အဲအိန္ဒိယ လေယာဉ် စက္ကန့် ၃၀ အတွင်း ပျက်ကျတာ ဘာကြောင့် ဖြစ်နိုင်လဲ

ဘိုးရင်း 787-8 ဒရင်းမ်လိုင်နာ A graphic showing the Boeing 737-8 Dreamliner that crashed on Thursday. It is shown in flight and imposed over the BBC Verify colours.
    • ရေးသားသူ, ဆူတစ် ဘစ္စဝပ်စ်
    • ရာထူးတာဝန်, အိန္ဒိယဆိုင်ရာ ဘီဘီစီသတင်းထောက်
    • ရေးသားသူ, မက်မာဖီ နဲ့ ဂျော့ရွှာ ချီသမ်
    • ရာထူးတာဝန်, ဘီဘီစီ ဗယ်ရီဖိုင်း

အာမာဒါဘတ်မြို့ကနေ လန်ဒန်၊ ဂက်ဝစ်လေဆိပ်ကို ပျံသန်းတဲ့ လေယာဉ်ခရီးစဉ်အမှတ် AI171 ဘယ်လိုပျက်ကျခဲ့တယ်ဆိုတာကို အသေးစိတ် စုံစမ်းစစ်ဆေးပြီးမှသာ အတိအကျသိကြရမှာ ဖြစ်ပေမဲ့ ပျံတက်ပြီး ခဏလေးမှာပဲ ပျက်ကျတဲ့ဖြစ်စဉ်က လေကြောင်းကဏ္ဍအတွက် အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်နိုင်ပါတယ်။

အိန္ဒိယက စုံစမ်းစစ်ဆေးသူတွေဟာ လာမယ့်ရက်အတွင်းမှာပဲ အမေရိကန်နဲ့ ယူကေက ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်တော့မှာပါ။ အာမာဒါဘတ်မြို့ ဆာဒါ ဗဲလ်လတ်ဘိုင် ပတဲလ် နိုင်ငံတကာလေဆိပ်ပြေးလမ်းကနေပျံတက်ပြီး ၁ မိုင်နီးပါးလောက်အဝေးမှာတင် ဘိုးရင်း 787-8 ဒရင်းမ်လိုင်နာလေယာဉ် ဘာကြောင့် ပျက်ကျခဲ့လဲဆိုတာကို သိနိုင်ဖို့ အာဏာပိုင်တွေ ကြိုးပမ်းနေကြပါတယ်။

ဘိုးရင်း 787-8 ဒရင်းမ်လိုင်နာ လေယာဉ်တွေ စျေးကွက်အတွင်းစတင်ရောက်ရှိခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစလို့ အခုလို ပျက်ကျမှုဟာ ပထမဆုံးဖြစ်ပြီး လူအသေအပျောက်လည်း များခဲ့ပါတယ်။ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်က လူ ၂၄၁ ဦးအပြင် မြေပြင်က ထိခိုက်သေဆုံးသူတွေလည်း ရှိခဲ့ပါတယ်။

ဘီဘီစီကနေ လေကြောင်းဆိုင်ရာကျွမ်းကျင်သူတွေနဲ့ အိန္ဒိယအခြေစိုက်လေယာဉ်မှူးတွေကို စကားပြောခဲ့ပါတယ်။ တချို့လေယာဉ်မှူးတွေက နာမည်မဖော်ပြလိုကြပါဘူး။ ဒီလေယာဉ်မှူးတွေဟာ ဘိုးရင်း 787-8 ကို အိန္ဒိယနိုင်ငံတကာလေဆိပ်တွေကနေ ပုံမှန်မောင်းနေသူတွေ ဖြစ်ပါတယ်။

သူတို့ကို ဒီလေယာဉ် စတင်ပျံတက်ပြီး တစ်ခဏလေးအတွင်း ဘယ်လိုအချက်တွေကြောင့် ပျက်ကျခဲ့တာ ဖြစ်နိုင်သလဲဆိုတာ မေးကြည့်ပါတယ်။ ဒီလေယာဉ်က လူနေအဆောက်အအုံတွေကြား ထိုးဆင်းပြီး ပျက်ကျသွားခဲ့တာပါ။

ဝေဟင်အမြင့်ကို ပျံမတက်နိုင်ခဲ့

ဗီဒီယို ပုံစာ, အဲ အိန္ဒိယ လေယာဉ်ပျက်ကျမှုက အသက်ရှင် လွတ်မြောက်လာသူ

ဘိုးရင်း 787-8 ဒရင်းမ်လိုင်နာကို လေယာဉ်မှူး ဆူမိ ဆဘာဝါလ်နဲ့ တွဲဖက်လေယာဉ်မှူး ကလိုက်ဗ် ကွန်ဒါတို့က မောင်းနှင်ခဲ့ကြတာပါ။ နှစ်ဦးပေါင်း လေကြောင်းပျံသန်းချိန် အတွေ့အကြုံက နာရီပေါင်း ၉,၀၀၀ ကျော်ရှိသူတွေ ဖြစ်ပါတယ်။ မစ္စတာဆဘာဝါလ်ဟာ ခရီးသည်တင်လေကြောင်းလိုင်း လေယာဉ်မှူး အဖြစ် ၂၂ နှစ်ကြာ လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။

လေယာဉ်ပေါ်လိုက်ပါသူ ၂၄၂ ဦးကို သယ်ဆောင်ပြီး အာမာဒါဘတ်မြို့ နိုင်ငံတကာ လေဆိပ်ပြေးလမ်းပေါ်မှာ ကြာသပတေးနေ့ နေ့ခင်းမှာ ဖြည်းညင်းစွာ ရွှေ့လျားသွားခဲ့ပါတယ်။ အဲဒီနောက် ဒေသစံတော်ချိန် နေ့လယ် ၁ နာရီ ၃၉ မိနစ်မှာတော့ ပျံတက်ခဲ့တာလို့ အိန္ဒိယလေကြောင်းလိုင်း အော်ပရေတာက ပြောပါတယ်။

အာမာဒါဘတ်မြို့ကနေ ပျံတက်သွားစဉ်မှာ လေယာဉ်မှာ ဆီတိုင်ကီအပြည့်ဖြစ်တဲ့ လောင်စာဆီတန် ၁၀၀ ထည့်ထားတယ်လို့ အိန္ဒိယပြည်ထဲရေးဝန်ကြီး အမစ် ရှားက ပြောပါတယ်။

ပျံတက်ပြီး ချက်ချင်းနီးပါးမှာပဲ လေယာဉ်မှူးအခန်းကနေ အရေးပေါ်အကူအညီတောင်းဆိုတဲ့ မေဒေး ခေါ်ဆိုမှုလုပ်ခဲ့တယ်လို့ အိန္ဒိယလေကြောင်းပို့ဆောင်ရေး ကြီးကြပ်သူက ပြောပါတယ်။ အဲဒါပြီးတာနဲ့ လေယာဉ်ကနေ ပြန်လည်တုံ့ပြန်တာမျိုးကို မရတော့ပါဘူး။

မေဒေး ခေါ်ဆိုမှု ဘာကြောင့် လုပ်ခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ ဒီလေယာဉ်မှာ တစ်ဦးတည်း အသက်ရှင်ကျန်ရစ်သူပြောတာကတော့ လေယာဉ်က အပေါ်ကို ပျံမတက်နိုင် ဖြစ်နေချိန်မှာ ကျယ်လောင်တဲ့ အသံကြီးတစ်သံကို ကြားခဲ့ရတယ်လို့ အိန္ဒိယ သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။

ဒီလေယာဥ်က လူနေရပ်ကွက်တစ်ခုအပေါ် နီးနီးကပ်ကပ်နဲ့ ပျံသန်းနေချိန် အောက်ကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခုကို BBC Verify က အတည်ပြုစိစစ်ကြည့်ခဲ့ပါတယ်။ နောက်ဆုံး လေယာဥ်ကနေ ပေးပို့တဲ့ အချက်အလက်အရ လေယာဥ်ဟာ အမြင့် ၆၂၅ ပေကို ရောက်ရှိခဲ့ပါတယ်။

အဲဒီနောက် လေယာဥ်ဟာနိမ့်ဆင်းလာပြီး သစ်ပင်တွေ အဆောက်အအုံတွေကြားထဲ ထိုးဆင်းသွားကာ နောက်ဆုံး မိုးကုတ်စက်ဝိုင်းအထက်ကို ကြီးမားတဲ့ ပေါက်ကွဲမှုကြီး ပေါ်ထွက်လာခဲ့ပါတယ်။

ဗီဒီယို ပုံစာ, လူနေရပ်ကွက်ထဲ တဖြည်းဖြည်း ကျဆင်းပြီး ပျက်ကျသွားတဲ့ လေယာဉ်

"တကယ်လို့ အင်ဂျင် နှစ်ခုစလုံး ပျက်ခဲ့မယ်ဆိုရင် သူ့အတွက် တုံ့ပြန်လုပ်ဆောင်ချိန် ဘယ်လိုမှ ရလိုက်မှာ မဟုတ်ဘူး" လို့ လေယာဥ်မှူးတစ်ဦးက ပြောပါတယ်။ BBC Verify ကမြင်ခဲ့ရတဲ့ CCTV ဗီဒီယိုအရ လေယာဥ်ဟာ လေထဲမှာ စက္ကန့် ၃၀ ပဲ ရှိခဲ့ပါတယ်။

လူနေဧရိယာတစ်ခုအတွင်း လေယာဥ်ပျက်ကျခဲ့ပြီး ဓါတ်ပုံတွေအရဆိုရင် တိုက်တာအဆောက်အအုံတွေ ထူထပ်တဲ့နေရာမှာ ကြီးကြီးမားမားပျက်စီးခဲ့ပါတယ်။ ဒီနေရာမှာ ဆေးရုံတွေနဲ့ အစိုးရအဆောက်အဦတွေလည်း ရှိပါတယ်။

"ဖြစ်ခဲလွန်းတဲ့" အင်ဂျင် နှစ်ခုလုံးပျက်မှုအကြောင်း ပြောဆိုချက်များ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ခဏလေးပဲမြင်လိုက်ရတဲ့ လေယာဥ်ပျံသန်းမှုဗီဒီယိုကို အခြေခံပြီး ဒီကပ်ဆိုက်မှု ဘာကြောင့်ဖြစ်ခဲ့တာလည်းဆိုတာကို အတိအကျပြောနိုင်ဖို့က လုံးဝ မဖြစ်နိုင်လောက်စရာပါ။

လာမယ့်ရက်တွေမှာတော့ လေယာဉ်ပျံသန်းမှုမှတ်တမ်းတင်ကိရိယာ (Black Box)နဲ့ အပျက်အစီးတွေကို စမ်းသပ်စစ်ဆေးတဲ့ ရှုပ်ထွေးတဲ့စုံစမ်းစစ်ဆေးမှုတစ်ခု စတင်ပါလိမ့်မယ်။ ဒါပေမဲ့ ဗီဒီယိုတွေမှာတော့ လေယာဥ်ဟာ မြေပြင်ကနေ အမြင့်ကိုပျံနိုင်ဖို့ အခက်တွေ့ခဲ့ပြီး စက်တွန်းကန်အား ဒါမှမဟုတ် စွမ်းအား ချို့တဲ့ခဲ့ပုံ ရပါတယ်။

ကျွမ်းကျင်သူအချို့ ပြောကြတဲ့ အကြောင်းရင်းတစ်ခုကတော့ အင်ဂျင်နှစ်ခုလုံး အလုပ်မလုပ်‌တော့တာပါ။ ဒါမျိုးက အရမ်းကို ဖြစ်ခဲပါတယ်။

လေယာဥ်မှာရှိတဲ့ အရေးပေါ်လျှပ်စစ်ဓါတ်အားပေးစက် (RAT) ကို ထိထိရောက်ရောက် အသုံးချခဲ့နိုင်လားဆိုတဲ့ မေးခွန်းတွေလည်း ရှိပါတယ်။ ဒီစက်က အင်ဂျင်တွေ အလုပ်မလုပ်တော့တဲ့အခါမှာ မရှိမဖြစ်စနစ်တွေအသုံးပြုဖို့ လျှပ်စစ်ထုတ်ပေးပါတယ်။

အင်ဂျင် နှစ်ခုလုံးအလုပ်မလုပ်တော့တဲ့ ဖြစ်စဥ်က မကြားဖူးသလောက်ပါဘဲ။ မှတ်မှတ်ရရ ဥပမာတစ်ခုဆိုရင်တော့ "ဟာဒ့်ဆန်မြစ်ပေါ်က အံသြဖွယ်ရာ" ဆိုတဲ့ ၂၀၀၉ ခုနှစ်တုန်းက ဟာ့ဒ်ဆန်မြစ်ပေါ် ဆင်းသက်ခဲ့ရတဲ့ ဖြစ်စဉ်ပါ။

အဲဒီတုန်းက ယူအက်စ် လေကြောင်းလိုင်းရဲ့ Airbus A320 လေယာဉ်ဟာ နယူးယောက်၊ လာဂါဒီယား လေဆိပ်ကနေ ပျံတက်ပြီးမကြာခင်မှာပဲ ငှက်တွေနဲ့တိုက်မိပြီး အင်ဂျင် ၂ ခုစလုံး အလုပ်မလုပ်တော့ပါဘူး။ ဒါပေမဲ့ ဘေးကင်းစွာနဲ့ မြစ်ထဲ ထိုးဆင်းခဲ့ရပါတယ်။

အင်ဂျင်နှစ်ခုစလုံးအလုပ်မလုပ်တော့တာမျိုးဟာ ဆီညစ်ညမ်းမှု ဒါမှမဟုတ် ဆီ ပိတ်တာရဲ့ ရလဒ်ကြောင့် ဖြစ်နိုင်တယ်လို့ အကြီးတန်းလေယာဥ်မှူးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

လေယာဥ်အင်ဂျင်တွေအတွက် တိကျတဲ့ဆီတိုင်းတာမှုစနစ်လိုအပ်ပြီး တကယ်လို့ အဲဒီစနစ်ဟာ ပိတ်ဆို့နေမယ်ဆိုရင် အင်ဂျင်ဆီကို ဆီမရောက်တာအပြင် အင်ဂျင်ရပ်တန့်သွားတဲ့အထိ ဖြစ်နိုင်ပါတယ်။

အခုတွေ့နေရတဲ့ဗီဒီယိုကိုပဲ အခြေခံပြီးတော့ အင်ဂျင် နှစ်ခုလုံးရပ်တန့်သွားတယ်လို့ ပြောဖို့ သက်သေအထောက်အထားမရှိဘူးလို့ လေယာဥ်မှူးဟောင်း မာကိုချမ်းက ဘီဘီစီကို ပြောပါတယ်။

အင်ဂျင် နှစ်ခုလုံးအလုပ်မလုပ်တော့တာမျိုးဆိုတာ တကယ့်ကို အလွန်အလွန် ဖြစ်တန်ခဲပါတယ်လို့ လေကြောင်းဆိုင်ရာကျွမ်းကျင်ပညာရှင် မိုဟန် ရန်ဂနသန်က ဘီဘီစီကိုပြောပါတယ်။

လေယာဥ်အင်ဂျင်ထုတ်လုပ်တဲ့ GE Aerospace ဘက်ကလည်း စုံစမ်းစစ်ဆေးမှုတွေကိုကူညီဖို့အတွက် အဖွဲ့တစ်ဖွဲ့ကို အိန္ဒိယကိုစေလိုက်သလို ဘိုးရင်းကလည်း လေကြောင်းလိုင်းကို အပြည့်အဝကူညီထောက်ပံ့ဖို့ ကမ်းလှမ်းထားတယ်လို့ ပြောပါတယ်။

ဗီဒီယို ပုံစာ, ဗီဒီယိုတွေနဲ့ လေယာဉ်အချက်အလက်တွေဆီကနေ သိရသမျှ

ငှက်တွေနဲ့ တိုက်မိခြင်း

အိန္ဒိယကကျွမ်းကျင်သူအချို့ခန့်မှန်းကြတဲ့ အခြားဖြစ်နိုင်ချေတစ်ခုကတော့ ငှက်တွေနဲ့တိုက်မိတာမျိုး ဖြစ်ပါတယ်။

လေယာဥ်ဟာ ငှက်တွေကို အရှိန်နဲ့ဆောင့်မိတဲ့အခါ လေယာဥ်အတွက် အလွန်အမင်းအန္တရာယ်များနိုင်ပါတယ်။ ဆိုးရွားပြင်းထန်တဲ့ ဖြစ်စဥ်တွေမှာဆိုရင် ငှက်တစ်ကောင်ကို အင်ဂျင်က စုပ်ယူလိုက်တဲ့အခါမှာ အင်ဂျင်စွမ်းအား ကျဆင်းသွားတာမျိုး ဖြစ်နိုင်ပါတယ်။

အဲဒီလိုမျိုးဖြစ်စဥ်က လွန်ခဲ့တဲ့နှစ်က တောင်ကိုရီးယားရဲ့ ဂျယ်ဂျူး လေကြောင်းလိုင်းမှာ လူ ၁၇၉ ဦးသေဆုံးခဲ့တဲ့ ဖြစ်စဉ်မျိုး ဖြစ်ပါတယ်။

အာမာဒါဘတ်လေဆိပ်ဟာ "ငှက်တွေနဲ့ပတ်သက်ရင် နာမည်ဆိုးရှိတဲ့ လေဆိပ်" အဖြစ် ကျွမ်းကျင်သူတွေနဲ့ လေယာဥ်မှူးတွေက သိရှိထားကြတယ်လို့ သူတို့က ဘီဘီစီကို ပြောပါတယ်။

"ငှက်တွေက အမြဲပတ်ပတ်လည်မှာ ရှိနေတာ" လို့ မစ္စတာ ရန်ဂနသန်ကပြောပါတယ်။ အဲဒီလေဆိပ်မှာ အဆင်းအတက်လုပ်နေတဲ့ လေယာဥ်မှူးအနည်းဆုံး ၃ ဦးကလည်း အလားတူ ပြောဆိုကြပါတယ်။

အာမာဒါဘတ်မြို့ပါဝင်တဲ့ ဂူဂျာရက်ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း လေယာဉ်နဲ့ ငှက် တိုက်မိမှု ၄၆၂ ကြိမ်ရှိခဲ့ပြီး အာမာဒါဘတ်လေဆိပ်မှာ အများဆုံးဖြစ်ခဲ့တယ်လို့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း လွှတ်တော်ကို တင်သွင်းတဲ့ လေကြောင်းပို့ဆောင်ရေးဆိုင်ရာ ဝန်ကြီးဌာနရရဲ့ အချက်အလက်တွေအရ သိရပါတယ်။

အာမာဒါဘတ်လေဆိပ်အတွင်း ၂၀၂၂-၂၃ ခုနှစ်အတွင်း ငှက်နဲ့ တိုက်မိမှု ၃၈ ကြိမ်ရှိခဲ့ပြီး ဒါက အရင် ၁၂ ကာလထက် ၃၅ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ လေဆိပ်အာဏာပိုင်တွေရဲ့ အချက်အလက်ကို ကိုးကားပြီး Times of India သတင်းဌာနက ၂၀၂၃ စက်တင်ဘာ တုန်းက ဖော်ပြခဲ့ပါတယ်။

၂၀၀၉ ခုနှစ် ဖြစ်စဥ်မှာတော့ အမြင့်ပေ ၂၇၀၀ မှာ စင်ရော်အုပ် ရှိနေခဲ့ပြီး လေယာဉ်အင်ဂျင်ထဲ ရောက်သွားပါတယ်။ အဲဒီအမြင့်ပေက အခုအိန္ဒိယလေကြောင်းလိုင်းလေယာဥ်ပျံသန်း တဲ့အမြင့်ထက် ၄ ဆ ပိုမြင့်ပါတယ်။ အခုဖြစ်စဥ်မှာတော့ အိန္ဒိယလေယာဥ်မှူးတွေအတွက် အမြင့်ပေ သိပ်မရောက်သေးသလို တုံ့ပြန်လုပ်ဆောင်နိုင်ဖို့ အချိန်လည်း မရခဲ့ကြပါဘူး။

ဒါပေမဲ့ "အင်ဂျင် နှစ်ခုလုံး မပျက်စီးဘူးဆိုရင်"ငှက်တွေနဲ့ တိုက်မိတာက အဆိုးရွားဆုံးအန္တရာယ်မဟုတ်ဘူးလို့ အကြီးတန်းလေယာဥ်မှုးတစ်ဦးကပြောပါတယ်။

လေယာဉ်ရဲ့ Flap တောင်ပံကိရိယာတွေကြောင့်လား

ပျံတက်ချိန်အတွင်း လေယာဥ်ဦးမော့စေတဲ့ တောင်ပံနောက်ခြမ်းက တောင်ပံရွက်ကိရိယာ Flap တွေ မထုတ်နိုင်တာမျိုးကြောင့် အခုလိုကပ်ဆိုက်မှုမျိုးဖြစ်နိုင်ချေရှိတယ်လို့ ကျွမ်းကျင်သူ ၃ ဦးက BBC Verify ကိုပြောပေမဲ့ တခြားလေယာဥ်မှူးတွေနဲ့ လေ့လာသုံးသပ်တချို့ကတော့ အဲဒီလို မမြင်ပါဘူး။

လေယာဥ်ပျံတက်ချိန် အရှိန်နည်းတဲ့ အနေအထားမှာ လေယာဉ်အပေါ်ကို တက်စေဖို့ ဒီ တောင်ပံနောက်ခြမ်းကိရိယာ Flap က အဓိကအရေးကြီးတဲ့အရာတစ်ခု ဖြစ်ပါတယ်။

အဲဒီ Flap တွေကို ကောင်းကောင်း မဖွင့်ဘူးဆိုရင် ဝန်အပြည့်တင်ထားနဲ့ လေယာဉ်အတွက် - ဝန်အပြည့်ဆိုရာမှာ ခရီးသည်တွေနဲ့ ခရီးရှည်လေယာဉ်အတွက် လောင်စာဆီတွေလည်း အများကြီး သယ်ပိုးထားတဲ့အပြင် ပူပြင်းတဲ့ရာသီဥတုအခြေအနေတွေအောက်မှာ - ပျံတက်ဖို့ ခက်ပါလိမ့်မယ်။

ဒရီးမ်လိုင်နာ လေယာဉ် A graphic showing the 737-8 Dreamliner

ကြာသပတေးနေ့က ပျက်ကျတဲ့အချိန်က အာမာဒါဘတ်မှာ အပူချိန်က ၄၀ ဒီဂရီစင်တီဂရိတ်နား ရှိခဲ့ပါတယ်။ အပူချိန်မြင့်လို့ လေထုပါးလွှာနေချိန်မျိုးမှာ Flap တွေကို ခပ်မြင့်မြင့်အနေအထားမှာ ထားရသလို အင်ဂျင်တွန်းကန်အားလည်း ပိုလိုအပ်တယ်လို့ လေယာဥ်မှူးတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အဲဒီလို အခြေအနေမျိုးမှာ အမှားသေးသေးလေးကတောင် ကြီးမားတဲ့ဘေးအန္တရာယ်အကျိုးဆက်တွေ ဖြစ်နိုင်ပါတယ်။

လေယာဥ်ပျက်ကျပြီး နောက်တစ်ရက် နှောင်းပိုင်းမှာ ပေါ်ထွက်ခဲ့တဲ့ CCTV ဗီဒီယိုမှာဆိုရင် လေယာဉ်ဟာ လိုအပ်တဲ့ဝေဟင်အမြင့်ကိုရောက်ဖို့ ရုန်းကန်နေခဲ့ရပြီး မပျက်ကျခင်မှာ တဖြည်းဖြည်းနဲ့ အောက်ကို ကျဆင်းလာတာကို တွေ့ရပါတယ်။

လေယာဥ်တက်တဲ့အချိန် Flap အပိတ်အဖွင့်က ညပ်နေပြီဆိုရင် 787 လေယာဥ်ရဲ့ သတိပေးစနစ်ကနေ အချက်ပြသတိပေးမှုတွေ ထွက်ပေါ်လာခဲ့ရမှာဖြစ်ပြီး လေယာဉ်အမှုထမ်းတွေကိုလည်း အချက်ပြပေးမှာဖြစ်တယ်လို့ လေယာဥ်မှူးတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အခုချိန်ထိ ထွက်ပေါ်လာတဲ့ ဗီဒီယိုတွေအရ ‌Flap ဖြန့်ထုတ်နိုင်ခဲ့မှုရှိမရှိဆိုတာ သေသေချာချာ အတည်ပြုနိုင်ဖို့ ခက်ခဲတယ်လို့ လေယာဥ်မှူးဟောင်း မစ္စတာချမ်းက BBC Verify ကိုပြောပါတယ်။ ဒါပေမဲ့ အဲဒီလိုချို့ယွင်းမှုမျိုးက "အရမ်းကိုမှ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်စဥ်" လို့ ပြောပါတယ်။

"Flap တွေက လေယာဥ်မတက်ခင်မှာ လေယာဥ်မှူးတွေကိုယ်တိုင် ချိန်ကြရတာမျိုး ဖြစ်ပါတယ်။ ပြီးတော့လည်း ချိန်ညှိမှုကို အတည်ပြုစစ်ဆေးပေးတဲ့ စစ်ဆေးစာရင်းတွေနဲ့ လုပ်ငန်းစဉ်တွေ အများကြီးရှိတယ်" လို့ မစ္စတာချမ်းကပြောပါတယ်။ "တကယ်လို့ Flap တောင်ပံရွက်တွေသာ မှန်မှန်ကန်ကန် ချိန်မထားဘူးဆိုရင် ဒါက လူကြောင့်ဖြစ်တဲ့ အမှားမျိုးကြောင့် ဖြစ်လာနိုင်တယ်။"

ဒီသတင်းကို ဂျိတ် ဟော်တန်က ဖြည့်စွက် ရေးသားထားပါတယ်။

The BBC Verify logo