အိန္ဒိယ-လန်ဒန် ပျံသန်းတဲ့ အဲအိန္ဒိယ(Air India)ခရီးသည်တင်လေယာဉ် ပျက်ကျ

အိန္ဒိယ-လန်ဒန် ပျံသန်းတဲ့ အဲအိန္ဒိယ( Air India)ခရီးသည်တင်လေယာဉ် ပျံတက်ပြီးမကြာခင်မှာပဲ လေဆိပ်အနီးက လူနေရပ်ကွက်ထဲ ပျက်ကျခဲ့တဲ့ သတင်းအပါအဝင် ဇွန် ၁၂ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • အိန္ဒိယ-လန်ဒန် ပျံသန်းတဲ့ ခရီးသည်တင်လေယာဉ် ပျက်ကျ၊ လေယာဉ်ပေါ်မှာ ခရီးသည်အပါအဝင် လေယာဉ်အမှုထမ်းစုစုပေါင်း ၂၄၂ ဦးလိုက်ပါ
  • ကချင်၊ ဖားကန့် မှော်စီစာမှာ စစ်တပ်စစ်ကြောင်းထိုးလို့ နဲ့ KIA/PDF ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲပြင်းထန်နေ
  • မရမ်းကုန်း ထွေအုပ်ရုံးမှာ ဓားထိုးမှုဖြစ်လို့ ထွေအုပ်စာရေး ၁ ဦး သေဆုံး၊ ဓားနဲ့ထိုးခဲ့တဲ့သူ ထွက်ပြေးလွတ်‌မြောက်နေဆဲ
  • ရုရှား-မြန်မာ နှစ်နိုင်ငံအပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ရဖို့ မော်စကိုနဲ့ စစ်ကောင်စီဆွေးနွေး
  • KNU တပ်မဟာ ၇ ဌာနချုပ် အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခံရ၊ တပ်မဟာ ၇ နယ်မြေထဲ စစ်တပ်နဲ့ ကရင်တော်လှန်ရေးတပ်ဖွဲ့တွေ စစ်ရေးဆက်တင်းမာနေ
  • ဂျပန်မှာ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းနှောင့်ယှက်မှုနဲ့ မြန်မာလူငယ်တစ်ဦး ဖမ်းဆီးစစ်ဆေးခံနေရ
  • ထိုင်း-မြန်မာနယ်စပ်က မြန်မာစစ်တပ်အတွက် အရေးပါတဲ့ ဥကရစ်ထစခန်းကို KNU/PDF ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်လို့ စစ်ရေးတင်းမာနေ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဇွန်လ ၁၂ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ ပြီးပါပြီ။

    ဒီနေ့ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းပြန်လည် ဖတ်ရှုနိုင်ပါတယ်။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေး‌ဇူးတင်ပါတယ်။

  2. ရုပ်သံ - အဲ အိန္ဒိယ လေယာဉ်ပျက်ကျတဲ့နေရာမှာ မီးသတ်သမားတွေ မီးငြိမ်းနေတဲ့ရုပ်သံ

    ဗီဒီယို ပုံစာ, လေယာဉ်ပျက်ကျမှုဖြစ်ချိန်အစောပိုင်းမှာ မီးသတ်သမားတွေ မီးငြိမ်းနေကြတဲ့ မြင်ကွင်း ရုပ်သံဖြစ်ပါတယ်

    အိန္ဒိယကနေ လန်ဒန်မြို့က ဂတ်ဝစ်လေဆိပ်ကို ပျံသန်းတဲ့ အဲ အိန္ဒိယ လေယာဉ် ပျက်ကျတဲ့နေရာမှာ မီးသတ်သမားတွေက မီးတောက်တွေကို ရေနိုင်နိုင်နဲ့ ဝိုင်းဖြန်း မီးငြိမ်းနေတဲ့မြင်ကွင်းဖြစ်ပါတယ်။

    အဲဒီလေယာဉ်မှာ ခရီးသည်နဲ့ အမှုထမ်း အယောက် ၂၄၀ ကျော် ပါဝင်သွားပြီး အဲဒီထဲမှာ ဗြိတိန်နိုင်ငံသား အယောက် ၄၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။

    ဗြိတိသျှ အာဏာပိုင်တွေဘက်ကတော့ အခုဖြစ်ရပ်အတွက် အရေးပေါ် အခြေအနေ တုံ့ပြန်ရေး အဖွဲ့ကို ဖွဲလိုက်ပြီလို့ ဆိုပါတယ်။

  3. တရုတ်နဲ့ မြေရှားသတ္တုသဘောတူညီချက် ရပြီလို့ ထရမ့်ပြော

    အမေရိကန်နဲ့ တရုတ်အကြား တင်းမာမှုတွေအနည်ထိုင်သွားအောင် လုပ်ပေးနိုင်မယ့် ''သဘောတူညီချက်တစ်ခု'' ရရှိသွားပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

    တရုတ်ဟာ အမေရိကန်ကုမ္ပဏီတွေကို သံလိုက်တွေနဲ့ မြေရှားသတ္တုတွေကို ထောက်ပံ့မှု ပေးဖို့ သဘောတူခဲ့တယ်လို့ သူက ပြောပါတယ်။ အဲဒီအတွက် အမေရိကန်ဟာ တရုတ်ကျောင်းသားတွေကို ဗီဇာရုပ်သိမ်းမယ်ဆိုတဲ့ ခြိမ်းခြောက်မှုကနေ နောက်ကြောင်းပြန်လှည့်မယ်လို့ ဆိုပါတယ်။

    "တရုတ်နဲ့ ကျွန်တော်တို့ရဲ့အပေးအယူ ရရှိပါပြီ။ သမ္မတရှီနဲ့ ကျွန်တော်တို့ နောက်ဆုံး အတည်ပြုဖို့သာ ရှိတော့ပါတယ်" လို့ ထရမ့်က သူ့ရဲ့ ထရု မီဒီယာမှာ ရေးပါတယ်။

    ကမ္ဘာ့စီးပွားရေးအကြီးမားဆုံး နိုင်ငံကြီး ၂ နှစ်နိုင်ငံကြားမှာ အပြန်အလှန်အခွန်တိုးကောက်ကြလို့ ကုန်သွယ်ရေး ကမောက်ကမဖြစ်ခဲ့ကြအပြီး ပြန်လည် ကိုယ်ရှိန်သတ်ကြဖို့ မေလမှာ နှစ်ဖက် သဘောတူခဲ့ကြပါတယ်။ ဒီသဘောတူညီချက်ရအပြီး လန်ဒန်မြို့မှာ ရက်နဲ့ချီကြာအောင် နှစ်ဖက် အကြိတ်အနယ် ဆွေးနွေးခဲ့ကြလို့ အခုအခြေအနေအထိ ရောက်ခဲ့ကြတာဖြစ်ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  4. ပျက်ကျခဲ့တဲ့ အဲ အိန္ဒိယ( Air-India) လေယာဉ် မီးလောင်ကျွမ်းနေတဲ့ရုပ်သံ

    ပျက်ကျခဲ့တဲ့ လေယာဉ်ပေါ်မှာ အိန္ဒိယနိုင်ငံသား ၁၆၉ ဦး၊ ဗြိတိန်နိုင်ငံသား ၅၃ ဦး၊ ကနေဒါနိုင်ငံသား၁ ဦးနဲ့ ပေါ်တူဂီနိုင်ငံသား ၇ ဦးတို့ လိုက်ပါသွားခဲ့ပါတယ်။

    လေယာဉ်ပျက်ကျလို့ သေဆုံးခဲ့တဲ့ လူဦးရေအပြင် ပျက်ကျခဲ့တဲ့နေရာတဝိုက်မှာလည်း အကြီးအကျယ်မီးလောင်မှုကြောင့် ထိခိုက်သေဆုံးသူရှိမရှိကိုတော့ အိန္ဒိယအစိုးရက ထုတ်မပြောသေးပါဘူး။

    ဗီဒီယို ပုံစာ, အဲ အိန္ဒိယ ခရီးသည်တင် လေယာဉ် အမာဒါဘတ်မြို့ပေါ်မှာ ပျက်ကျ
  5. အိန္ဒိယ-လန်ဒန် ပျံသန်းတဲ့ ခရီးသည်တင်လေယာဉ် ပျက်ကျ

    လေယာဉ်ပျက်ကျပြီးနောက် မီးလောင်နေတဲ့ မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, AP

    ဓာတ်ပုံ ပုံစာ, လေယာဉ်ပျက်ကျပြီးနောက် မီးလောင်နေတဲ့ မြင်ကွင်း

    ဒီနေ့ ဇွန် ၁၂ ရက် နေ့လယ်ပိုင်းမှာ အိန္ဒိယနိုင်ငံ၊ အဟမ်းဒါးဘတ်လေဆိပ်ကနေ လန်ဒန်မြို့ ဂတ်ဝစ်လေဆိပ်ကို ပျံသန်းခဲ့တဲ့ အဲ အိန္ဒိယ( Air-India)ခရီးသည်တင်လေယာဉ်ဟာ ပျံတက်ပြီးမကြာခင်မှာပဲ ပျက်ကျခဲ့တယ်လို့ အိန္ဒိယလေကြောင်းထိန်းချုပ်ရေးဌာနက အတည်ပြုပါတယ်။

    ပျက်ကျခဲ့တဲ့ လေယာဉ်ပေါ်မှာ ခရီးသည်၊ လေယာဉ်မှူး ၂ ဦးအပါ လေယာဉ်အမှုထမ်း ၁၀ ဦး စုစုပေါင်း ၂၄၂ ဦး လိုက်ပါလာခဲ့တယ်လို့ လေကြောင်းလိုင်းက လွန်ခဲ့တဲ့မိနစ်ပိုင်းမှာပဲ ထုတ်ပြန်ပါတယ်။

    အိန္ဒိယနိုင်ငံသား ၁၆၉ ဦး၊ ဗြိတိန်နိုင်ငံသား ၅၃ ဦး၊ ကနေဒါနိုင်ငံသား ၁ ဦးနဲ့ ပေါ်တူဂီနိုင်ငံသား ၇ ဦးတို့ လိုက်ပါလာခဲ့တယ်လို့ လေကြောင်းလိုင်းက ကြေညာပါတယ်။

    လေယာဉ်ဟာ လေဆိပ်အနီးက လူနေရပ်ကွက်ထဲကို ပျက်ကျခဲ့လို့ လေယာဉ်နဲ့အတူ အဆောက်အအုံတွေလည်း မီးလောင်ကျွမ်းနေသလို အဲဒီအနီးနားမှာ နေထိုင်တဲ့မြို့ခံတွေလည်း ထွက်ပြေးနေကြရပါတယ်။

    လူမှုကွန်ရက်မှာထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်တွေမှာလည်း လေယာဉ်ပျက်ကျတဲ့နေရာမှာ မီးခိုးလုံးကြီးတွေ တလူလူလွင့်တက်နေတာကို တွေ့ရပါတယ်။

    “အရေးပေါ် သတိပေးချက်ဖြစ်နေပါပြီ။ ကျွန်တော်ကိုယ်တိုင် အခြေအနေအသေးစိတ်ကို စောင့်ကြည့်နေပြီး လေကြောင်းနဲ့ အရေးပေါ်တုံ့ပြန်ရေးအေဂျင်စီတွေကိုလည်း ကယ်ဆယ်ရေးတွေမြန်မြန်လုပ်ကြဖို့ ညွှန်ကြားထားတယ်” လို့ အိန္ဒိယရဲ့ လေကြောင်းဆိုင်ရာဝန်ကြီးက ပြောပါတယ်။

    “ကယ်ဆယ်ရေးအဖွဲ့တွေစုနေပြီး ဆေးဝါးဆိုင်ရာ နဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ အမြန်ပို့နိုင်အောင် ကြိုးစားနေပါတယ်” လို့ သူက ဆက်ပြောထားပါတယ်။

    လေယာဉ်ပျက်ကျလို့ သေဆုံးခဲ့တဲ့ လူဦးရေအပြင် ပျက်ကျခဲ့တဲ့နေရာတဝိုက်မှာလည်း အကြီးအကျယ်မီးလောင်မှုကြောင့် ထိခိုက်သေဆုံးသူရှိ၊ မရှိကိုတော့ အိန္ဒိယအစိုးရက ထုတ်မပြောသေးပါဘူး။

  6. ဖားကန့်မှာ မှော်စီစာမှာ စစ်တပ် စစ်ကြောင်းထိုးလို့ တိုက်ပွဲဖြစ်

    KIA ရှေ့တန်းတပ်ဖွဲ့ဝင်တစ်ဦး (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, KIA ရှေ့တန်းတပ်ဖွဲ့ဝင်တစ်ဦး (ပုံဟောင်း)

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက လုံးခင်းရွာ မှော်စီစာဝန်းကျင်မှာ ကချင်လွတ်လပ်ရေးတပ် (KIA)နဲ့ စစ်ကောင်စီတပ်တို့ ဒီနေ့ ဇွန် ၁၂ ရက် နေ့လယ်ပိုင်းကစပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ မြေပြင်မှာရှိတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

    “မှော်စီစာဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ မှော်နားက ရွာတွေကို အင်အား ၅၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်နေတာ” လို့ သူက ဆက်ပြောပါတယ်။

    လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေ ရောက်မလာသေးပေမဲ့ မှော်စီစာအနီးနားက အောင်သာယာ ၁ နဲ့ ၂၊ တောင်ယာကုန်းနဲ့ သာယာကုန်းရပ်ကွက်တို့မှာနေထိုင်တဲ့ ဒေသခံတွေကို ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ကြဖို့ တော်လှန်‌ရေးတပ်ဖွဲ့တချို့က လူမှုကွန်ရက်ပေါ်ကနေ တိုက်တွန်းနေပါတယ်။

    ဇွန် ၁၀ ရက်တုန်းကလည်း လုံးခင်းရွာထဲက စစ်ကောင်စီ ရဲစခန်းကို KIA နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်ပစ်ခတ်ခဲ့လို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

    KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ ကနေ ထွက်လာတဲ့ စစ်ကြောင်းတွေက အနီးနားက မြို့ရွာတွေမှာ လှည့်လည်စစ်‌ကြောင်းထိုးနေတယ်လို့ အစောပိုင်းကပြောထားပါတယ်။

    စစ်ကောင်စီကတော့ ဖားကန့်မြို့နယ်ထဲက စစ်ရေးအခြေအနေတွေကို သတင်းမထုတ်ပြန်သေးပါဘူး။

  7. မရမ်းကုန်း ထွေအုပ်ရုံးမှာ ဓားထိုးမှုဖြစ်လို့ ထွေအုပ်စာရေး ၁ ဦး သေဆုံး, ဓားနဲ့ထိုးတဲ့သူကို ဖမ်းမမိသေး

    မရမ်းကုန်းမြို့မရဲစခန်း (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, CJ

    ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှာ မနေ့ ဇွန် ၁၁ ရက်က အငယ်တန်းစာရေးဖြစ်သူ အမျိုးသားတစ်ဦး ဓားနဲ့ထိုးခံရပြီး သေဆုံးသွားတယ်လို့ ထွေအုပ်ရုံးနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ‌ပြောပါတယ်။

    ဓားထိုးခဲ့တဲ့သူကတော့ မရမ်းကုန်းမြို့နယ်၊ ထွေအုပ်ရုံးမှာ တာဝန်ကျနေတဲ့ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးရဲ့ နောက်လိုက်တစ်ယောက်ဖြစ်တယ်လို့ မြို့ခံတချို့က ပြောပြပါတယ်။

    “ဓားနဲ့ထိုးခံရတဲ့သူက အထိုးခံရပြီး ဝါးတစ်ပြန်စာလောက် လမ်းလျှောက်လိုက်သေးတယ်၊ ပြီးမှ လဲကျပြီးဆုံးသွားတာ” လို့ မျက်မြင်ကြုံတွေ့ခဲ့သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    လက်ရှိမှာ သေဆုံးသွားသူရဲ့ မိသားစုက မရမ်းကုန်းမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားပြီး ဓားထိုးမှုကျူးလွန်ခဲ့တဲ့သူကိုတော့ မဖမ်းမိသေးဘူးလို့ သေဆုံးသွားသူနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

    သေဆုံးသွားတဲ့အငယ်တန်းစာရေးဟာ ရခိုင်ပြည်နယ်၊ သံတွဲမြို့ကနေ စစ်ရှောင်လာတဲ့သူဖြစ်တယ်လို့သိရပြီး ဒီဖြစ်ရပ်ဖြစ်စေတဲ့အထိ စေ့ဆော်မှု ရတဲ့အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

    သေဆုံးသူနဲ့ ရင်းနှီးသူတချို့ကတော့ ရန်ငြိုးရန်စကြောင့် ဓားနဲ့ထိုးတာဖြစ်နိုင်တယ်လို့ ယူဆနေကြပြီး ဓားထိုးမှု မဖြစ်ခင် ရှေ့တစ်ရက်ကတည်းက သေဆုံးခဲ့သူကို ကျူးလွန်ခဲ့တဲ့သူက မေးမြန်းရှာဖွေခဲ့တယ်လို့ သေဆုံးသူနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

  8. ရုရှား-မြန်မာ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ရဖို့ မော်စကိုနဲ့ စစ်ကောင်စီဆွေးနွေး

    မတ်လတုန်းက မော်စကိုခရီးစဉ်အတွင်းမှာတွေ့ရတဲ့ စစ်ခေါင်းဆောင်နဲ့ ရုရှားသမ္မတ ပူတင်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မတ်လတုန်းက မော်စကိုခရီးစဉ်အတွင်းမှာတွေ့ရတဲ့ စစ်ခေါင်းဆောင်နဲ့ ရုရှားသမ္မတ ပူတင်

    ရုရှားနိုင်ငံ၊ ‌မော်စကိုမြို့မှာ ကျင်းပတဲ့ ၅ ကြိမ်မြောက် နိုင်ငံတကာခရီးသွားဖိုရမ်မှာ ရုရှား-မြန်မာ နှစ်နိုင်ငံ အပြန်အလှန်ဗီဇာကင်းလွတ်ခွင့်ရရေး နှစ်နိုင်ငံဝန်ကြီးအဆင့်ရှိသူတွေ ဆွေးနွေးထားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

    အဲဒီလိုဆွေးနွေးကြတဲ့အကြောင်း စစ်ကောင်စီက ဇွန် ၁၂ ရက်ရက် နိုင်ငံပိုင်သတင်းစာကနေ ကြေညာထားပါတယ်။

    အဲဒီဖိုရမ်နဲ့အတူ ခရီးသွားပြပွဲအခမ်းအနားကို ဇွန် ၁၀ ရက်ကနေ ၁၅ ရက်အထိ ၆ ရက်ကြာကျင်းပမှာဖြစ်ပြီး စစ်ကောင်စီရဲ့ ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ဆွေးနွေးနေကြတာဖြစ်ပါတယ်။

    မြန်မာ-ရုရှား ခရီးသွားမြှင့်တင်ဖို့ ဗီဇာကင်းလွတ်ဖို့အပါအဝင် နှစ်နိုင်ငံခရီးသွားပြပွဲတွေမှာ ပူးပေါင်းပါဝင်ပြသဖို့အပြင် မြန်မာကို ရုရှားခရီးသားတွေ ပိုလာရောက်နိုင်ဖို့ကိုလည်း ပူးပေါင်းဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီကပြောပါတယ်။

    ရုရှားနိုင်ငံ၊ ‌မော်စကိုမြို့မှာ ကျင်းပတဲ့ ၅ ကြိမ်မြောက် မော်စကိုနိုင်ငံတကာခရီးသွားဖိုရမ်

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, ရုရှားနိုင်ငံ၊ ‌မော်စကိုမြို့မှာ ကျင်းပတဲ့ ၅ ကြိမ်မြောက် မော်စကိုနိုင်ငံတကာခရီးသွားဖိုရမ်

    တစ်ဖက်မှာလည်း စစ်ကောင်စီနဲ့ ခိုင်မာတဲ့ဆက်ဆံရေးရှိတဲ့ ဘေဂျင်းကလည်း မြန်မာက စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ မိသားစုဝင်တွေအတွက် ၆ လ ကနေ ၅ နှစ်အထိ တရုတ်နိုင်ငံမှာ ကာလကြာရှည်နေထိုင်လို့ရတဲ့ ဗီဇာအမျိုးအစားတွေကို ဇွန် ၉ ရက်ကစပြီး စိစစ်ခွင့်ပြုပေးနေတယ်လို့ ရန်ကုန်မှာရှိတဲ့ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။

  9. KNU တပ်မဟာ ၇ ဌာနချုပ် အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခံရ

    တပ်မဟာ ၇ နယ်မြေထဲက သေ့ဘောဘိုးစခန်းသိမ်းပိုက်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့(ကော်ဘရာစစ်ကြောင်း) ကနေ ထုတ်ပြန်ထားတဲ့ပုံ

    ဓာတ်ပုံ ရင်းမြစ်, Cobra Column 2 VENOM

    ဓာတ်ပုံ ပုံစာ, တပ်မဟာ ၇ နယ်မြေထဲက သေ့ဘောဘိုးစခန်းသိမ်းပိုက်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့(ကော်ဘရာစစ်ကြောင်း) ကနေ ထုတ်ပြန်ထားတဲ့ပုံ

    ကရင်ပြည်နယ်၊ ဘားအံခရိုင်ထဲက ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့အဓိကတပ်စခန်းဖြစ်တဲ့ တပ်မဟာ ၇ ဌာနချုပ်ကို ဒီနေ့ ဇွန် ၁၂ ရက် မနက်အစောပိုင်းက အသေခံဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်‌‌ရေးသတင်းရင်းမြစ်က ဘီဘီစီကို ပြောပါတယ်။

    ဒီနေ့ မနက်အစောပိုင်း ၁ နာရီကနေ ၄ နာရီအထိ ဒရုန်းသုံး ဗုံးကြဲခံခဲ့ရတာလို့ သူက ဆက်ပြောပါတယ်။

    “အထိအခိုက်တော့ မရှိပါဘူး” လို့ ဌာနချုပ်အရာရှိတစ်ဦးက ပြောပါတယ်။

    ဒီတိုက်ခိုက်မှုကို အဲဒီနယ်တကြောမှာ စခန်းတွေ လက်လွှတ်လိုက်ရတဲ့ စစ်တပ်က ပြုလုပ်ခဲ့တာလို့ ပြောပေမဲ့ ဘီဘီစီ အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

    ပြီးခဲ့တဲ့ မတ်လလယ်တုန်းကလည်း တပ်မဟာ ၇ ဌာနချုပ်ကို စစ်တပ်က ဒရုန်းနဲ့လေကြောင်းကနေ ၃ ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။

    တစ်ဖက်မှာလည်း KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်တွေက တပ်မဟာ ၇ နယ်မြေထဲက စစ်တပ်ခြေကုပ်စန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

    မတ်လကနေ ဇွန်လအထိ မြန်မာစစ်တပ်ရဲ့နယ်ခြားစည်းအတွက်အ‌ရေးပါတဲ့ ထိုင်း-မြန်မာနယ်စပ်က သေ့ဘောဘိုး မဆုတ်တမ်းခံစစ်စခန်းအပါအဝင် တပ်မဟာ ၇ နယ်မြေထဲက စစ်ကောင်စီတပ်စခန်း ၁၀ ခုထက်မနည်းကို ကရင်တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းထားပါတယ်။

  10. ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်း ရုပ်သံသောင်းချီစုဆောင်းပြီး ဂင်းနစ်စံချိန်တင်ဖို့ ကြိုးပမ်းမယ်

    ၂၀၁၅ ခုနှစ်တုန်းက အသက် ၇၀ နှစ်ပြည့်မွေးနေ့ပွဲကျင်းပနေတဲ့ ဒေါ်အောင်ဆန်းစုကြည်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၁၅ ခုနှစ်တုန်းက အသက် ၇၀ နှစ်ပြည့်မွေးနေ့ပွဲကျင်းပနေတဲ့ ဒေါ်အောင်ဆန်းစုကြည်

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ နှစ်ပြည့်မွေးနေ့အတွက် မွေးနေ့ဆုတောင်း ရုပ်သံ သောင်းချီကို စုဆောင်းပြီး ဂင်းနစ်စံချိန်တင်မယ့်လှုပ်ရှားမှုမှာ ပါဝင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်သား အငယ်ဖြစ်သူ ကင်အဲရစ်နဲ့အတူ အနုပညာရှင်တချို့နဲ့ တော်လှန်ရေးအင်အားစုတွေက လက်တွဲပြီး ဆော်ဩနေပါတယ်။

    ဇွန်လ ၁၉ ရက်မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက် ၈၀ ပြည့်မွေးနေ့မှာ မွေးနေ့ဆုတောင်း ရုပ်သံ ရှစ်သောင်းကျော် စုဆောင်းပြီး ဂင်းနစ်စံချိန်ချိုးဖို့ ကြိုးစားတာဖြစ်ပါတယ်။

    အသက် ၈၀ နှစ်ပြည့်မွေးနေ့ဖြစ်တာကြောင့် ကမ္ဘာအနှံ့က ချစ်ခင်သူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မွေးနေ့ဆုတောင်းစကားပြောထားတဲ့ရုပ်သံတွေကို လှုပ်ရှားမှုဦးဆောင်ကျင်းပတဲ့အဖွဲ့အစည်းတွေဆီ ပေးပို့ရမှာဖြစ်တယ်လို့ ဒီလှုပ်ရှားမှုကို ဦးဆောင်သူတစ်ဦးက ပြောပါတယ်။

    ကင်အဲရစ်ကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွတ်လပ်ရေး အိပ်မက်မက်နေတဲ့ မြန်မာက လူသန်းနဲ့ချီရဲ့ ဒီမိုကရေစီနဲ့ လူသားအခွင့်အရေးတွေအတွက် ဘဝတစ်ခုလုံးကို မြှုပ်နှံထားတဲ့သူဖြစ်တာကြောင့် သာမန်မွေးနေ့ထက်ပိုတဲ့ လှုပ်ရှားမှုတစ်ခုလုပ်ဖို့ ရည်ရွယ်ထားတာလို့ပြောထားပါတယ်။

    ဒီနေ့ ဇွန် ၁၂ ရက်အထိ မွေးနေ့ဆုတောင်းဗီဒီယို ၁ သောင်းခွဲကျော် ရရှိထားပြီလို့ ဒီလှုပ်ရှားမှုကို ကျင်းပတဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ကြေညာထားပါတယ်။

    နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုဖြစ်ပြီးကတည်းက ဖမ်းဆီး ထိန်းသိမ်းခံရပြီး အမှုတပ် စွပ်စွဲခံရကာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ချမှတ်ခံထားရပါတယ်။

  11. ကမ္ဘာ့ နာမည်အကြီးဆုံး ဓာတ်ပုံ 'နေပမ် မိန်းကလေး' ပုံကို ဘယ်သူရိုက်ခဲ့တာလဲ

    Napalm Girl - နေပမ် မိန်းကလေးလို့ လူသိများတဲ့ 'စစ်ရဲ့ကြောက်မက်ဖွယ်ရာ' ဓာတ်ပုံနဲ့ နစ်ခ် အုခ် ဟာ ပူလစ်ဇာဆုအပါအဝင် ဆုများစွာ ဆွတ်ခူးခဲ့

    ဓာတ်ပုံ ရင်းမြစ်, AP

    ဓာတ်ပုံ ပုံစာ, Napalm Girl - နေပမ် မိန်းကလေးလို့ လူသိများတဲ့ 'စစ်ရဲ့ကြောက်မက်ဖွယ်ရာ' ဓာတ်ပုံနဲ့ နစ်ခ် အုခ် ဟာ ပူလစ်ဇာဆုအပါအဝင် ဆုများစွာ ဆွတ်ခူးခဲ့

    နေပမ် (napalm) မီးလောင်တိုက်သွင်းတဲ့ လက်နက်ရန်ကြောင့် နာကျင်မှုတွေ၊ ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့အတူ အဝတ်အစားမပါနိုင်တော့တဲ့ မိန်းကလေးတယောက်ဟာ တခြား ကလေးတွေနဲ့ အတူ ပြေးလွှားနေပါတယ်။

    ဗီယက်နမ်စစ်ပွဲကို ပြဆိုတဲ့ "နေပမ် မိန်းကလေး - Napalm Girl" ဓာတ်ပုံဟာ ဗီယက်နမ် ဓာတ်ပုံ သတင်းထောက် နစ်ခ်အုခ် (Nick Ut) ကို ကျော်ကြားစေခဲ့သလို ပူလစ်ဇာဆုကိုလည်း သူဆွတ်ခူးနိုင်ခဲ့ပါတယ်။

    ဗီယက်နမ်မှာ မွေးဖွားခဲ့သူတွေထဲ သူက ဒီ သတင်းပညာရပ်ပိုင်းဆိုင်ရာ ကျော်ကြားတဲ့ဆုကို ပထမဆုံး ရသူ ဖြစ်သလို၊ ဗီယက်နမ်ဖွားတွေထဲ ပူလစ်ဇာဆုရတာက အခုအချိန်ထိ သူ တယောက်တည်းသာ ရှိပါတယ်။

    "နစ်ခ်အုခ်က အရွေးချယ်ခံလိုက်ရတဲ့သူပါ" လို့ အမည်မဖော်လိုတဲ့ ဗီယက်နမ် ဓာတ်ပုံ သတင်းထောက် တယောက်က ပြောပါတယ်။ 'ဆရာ' လို့ တလေးတစားခေါ်ခံရတဲ့ နစ်ခ်အုခ်ဟာ သူ့ မိခင် နိုင်ငံကို ပြန်ပြန်လာပြီး ဗီယက်နမ်နိုင်ငံသား ဓာတ်ပုံသတင်းထောက်တွေကို သင်ကြားညွှန်ပြပေးတတ်ပါတယ်။

    ဒါပေမဲ့ ဒီဓာတ်ပုံထွက်လာပြီး နှစ် ၅၀ အကြာမှာ ဒီဓာတ်ပုံကို ရိုက်ခဲ့တဲ့ သူက ဘယ်သူလဲ ဆိုတာကို စိန်ခေါ်ထားတဲ့ The Stringer - ပုဒ်စား သတင်းထောက် ဆိုတဲ့ မှတ်တမ်းတင်ရုပ်ရှင်ကားတခု ထွက်လာပါတယ်။ ဒီကားကို ဇန်နဝါရီတုန်းက ဆူဒန် ရုပ်ရှင် ပွဲတော်မှာ ပထမဆုံး ပြသခဲ့ပါတယ်။

    ဒီဓာတ်ပုံကို တကယ်ရိုက်ခဲ့သူက အခုအချိန်မှာ အသက် ၈၇ နှစ်ရှိပြီဖြစ်တဲ့ အလွတ်တန်း ဓာတ်ပုံ သတင်းထောက် ငုယင်သန် နဲ (Nguyen Thanh Nghe) လို့ ဒီမှတ်တမ်းတင်ကားက ဆိုလိုက်သလို ဒါက အံ့သြတုန်လှုပ်စရာ စွပ်စွဲချက်လည်း ဖြစ်ပါတယ်။

    အပြည်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။

  12. ဂျပန်မှာ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းနှောင့်ယှက်မှုနဲ့ မြန်မာလူငယ်တစ်ဦး အဖမ်းခံရ

    ၂၀၂၃ ခုနှစ်တုန်းက ကျင်းပတဲ့ G7 ထိပ်သီးဆွေးနွေးပွဲအတွက် ဟီရိုရှီးမားမြို့မှာလုံခြုံရေး ယူနေတဲ့ ဂျပန် ရဲတပ်ဖွဲ့ ဝင်တွေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၂၃ ခုနှစ်တုန်းက ကျင်းပတဲ့ G7 ထိပ်သီးဆွေးနွေးပွဲအတွက် ဟီရိုရှီးမားမြို့မှာလုံခြုံရေး ယူနေတဲ့ ဂျပန် ရဲတပ်ဖွဲ့ ဝင်တွေ

    ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့မှာ မြန်မာလူငယ်တစ်ဦးဟာ လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဂျပန်ကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။

    ဖမ်းဆီးခံရတဲ့လူငယ်ဟာ အသက် ၂၃ နှစ်အရွယ်လူငယ်ဖြစ်ပြီး အလုပ်သင်ဗီဇာနဲ့ ဂျပန်ကို ရောက်နေသူလို့ ဆိုပါတယ်။

    အဲဒီလူငယ်ဟာ မေလ ၂ ရက်၊ ည ၈ နာရီခွဲဝန်းကျင်မှာ ဟီရိုရှီးမားမြို့၊ အဆာကီတာ ရပ်ကွက်ထဲ လမ်းလျှောက်လာတဲ့ အမျိုးသမီးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာတိုက်ခိုက်ဖို့ လှဲချ ဒဏ်ရာရအောင် လုပ်ခဲ့တယ်လို့ ရဲက ပြောတဲ့အကြောင်း ဂျပန် သတင်းတွေက ရေးသားပါတယ်။

    အဲဒီလူငယ်ကလည်း သူ ကျူးလွန်တယ်လို့ ဝန်ခံထားတဲ့အကြောင်း ရဲက သတင်းထုတ်တယ်လို့ ဆိုပါတယ်။

    အမျိုးသမီးငယ်ကတော့ ဒဏ်ရာ အနည်းငယ်ရခဲ့တယ်လို့ရဲက ပြောပြီး အမှုကို ဆက်လက်စစ်ဆေးနေတယ်လို့သိရပါတယ်။

  13. မြန်မာစစ်တပ်အတွက် အရေးပါတဲ့ ဥကရစ်ထစခန်းကို KNU/PDF ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်

    ဥကရစ်ထခြေကုပ်စခန်းကို ခုခံကာကွယ်ခဲ့တယ်လို့ ၂၀၂၂ ခုနှစ်က မြန်မာစစ်တပ်ထုတ်ပြန်ထားတဲ့ပုံ (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, ဥကရစ်ထခြေကုပ်စခန်းကို ခုခံကာကွယ်ခဲ့တယ်လို့ မြန်မာစစ်တပ်ထုတ်ပြန်ထားတဲ့ပုံ (ပုံဟောင်း)

    ထိုင်း-မြန်မာနယ်စပ် ကရင်ဘက်ခြမ်း ဝေါလေဒေသထဲက မြန်မာစစ်တပ်အတွက် အရေးပါတဲ့ ဥကရစ်ထ (နယ်ခြားမဆုတ်တမ်းခြေကုပ်စခန်း)ကို KNU/PDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေတာကြောင့် စစ်ရေးတင်းမာနေတယ်လို့ မြေပြင် သတင်းရင်းမြစ်က ပြောပါတယ်။

    ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နဲ့ PDF - ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဇွန် ဒုတိယအပတ်ကစပြီး ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။ “စခန်းသိမ်းတိုက်ပွဲအတွက် စစ်ပြင်နေပြီ” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    လက်ရှိမှာ ဥကရစ်ထစခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက တကျော့ပြန်ထိုးစစ်ဆင်နေတာဖြစ်ပြီး ၂၀၂၂ ခုနှစ်တုန်းကလည်း KNLA နဲ့ ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်ရဲ့ ကရင်စစ်ရေးခွင်ထဲမှာ အရေးပါတဲ့ အဲဒီစခန်းကို တစ်ကြိမ်ထိုးစစ်ဆင်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ထိုးစစ်တုန်းက ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ ၆ နယ်မြေ ဝေါလေဒေသထဲက တပ်စခန်းတချို့ကို KNU က သိမ်းနိုင်ခဲ့ပေမယ့် ဥကရစ်ထစခန်းကိုတော့ စစ်တပ်က လက်မလွှတ်ရဖို့ လေကြောင်းကနေ ပြင်းပြင်းထန်ထန်ခုခံခဲ့တာကြောင့် ဆုတ်ခွာခဲ့ကြတာဖြစ်ပါတယ်။

    KNLAနဲ့ ပူးပေါင်းတပ်တွေက KNU ရဲ့ တပ်မဟာ ၇ နယ်မြေထဲက တပ်စခန်းတွေကို သိမ်းပိုက်ပြီးနောက် တပ်မဟာ ၆ နယ်မြေထဲက နယ်ခြားမဆုတ်တမ်းခံစစ်စခန်းတွေကို ဆက်ပြီးထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

    စစ်ကောင်စီတပ်ရဲ့ ဝေါ်လေ ဗျူဟာအတွက် ထောက်ပို့လမ်းကြောင်းအတွက် အရေးပါတာကြောင့် ရှိသမျှ ရင်းမြစ်စုပြုံသုံးပြီး အခုလိုခုခံကာကွယ်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ချက်ရှိနေပါတယ်။

    ဥကရစ်ထစခန်းဟာ လေးကေကော်ဒေသနဲ့ ဝေါလေဒေသကို ဆက်သွယ်ထားတဲ့ အဓိက လမ်းမကြီးပေါ်မှာရှိပါတယ်။ အဲဒီစခန်းကို လက်လွှတ်ရပါက ဝေါ်လေဒေသအတွက် စစ်ကောင်စီတပ်ရဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ပို့ဆောင်ရာမှာ မြေပြင်လမ်းကြောင်းကို အသုံးမပြုနိုင်ဖြစ်သွားမယ်လို့ စစ်ရေးရင်းမြစ်ကပြောပါတယ်။

    အဲဒီစခန်းမှာ ရဟတ်ယာဉ်ဆင်းသက်နိုင်တဲ့ ကွင်းငယ်တခုရှိပြီး ရှည်လျားတဲ့ ကတုတ်ကျင်းလမ်းကြောင်းတွေလည်းရှိတာကို ၂၀၂၂ ခုနှစ်က ကော်ဘရာ စစ်ကြောင်းက ဝေဟင်ကနေ ဒရုန်းနဲ့ ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းမှာတွေ့ရပါတယ်။ စစ်ကောင်စီကတော့ ထိုင်း-မြန်မာနယ်စပ်က တပ်စခန်းတွေနဲ့ ပတ်သက်လို့ ဇွန် ၁၂ ရက်မနက်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။

  14. မင်္ဂလာပါ။ ဇွန် ၁၂ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။