အဲအိန္ဒိယ လေယာဥ်ပျက်ကျမှု အနည်းဆုံး လူ ၂၀၀ သေဆုံးခဲ့၊ တယောက် အသက်ရှင်ကျန်ရစ်တဲ့ သတင်းထွက်ပေါ်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယနိုင်ငံ အမ်ဟမ်ဒါဘတ်လေဆိပ်ကနေ ပျံထွက်လာပြီး တမိနစ်တောင်မကြာသေးခင်မှာ ပျက်ကျခဲ့တဲ့ ခရီးသည်တင် ဘိုးရင်း 787 - 8 ဒရင်းလိုင်နာ လေယာဉ်ကြီးကနေ အသက်ရှင်ကျန်ရစ်သူ ခရီးသည် တယောက် ရှိတယ်လို့ ရဲကော်မရှင်နာ အရာရှိ ဂျီအက်စ် မာလစ်ခ်က ANI သတင်းအေဂျင်စီကို ပြောပါတယ်။
သူဟာ ခရီးသည်တယောက်ဖြစ်ပြီး ထိုင်ခုံနံပတ် 11 A က ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
အဲဒီခရီးသည်ကို ဆေးရုံကို ယူဆောင်သွားပြီး ကုသပေးနေကြပါတယ်။
တာဝန်ရှိ အရာရှိတွေ ထုတ်ပြန်ထားတဲ့ အချက်တွေ အရ ထိုင်ခုံနံပတ် 11 A မှာ လိုက်ပါခဲ့တဲ့ ခရီးသည်ရဲ့ အမည်ဟာ ဗစ်ရှ်ဝက်ရှ် ကူးမား ရမ်မီဖြစ်ပြီး ဗြိတိန်နိုင်ငံသား တယောက်ဖြစ်ကြောင်းလည်း သိရပါတယ်။
လေယာဉ်ပျက်ကျသွားတဲ့နေရာကနေ လူသေ အလာင်းပေါင်း ၂၀၄ လောင်းကို ရှာဖွေတွေ့ရှိထားတယ်လို့ အမ်ဟမ်ဒါဘတ် ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒါပေမဲ့ ဒါတွေဟာ လေယာဉ်ပေါ်က လူတွေရဲ့ အလောင်းတွေချည်းပဲလား၊ မြေပြင်မှာ ထိခိုက်သူတွေရဲ့ အလောင်းတွေပါ ပါဝင်သလား ဆိုတာတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။
ဇွန် ၁၂ ရက် နေ့လယ်ပိုင်း ၁ နာရီဝန်းကျင်မှာ အိန္ဒိယအနောက်ပိုင်း အမ်ဟမ်ဒါဘတ်မြို့ လေဆိပ်ကနေ ဗြိတိန်နိုင်ငံ ဂက်ဝစ် လေဆိပ်ကို ပျံသန်းခဲ့တဲ့ အဲအိန္ဒိယ လေယာဥ်ဟာ စတင်ပျံသန်းပြီး မကြာခင်မှာပဲ ပျက်ကျခဲ့တာပါ။
အဲဒီလေယာဥ်မှာ ခရီးသည်များ၊ လေယာဥ်မှူး ၂ ဦး အပါ လေယာဥ်အမှုထမ်း ၁၀ ဦးခရီးသည် ၂၄၂ ဦး၊ လိုက်ပါသွားတာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အိန္ဒိယနိုင်ငံသား ၁၆၉ ဦး၊ ဗြိတိန်နိုင်ငံသား ၅၃ ဦး၊ ကနေဒါနိုင်ငံသား ၁ ဦးနဲ့ ပေါ်တူဂီနိုင်ငံသား ၇ ဦးတို့ လိုက်ပါလာခဲ့တယ်လို့ လေကြောင်းလိုင်းက ကြေညာပါတယ်။
လေယာဉ်ဟာ လေဆိပ်အနီးက လူနေရပ်ကွက်ထဲကို ပျက်ကျခဲ့လို့ လေယာဉ်နဲ့အတူ အဆောက်အအုံတွေလည်း မီးလောင်ကျွမ်းနေသလို အဲဒီအနီးနားမှာ နေထိုင်တဲ့မြို့ခံတွေလည်း ထွက်ပြေးနေကြရပါတယ်။
ဘိုးရင်း ၇၈၇ - ၈ Dreamliner လေယာဉ်ဟာ ဝေဟင်ကို ပျံတက်ပြီးနောက် လေကြောင်းထိန်းချုပ်ရေးက ဆက်သွယ် အကြောင်းကြားခဲ့သော်လည်း တုံ့ပြန်မှု မရှိခဲ့ဘဲ တာဝါနဲ့ လေယာဥ် ဟာ ပေပေါင်း ၆၂၅ ပေကို ရောက်ရှိချိန်မှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။
လေယာဉ်ဟာ လေဆိပ်အနီးက လူနေရပ်ကွက်တခုမှာ ကျခဲ့ပြီး လူနေအဆောက်အအုံတချို့ပါ မီးလောင်ခဲ့ပါတယ်။
လူမှုကွန်ရက်မှာထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်တွေမှာလည်း လေယာဉ်ပျက်ကျတဲ့နေရာမှာ မီးခိုးလုံးကြီးတွေ တလူလူလွင့်တက်နေတာကို တွေ့ရပါတယ်။
"အရေးပေါ် သတိပေးချက်ဖြစ်နေပါပြီ။ ကျွန်တော်ကိုယ်တိုင် အခြေအနေအသေးစိတ်ကို စောင့်ကြည့်နေပြီး လေကြောင်းနဲ့ အရေးပေါ်တုံ့ပြန်ရေးအေဂျင်စီတွေကိုလည်း ကယ်ဆယ်ရေးတွေမြန်မြန်လုပ်ကြဖို့ ညွှန်ကြားထားတယ်" လို့ အိန္ဒိယရဲ့ လေကြောင်းဆိုင်ရာဝန်ကြီးက ပြောပါတယ်။
"ကယ်ဆယ်ရေးအဖွဲ့တွေစုနေပြီး ဆေးဝါးဆိုင်ရာ နဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ အမြန်ပို့နိုင်အောင် ကြိုးစားနေပါတယ်" လို့ သူက ဆက်ပြောထားပါတယ်။
လေယာဉ်ပျက်ကျလို့ သေဆုံးခဲ့တဲ့ လူဦးရေအပြင် ပျက်ကျခဲ့တဲ့နေရာတဝိုက်မှာလည်း အကြီးအကျယ်မီးလောင်မှုကြောင့် ထိခိုက်သေဆုံးသူရှိ၊ မရှိကိုတော့ အိန္ဒိယအစိုးရက ထုတ်မပြောသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Reuters
လေယာဥ် ကုမ္ပဏီဘိုးရင်းကတော့ "ကနဦး အစီရင်ခံစာတွေကို ကျွန်တော်တို့ သိရှိထားပြီးပါပြီ။ နောက်ထပ် အချက်အလက်တွေကို စုဆောင်းနေပြီး ဆက်လက်စိစစ်မှုတွေ လုပ်ဆောင်နေပါတယ်" ထုတ်ပြန်ပါတယ်။
ဗြိတိန် ဝန်ကြီးချုပ် ကီရာစတာမာကတော့ ခရီးသည်တွေရဲ့ မိသားစုတွေနဲ့ ထပ်တူဝမ်းနည်းရကြောင်းပြောပါတယ်။
"အိန္ဒိယနိုင်ငံ အမ်ဟမ်ဒါဘတ်မှာ ပျက်ကျသွားတဲ့ ဗြိတိန်နိုင်ငံသားများစွာကို တင်ဆောင်ခဲ့တဲ့ ပျက်ကျ လေယာဉ်ရဲ့ မြင်ကွင်းတွေက တကယ်ကို ဝမ်းနည်းစရာပါ။
" နောက်ဆုံးရအခြေအနေနဲ့ ထပ်မံရရှိတဲ့ သတင်းတွေကို ကျွန်တော်ကို စောင့်ကြည့်နေပါတယ်။ ဆိုးရွားတဲ့ဒီအဖြစ်အပျက်အပေါ် လေယာဥ်ပေါ်က ခရီးသည်တွေ၊မိသားစုတွေနဲ့ ထပ်တူခံစားရပါတယ်'' လို့ ကီရာစတာမာက ပြောပါတယ်။
လေကြောင်းလုံခြုံရေးကျွမ်းကျင်သူ မာကိုချန် ကတော့ လေယာဉ်ပျက်ကျချိန်မှာ ရာသီဥတုအခြေအနေက တည်ငြိမ်ပြီး ကြည်လင်နေတယ်လို့ ပြောပါတယ်။
မြေပြင်လေက ပေါ့ပါးပြီး ကောင်းကင်ကနေ မြေပြင်ကို မြင်နိုင်စွမ်းက ခြောက်ကီလိုမီတာ ရှိတယ်လို့လည်း METAR လို့ လူသိများတဲ့ လေကြောင်းမိုးလေဝသခန့်မှန်းချက် က ဖော်ပြပါတယ်။
ချန်က "လေပြင်းတိုက်ခတ်မှု၊ မုန်တိုင်းများ ဒါမှမဟုတ် မတော်တဆဖြစ်နိုင်ခြေရှိတဲ့ အခြားဆိုးရွားတဲ့ ရာသီဥတု အခြေအနေတွေကို ညွှန်ပြတာမရှိသလို ထူးခြားတဲ့ တိမ်တိုက်များ ဒါမှမဟုတ် ရာသီဥတုဖြစ်စဉ်တွေ အစီရင်ခံခြင်းမရှိကြောင်း" သူက ဖြည့်စွက်ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဆရာဝန် အများစုကို ကယ်တင်နိုင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters
အမ်ဟမ်ဒါဘတ်က အကြီးတန်းရဲအရာရှိတစ်ဦးရဲ့ ANI သတင်းဌာနကို ပြောဆိုချက်အရ လေယာဥ်ဟာ ဒေသတွင်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနဲ့ ဆရာဝန်တွေ တည်းခိုနေတဲ့ အဆောက်အဦပေါ် ကို ပျက်ကျခဲ့တာလို့ ဆိုပါတယ်။
ဒေသခံ အမျိုးသမီး နိုင်ငံရေးသမား ဒါရှနာ ဗက်ဟီလာကတော့ ဆရာဝန်တွေနေထိုင်တဲ့ အိမ်ခန်း အများအပြား ပျက်စီးသွားခဲ့တယ်လို့ သတင်းထောက်တွေကို ဖြေပါတယ်။
"လေယာဉ်ပျက်ကျချိန်မှာ အနီးနားက ကျွန်မရုံးခန်းမှာ ရှိနေခဲ့ပြီး ကျယ်လောင်တဲ့ အသံကြီးထွက်လာခဲ့တယ်" လို့ သူက ပြောပါတယ်။
" ကျွန်မတို့ သူတို့ရဲ့ အိမ်ခန်းတွေကနေ ဆရာဝန်တွေ အများကြီးကို တို့ ကယ်တင်နိုင်ခဲ့ပါတယ်။"
ရဲတွေ၊ မီးသတ်သမားတွေနဲ့ တခြားဝန်ထမ်းတွေ မိနစ်ပိုင်းအတွင်း အခင်းဖြစ်နေရာကို ရောက်ခဲ့တယ်လို့ သူက ပြောပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နေတယ်လို့လည်း ဖြေထားပါတယ်။
နောက်ထပ် အခင်းဖြစ်တဲ့နေရာကနေ လွတ်မြောက်ခဲ့တဲ့ ဆရာဝန်တစ်ဦးရဲ့ မိခင်ကတော့ သူတို့သားက တည်းခိုဆောင်ရဲ့ ဒုတိယထပ်ကနေ ခုန်ချခဲ့လို့ လွတ်မြောက်ခဲ့တယ်လို့ ပြောပါတယ်။
အမ်ဟမ်ဒါဘတ် ဆေးရုံပြင်ပမှာတော့ စိုးရိမ်သောကရောက်နေတဲ့ ခရီးသည်တွေနဲ့ တည်းခိုဆောင်မှာ ထိခိုက်ခဲ့သူတွေရဲ့ ဆွေမျိုးတွေ ရောက်ရှိနေကြပါတယ်။
ပူနန်ပါတဲလ် ဆိုတဲ့ အမျိုးသားတစ်ဦးကတော့ သူ့ခယ်မဟာ အခု ပျက်ကျခဲ့တဲ့ လေယာဥ်မှာပါခဲ့ပြီး လန်ဒန်ကို သွားတာလို့ ANI သတင်းဌာနကို ပြောပါတယ်။
"တစ်နာရီအတွင်းမှာပဲ လေယာဉ်ပျက်ကျတဲ့သတင်းကို ကျွန်တော်ရခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော် ဒီကိုလာခဲ့တာပါ" လို့ ပါတဲလ် က ဆေးရုံရှေ့မှာစောင့်ဆိုင်းရင်းဖြေပါတယ်။
ရာမီလာ ဆိုတဲ့ အမျိုးသမီးကြီးကတော့ သူ့ရဲ့ သားအတွက် ရတက်မအေးဖြစ်နေပါတယ်။ နေ့လယ်စာစားဖို့ အဲဒီတည်းခိုဆောင်ကို သူ့သားဝင်သွားခဲ့တာဖြစ်ပြီး နှစ်ထပ်ဆောင်ကနေ ခုန်ချခဲ့လို့ လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပြင်းထန်ဒဏ်ရာရထားလို့ သူ စိတ်ပူနေတာပါ။











