးရှားလေကြောင်းလိုင်းကပဲ နောက်ထပ်လေယာဥ်တစ်စင်းဖြစ်တဲ့ MH17 ဟာ ယူကရိန်းနိုင်ငံ အရှေ့ဘက်ခြမ်း ကောင်းကင်ယံမှာ ပျံသန်းတုန်း ရုရှားလုပ်ဒုံးကျည်တစ်စင်းနဲ့ ပစ်ချခံရပြီး လိုက်ပါလာသူ အယောက် ၃၀၀ လုံးလုံး သေဆုံးခဲ့ပါတယ်။
ဒီလိုဖြစ်ရပ်တွေကြောင့် ပေါ်လာတဲ့ အချက်အလက်စုဟာ ရုတ်တရက်မြင်ရတဲ့ ကြီးမားတဲ့ အတက်အကျရှိတာမျိုးဖြစ်စေတယ်လို့ ကိန်းဘရစ်တက္ကသိုလ်၊ စာရင်းအင်းဌာနရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခ ဆာ ဒေးဗစ် စပိဂဲယ်ဟယ်သာ က BBC Verify ကိုပြောပါတယ်။
"မတော်တဆမှုဖြစ်စဥ်တွေထက် ထိခိုက်သေဆုံးမှုဘက်ကို အာရုံထား အချက်အလက်ကောက်ကြည့်ရင် မတော်တဆမှုကြီးကြီးမားမား တစ်ခုတည်းနဲ့တင် အချက်အလက်က တက်နှုန်း ကျနှုန်း မြန်သွားစေတာ''
"ဟိုဟိုဒီဒီဖြစ်ရပ်တွေဟာ ထပ်တူကျလေ့မရှိပါဘူး။ ခြုံပြီးပြောရလေ့ရှိတယ်။ ဒီတော့ လေယာဥ် မတော်တဆမှုတွေဟာ တစ်ခုနဲ့တစ်ခု ဆက်နွှယ်တာမျိုးမရှိတာတောင်မှ ဆက်နွှယ်သလို ကျွန်တော်တို့ စုလိုက်ရတာမျိုးရှိတယ်''
ပြီးခဲ့တဲ့လတွေအတွင်း ကမ္ဘာသိ လေယာဥ်မတော်တဆမှုတွေ ဆက်တိုက်ဖြစ်နေတာကို ကြည့်ရင် လေယာဥ်ဘေးကင်းလုံခြုံရေးမှုအပိုင်းမှာ အကျဘက်ကိုရောက်နေတာကို ညွှန်းနေတယ်လို့ ဖင်လန်နိုင်ငံက လေကြောင်းဖြစ်ရပ်ဆိုးများဆိုင်ရာစုံစမ်းစစ်ဆေးရေးမှူးချုပ်ဟောင်း အစ္စမို အယ်လ်တွန်နန်က ပြောပါတယ်။
"ဒီကာလအပိုင်းအခြားမှာ မတော်တဆမှုဖြစ်ရပ်ပေါင်းစုံ တွေ့ကြုံရတာကတော့ မကောင်းတဲ့အချက်လို့ ဆိုရမှာပါပဲ။ ဖြစ်အင်တွေ မတူကြတာကြောင့် လေယာဥ်ပျက်ကျမှုဖြစ်ရပ်အားလုံး တစ်ပုံစံတည်းလို့ ကျွန်တော်တို့ သိမ်းကြုံးမမြင်မိဖို့တော့ လိုအပ်ပါတယ်" လို့ သူကပြောပါတယ်။
တချို့ဖြစ်ရပ်တွေဟာ မမျှော်မှန်းနိုင်တဲ့အခြေအနေကြောင့် ဖြစ်ခဲ့တာကိုလည်း သူက ထောက်ပြပါတယ်။ အဇာဘိုင်ဂျန်လေကြောင်းလိုင်းလေယာဥ်တစ်စင်း ရုရှားလေယာဥ်ဖျက်ဒုံးကျည်ရဲ့ပစ်မှတ်ထားခံခဲ့ရပြီးတဲ့နောက် ကာဇက်စတန်နိုင်ငံမှာ ပျက်ကျမှု ဖြစ်ခဲ့တဲ့ဖြစ်ရပ်ကို သူက နမူနာ ပေးပါတယ်။
"မတော်တဆမှုသတင်းစုံကို လူမှုကွန်ရက်ပလက်ဖောင်းစုံကနေ သိကြမြင်ကြတဲ့အကြိမ် တိုးလာကြောင့် လေကြာင်းဖြစ်ရပ်ဆိုးတွေအကြောင်း လူတွေ သတိထားမှုလည်း မြင့်တက်လာကြတာ''လို့ လေယာဥ်မှူးဟောင်းလည်းဖြစ် ဘက်ကင်ဟမ်ရှိုင်း နယူးတက္ကသိုလ်ရဲ့ အကြီးတန်းကထိက မာကိုချမ်းက BBC Verify ကို ပြောပါတယ်။
ကစားကွင်းတစ်ခုထဲကို ပျက်ကျတော့မယ့် လေယာဥ်တစ်စင်းကို ကာကွယ်နေတဲ့ စူပါမန်းရုပ်ရှင်ထဲကနေ ထုတ်ယူထားတဲ့ ဗီဒီယိုအပိုင်းတစ်ခု တစ်တော့မှာ ပျံနှံ့နေပါတယ်။ အဲဒီဗီဒီယိုမှာ ထိုးထားတဲ့စာသားက "လတ်တလောဖြစ်ရပ်တွေကို ကြည့်ပြီး ပိထ် ဘူးတစ်ဂျက်တစ်ယောက် ပြီးခဲ့တဲ့လေးနှစ်လုံးလုံး နေ့စဥ်ဖြတ်ကျော်ခဲ့တဲ့အခြေအနေ'' လို့ ရေးထားပါတယ်။
ပိထ် ဘူးတစ်ဂျက်က ပြီးခဲ့တဲ့ဇန်နဝါရီလမှာ ရာထူးသက်တမ်းကုန်လို့ ဆင်းသွားတဲ့ အမေရိကန် ပို့ဆောင်ရေးဝန်ကြီးပါ။ ဗီဒီယိုမှာ ထိုးထားတဲ့စာသားကတော့ သူ ရာထူးကနေ ဆင်းသွားကတည်းက တိုးလာနေတဲ့ လေကြောင်းမတော်တဆမှုတွေကို ဆိုလိုချင်ပုံရပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း လေကြောင်းမတော်တဆမှုတွေဟာ ဘိုရင်း ၇၃၇ မက်စ် အမျိုးအစား လေယာဥ်နဲ့လည်း ဆက်နွှယ်နေတာကြောင့် ဒီလေယာဥ်အကြောင်းကို လူမှုကွန်ရက်ပေါ်မှာရော မီဒီယာတွေအပေါ်မှာပါ သိသိသာသာ အာရုံစိုက်ခဲ့ကြပါတယ်။ အထူးသဖြင့် အဲဒီ အမျိုးအစား လေယာဥ်တစ်စင်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတုန်းက ပျံသန်းနေတုန်း လေယာဥ်တံခါးပေါက် ပြုတ်ထွက်မှု ဖြစ်ခဲ့တဲ့ဖြစ်စဥ်ကြောင့်ပါ။
ဒီဖြစ်ရပ်တဲ့ တခြား မတော်တဆမှုတွေကြောင့် စိုးရိမ်စိတ်မြင့်ပြီး လေယာဥ် စီးနင်းသူတွေဟာ ဘိုရင်းထုတ်လေယာဥ်တွေကို မစီးကြဖို့အထိ သပိတ်မှောက်ကြလို့ ကုမ္ပဏီရဲ့ အစုရှယ်ယာစျေးတွေ ထိုးကျတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဲဒီလိုဖြစ်ရပ်တွေနဲ့ ပျက်ကျမှုကြီးတွေကို အာဏာပိုင်တွေဘက်က စေ့စေ့စပ်စပ်ကို စုံစမ်းစစ်ဆေးလေ့ရှိတယ်လို့ ကျွမ်းကျင်သူတွေက BBC Verify ကို ပြောပါတယ်။ ဒီဖြစ်ရပ်တွေကနေ ရရှိတဲ့အချက်အလက်အသစ် အသေးစိတ်ကို လေယာဥ်မှူးသင်တန်းတွေမှာ တကယ့်ဖြစ်စဥ်ပုံစံ ထည့်သွင်း လေ့ကျင့်စေပါတယ်။ နောင်မှာ တကယ့်ဖြစ်ရပ် ကြုံလာရင် ကျော်လွှား ပြင်ဆင်နိုင်ဖို့ ဖြစ်ပါတယ်။
"ဒီကနေ့ လေယာဥ်ပုံစံ အမောင်းသင်စက်တွေကိုကြည့်ရင် အတော်လေးအဆင့်မြင့်လာတယ်။ တကယ့် လေယာဥ်စစ်စစ် တစ်စင်းကို ပျံသန်းစေတာမျိုးနဲ့ တူလာပြီ'' လို့ အစ္စမို အယ်လ်တွန်နန်ကပြောပါတယ်။
''လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျွန်တော် လေယာဥ်မောင်းတုန်းကနဲ့စာရင် အခြားနားကြီး ခြားနားသွားပြီ''
ဘေးကင်းလုံခြုံမှုကို ခြိုးဖောက်မှုတွေအတွက် လုပ်ထုံးလုပ်နည်းကြီးကြပ်ရေးအာဏာပိုင်အဖွဲ့တွေက ငွေဒဏ်၊ လိုင်စင်ဆိုင်းငံ့တာနဲ့ မောင်းနှင်ပျံသန်းလည်ပတ်ခွင့် တားမြစ်တာတွေကိုလည်း ချမှတ် နိုင်ပါတယ်။ လေကြောင်းလိုင်းတွေအနေနဲ့လည်း လုံခြုံဘေးကင်းရေး စံနှုန်းတွေကို မစောင့်ထိန်းရင် နိုင်ငံတချို့ကို ပျံသန်းပြေးဆွဲခွင့်ပိတ်ပင်ခံရတာ၊ လေကြောင်းလိုင်းတစ်ခုလုံးကို ပိတ်ပစ်တာတွေ ကြုံရနိုင်ပါတယ်။
မကြာသေးခင်တုန်းက ပေါ်ပေါက်ခဲ့တဲ့လေကြောင်းမတော်တဆမှုတွေ ဖြစ်ထားပေမဲ့ လေကြောင်းခရီးဟာ လောလောဆယ်မှာတော့ ဘေးကင်းလုံခြုံမှု ကြီးမားတဲ့အခြေအနေမျိုးမှာရှိနေသေးပါတယ်။
၂၀၂၂ ခုနှစ်တုန်းက အမေရိကန်မှာ ပို့ဆောင်ဆက်သွယ်ရေးပုံစံမျိုးစုံနဲ့ဆက်နွှယ်နဲ့ သေဆုံးမှုတွေထဲမှာ ၉၉ ရာခိုင်နှုန်းဟာ လမ်းပေါ် မတော်တဆဖြစ်မှုတွေကြောင့် ဖြစ်တာလို့ အမေရိကန် သယ်ယူပို့ဆောင်းရေးဝန်ကြီးဌာနက အများပြည်သူ သိနိုင်အောင် ထုတ်ထားတဲ့ အချက်အလက်တွေမှာ ဖော်ပြပါတယ်။ လေကြောင်းခရီးနဲ့ဆက်နွှယ်တဲ့ သေဆုံးမှုဟာ ၁ ရာခိုင်နှုန်းအောက်သာရှိပါတယ်။
အကွာအဝေးကိုကြည့်ပြီး ထိခိုက်သေဆုံးမှုအချက်အလက်ကို ကြည့်မယ်ဆိုရင်တော့ လေကြောင်းနဲ့ သွားလာတာဟာ ဘေးကင်းမှုအပိုင်းမှာ ထင်သာမြင်သာ ရှိတာကို တွေ့နိုင်ပါတယ်။
၂၀၂၂ ခုနှစ်အတွင်း ခရီးမိုင် သန်း ၁၀၀ မှာမှ ခရီးသည် ၀.၀၀၁ ဦးလေကြောင်းခရီးမှာ သေဆုံးပြီး ကုန်းလမ်းက ယာဥ်တွေနဲ့ဆိုရင်တော့ ၀.၅၄ ရှိတယ်လို့ အမေရိကန်အခြေစိုက် အမျိုးသားဘေးကင်းလုံခြုံရေးကောင်စီ(NSC) ရဲ့ လတ်တလော အချက်အလက်တွေအရသိရပါတယ်။
အမေရိကန်နိုင်ငံအတွင်း နည်းမျိုစုံသောမတော်တဆမှုနဲ့ ရောဂါဘယတွေကြောင့် သေဆုံးနိုင်ခြေကိုလည်း NSC က ခွဲခြမ်းစိတ်ဖြာခဲ့ပါတယ်။
ကုန်းလမ်း မတော်မတဆမှုပုံစံမျိုးစုံကြောင့် သေဆုံးနိုင်တဲ့အန္တရာယ် သိသိသာသာမြင့်တက်နေချိန်မှာ လေယာဥ်ပျက်ကျမှုအတွင်း သေဆုံးနိုင်ခြေကို တွက်ချက်ဖို့ ခက်တဲ့အခြေအနေမျိုးမှာ ရှိနေတာကိုလည်း တွေ့ရပါတယ်။
နိုင်ငံတချို့ကလမ်းတွေဟာ တချို့နိုင်ငံတွေထက် အန္တရာယ် ပိုများနိုင်ပါတယ်။
ကမ္ဘာတစ်လွှားကနိုင်ငံတွေဟာ လမ်းပေါ် ယာဥ်တိုက်မှုဖြစ်ရပ်တွေကြောင့်သေဆုံးမှုနှုန်းကို ၂၀၂၁ ခုနှစ်က ကမ္ဘာ့အချက်အလက်တွေအပေါ်အခြေခံပြီး ကမ္ဘာကျန်းမာရေးအဖွဲ့က ခန့်မှန်းထားပါတယ်။
အဲဒီခန့်မှန်းချက်အရ ကမ္ဘာပေါ်မှာ လမ်းပေါ် ယာဥ်တိုက်မှု အန္တရာယ်အများဆုံးနိုင်ငံတွေဟာ ဂီနီနိုင်ငံ(လူပေါင်း ၁ သိန်းမှာ ၃၇.၄ ဦး သေဆုံး)၊ လစ်ဗျား (လူ ၁ သိန်းမှာ ၃၄ ဦးသေဆုံး)၊ ဟေတီ(လူ ၁ သိန်းမှာ ၃၁.၁ ဦး သေဆုံး) ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ကိုယ်က ဘယ်မှာပဲနေနေ အစ္စမို အယ်လ်တွန်နန် ပေးတဲ့ အကြံကတော့ ရှင်းပါတယ်။
"လေဆိပ်ကို သွားတဲ့ခရီးကို ဂရုစိုက်ပါ။ တကယ့် လေယာဥ်စီးလို့ ကြုံရမယ့် အန္တရာယ်ထက်စာရင် လေဆိပ်ကို အသွားခရီးက အန္တရာယ်အရှိဆုံးဖြစ်ပါတယ်''
အခုဆောင်းပါးကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာဖော်ပြခဲ့ပြီး လတ်တလောဖြစ်ခဲ့တဲ့ လေကြောင်းမတော်တဆမှုတွေကို ဖြည့်စွက် ဖော်ပြထားပါတယ်။














