အမေရိကန်ထဲက အထောက်အထားမဲ့ အိန္ဒိယတွေအကြောင်း - လူမသိသေးတဲ့ အချက် ၉ ချက်

၂၀၂၄ ခုနှစ်က အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်ကနေ အရီဇိုးနားပြည်နယ်ထဲ ဖြတ်ကျော်ဝင်လာတဲ့ ခိုလှုံခွင့်တောင်းခံသူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ်က အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်ကနေ အရီဇိုးနားပြည်နယ်ထဲ ဖြတ်ကျော်ဝင်လာတဲ့ ခိုလှုံခွင့်တောင်းခံသူတွေ
    • ရေးသားသူ, ဆူတစ် ဘစ်စ်ဝက်စ်
    • ရာထူးတာဝန်, ဘီဘီစီသတင်းထောက်၊ အိန္ဒိယ

ဒေါ်နယ် ထရမ့်က အထောက်အထားမဲ့ နိုင်ငံခြားသားတွေ အစုလိုက်အပြုံလိုက် နှင်ထုတ်ရေးအတွက် အရေးပါတဲ့ မူဝါဒတစ်ရပ် ချမှတ်ခဲ့ပါတယ်။ အဲဒီ အထောက်အထားမဲ့ နိုင်ငံခြားသားတွေထဲမှာ အမေရိကန်နိုင်ငံထဲ တရားမဝင် ဝင်လာတယ်လို့ ယူဆရတဲ့ အိန္ဒိယနိုင်ငံသား ၁၈,၀၀၀ လောက်ရှိတယ်ဆိုတာ တွေ့ထားတယ်လို့ အမေရိကန်အစိုးရက ဆိုပါတယ်။

အမေရိကန်မှာ တရားမဝင်ရောက်နေတဲ့ အိန္ဒိယနိုင်ငံသားတွေကို အိန္ဒိယအစိုးရက ပြန်လက်ခံမှာ ဖြစ်ပြီး လူကုန်ကူးမှု စနစ်ကြီးတစ်ခုလုံးကိုလည်း ခြေရာခံ ချေမှုန်းမယ်လို့ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီက ပြီးခဲ့တဲ့ သီတင်းပတ်က ပြောခဲ့ပါတယ်။

"သူတို့ဟာ သာမန် မိသားစုတွေရဲ့ သားသမီးတွေပါ။ အိပ်မက်တွေ၊ ကတိတွေပေးပြီး သူတို့ကို လှည့်ဖျား အခေါ်ခံရတာပါ" လို့ မစ္စတာ မိုဒီက သူ့ရဲ့ ဝါရှင်တန်မြို့ ခရီးစဉ်အတွင်းမှာ ပြောသွားခဲ့ပါတယ်။

အခုအခါ ဂျွန်စ် ဟော့ပ်ကင်းစ် တက္ကသိုလ်က အက်ဘီ ဘူဒီမန်နဲ့ ဒီဗက်ရှ် ကပူးရ်တို့ ရေးသားပြုစုတဲ့ လေ့လာချက် စာတမ်းသစ်တစ်ခုထဲမှာ တရားမဝင် အိန္ဒိယက လူတွေနဲ့ ဆက်နွှယ် ပတ်သက်တဲ့ အရေအတွက်၊ လူဦးရေစာရင်း၊ ဝင်လာပုံ ဝင်လာနည်း၊ တည်နေရာ၊ လုပ်နေကျပုံ စတာတွေအကြောင်းကို မီးမောင်းထိုး ဖော်ပြထားပါတယ်။

သိသာထင်ရှားတဲ့ နောက်ထပ်တွေ့ရှိချက်တချို့ကို ကြည့်ကြရအောင်ပါ။

အမေရိကန်ထဲမှာ တရားမဝင် အိန္ဒိယ ဘယ်လောက် ရှိသလဲ

အမေရိကန်နိုင်ငံ လူဦးရေရဲ့ ၃ ရာခိုင်နှုန်းဟာ တရားဝင်ခွင့်ပြုချက် မရှိဘဲ နိုင်ငံထဲဝင်လာသူတွေ ဖြစ်ပြီး ပြည်ပဖွား လူဦးရေရဲ့ ၂၂ ရာခိုင်နှုန်း ရှိပါတယ်။

အဲဒီထဲက အထောက်အထားမဲ့ အိန္ဒိယကလူတွေရဲ့ အရေအတွက်ကတော့ တွက်ချက်ပုံ တွက်ချက်နည်း မတူတဲ့အတွက် ခန့်မှန်းပြောဆိုတဲ့ အရေအတွက်ကလည်း ကွဲပြားပါတယ်။

၂၀၂၂ ခုနှစ်တုန်း အထောက်အထားမဲ့ အိန္ဒိယကလူတွေ ၇၀၀,၀၀၀ လောက်ရှိမယ်လို့ နိုင်ငံရွှေ့ပြောင်း ဝင်ရောက်သူတွေအကြောင်း လေ့လာတဲ့ Pew Research Center နဲ့ Center for Migration Studies of New York (CMS) ဌာနတွေက ခန့်မှန်းပါတယ်။

ဒါဟာ မက္ကဆီကိုနဲ့ အယ်လ် ဆာလ်ဗေးဒိုး နိုင်ငံတွေက လူတွေပြီးရင် တတိယအများဆုံး လူအုပ်စု ဖြစ်ပါတယ်။

ဒါပေမဲ့ Migration Policy Institute (MPI) ဌာနကတော့ ၃၇၅,၀၀၀ လောက် ရှိမယ်လို့ ခန့်မှန်းထားပြီး ပဥ္စမမြောက် အများဆုံး လူအုပ်စုအဖြစ် သတ်မှတ်ပါတယ်။

အမေရိကန်အစိုးရ အမိမြေလုံခြုံရေး ဝန်ကြီးဌာန (DHS) ရဲ့ တရားဝင် အချက်အလက် ဇယားတွေအရတော့ ၂၀၂၂ ခုနှစ်မှာ အထောက်အထားမဲ့ အိန္ဒိယတွေ ၂၂၀,၀၀၀ ရှိတယ်လို့ ဆိုပါတယ်။

ဒီခန့်မှန်းမှုတွေရဲ့ ကျယ်ပြန့်တဲ့ ကွာခြားမှုဟာ အထောက်အထားမဲ့ အိန္ဒိယလူဦးရေရဲ့ တကယ့် အရေအတွက်အမှန်နဲ့ ပတ်သက်လို့ မသေချာမှုတွေကို မီးမောင်းထိုးပြနေတယ်လို့ လေ့လာချက်သစ်က ဆိုပါတယ်။

အရေအတွက် အများဆုံးကနေ လျော့ကျမလာသေး

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နိုင်ငံရွှေ့ပြောင်းလာတဲ့ အိန္ဒိယလူမျိုး အရေအတွက်ဟာ အမေရိကန်နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာသူ စုစုပေါင်းရဲ့ သေးငယ်တဲ့ အချိုးအစား တစ်ခုမျှသာ ရှိပါတယ်။

တကယ်လို့ Pew နဲ့ CMS ဌာနတွေရဲ့ ခန့်မှန်းမှုကသာ မှန်ကန် တိကျမယ်ဆိုရင်တော့ အမေရိကန်မှာ ပြောင်းရွှေ့နေထိုင်နေသူ အိန္ဒိယ လေးယောက်မှာ တစ်ယောက် နီးပါးက အထောက်အထားမဲ့သူတွေ ဖြစ်ပါလိမ့်မယ်။

ဒါက နိုင်ငံရွှေ့ပြောင်းဝင်ရောက်လာမှု ဖြစ်စဉ်မှာ မဖြစ်နိုင်တဲ့ ပုံစံမျိုး ဖြစ်တယ်လို့ အဲဒီလေ့လာချက်သစ်က ဆိုပါတယ်။ (နိုင်ငံရွှေ့ပြောင်းဝင်လာသူ အိန္ဒိယတွေဟာ အမေရိကန်မှာ လူဦးရေ အတိုးပွားဆုံး လူအုပ်စုတွေထဲက တစ်ခုဖြစ်ပြီး ၁၉၉၀ ခုနှစ်က လူဦးရေ ၆၀၀,၀၀၀ ကနေ ၂၀၂၂ ခုနှစ်မှာ ၃.၂ သန်းအထိ တိုးလာခဲ့ပါတယ်။)

အမေရိကန်အစိုးရ အမိမြေလုံခြုံရေး ဝန်ကြီးဌာန (DHS) ရဲ့ ၂၀၂၂ ခုနှစ် ခန့်မှန်းမှုအရ အမေရိကန်မှာ အထောက်အထားမဲ့ အိန္ဒိယ အရေအတွက်ဟာ အများဆုံး စံချိန်တင်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကထက် ၆၀ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပြီး ၅၆၀,၀၀၀ ကနေ ၂၂၀,၀၀၀ အထိနည်းပါးသွားတယ်လို့ ဆိုပါတယ်။

ဒီတော့ အထောက်အထားမဲ့ အိန္ဒိယ နိုင်ငံသား အရေအတွက်ဟာ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း ဘာ့ကြောင့် တစ်ဟုန်တိုး ထိုးကျသွားခဲ့တာပါလဲ။

စာရင်းဇယားတွေက တိတိကျကျ ရှင်းလင်းပြောဆိုထားတာမျိုး မရှိကြောင်း၊ ဒါပေမဲ့ တချို့ကတော့ တရားဝင်နေထိုင်ခွင့် ရသွားသူတွေ ရှိသလို တချို့ကလည်း အထူးသဖြင့် ကိုဗစ်နဲ့ ဆက်နွှယ်ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေကြောင့် နေရပ်တိုင်းပြည်ကို ပြန်သွားကုန်ကြတဲ့အတွက် ဒီလို အရေအတွက်လျော့ကျသွားတာက ဖြစ်နိုင်ခြေ ရှိတယ်လို့ မစ္စတာ ကပူးရ် က ပြောပါတယ်။

ဒါပေမဲ့လည်း ဒီခန့်မှန်းချက်က ၂၀၂၃ ခုနှစ်က အိန္ဒိယလူမျိုးတွေ အမေရိကန် နယ်စပ်တွေဆီ ရုတ်တရက် အများကြီး ရောက်လာတာကိုတော့ ထင်ဟပ်ဖော်ပြနိုင်စွမ်းမရှိဘဲ တကယ့်အရေအတွက်က ပိုပြီးတောင် များနိုင်သေးတာကို တွေ့ရမှာပါ။

ဖေဖော်ဝါရီလ အစောပိုင်းက အိန္ဒိယ နိုင်ငံသား ၁၀၀ ကို အမေရိကန်နိုင်ငံကနေ နေရပ်အိန္ဒိယနိုင်ငံဆီ လေယာဉ်နဲ့ ပြန်ပို့ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီလ အစောပိုင်းက အိန္ဒိယ နိုင်ငံသား ၁၀၀ ကို အမေရိကန်နိုင်ငံကနေ နေရပ်အိန္ဒိယနိုင်ငံဆီ လေယာဉ်နဲ့ ပြန်ပို့ခဲ့

နယ်စပ်ကို ပိုတိုးရောက်ရှိလာနေတဲ့ အိန္ဒိယတွေနဲ့ ထိပ်တိုက်တွေ့တာတွေ ရှိခဲ့တဲ့ကြားကပဲ အမေရိကန် အစိုးရက ဘဏ္ဍာရေးနှစ် ၂၀၂၀ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း အထောက်အထားမဲ့ အိန္ဒိယ စုစုပေါင်းအရေအတွက် သိသိသာသာ တိုးမလာဘူးဆိုပြီး ခန့်မှန်းတွက်ချက်ခဲ့တယ်လို့ လေ့လာချက်သစ်က ဆိုပါတယ်။

ထိပ်တိုက်တွေ့ခဲ့တယ် ဆိုတာက မက္ကဆီကို ဒါမှမဟုတ် ကနေဒါနဲ့ ကပ်လျက် နယ်စပ်ကနေ အမေရိကန်နိုင်ငံထဲ ဖြတ်ကျော် ဝင်ရောက်ဖို့ ကြိုးစားတဲ့ အမေရိကန် နိုင်ငံသား မဟုတ်သူတွေကို အမေရိကန်အာဏာပိုင်တွေက တားဆီးခဲ့တဲ့ ဖြစ်ရပ်တွေကို ဆိုလိုတာ ဖြစ်ပါတယ်။

ပြည်ဝင်ခွင့် ဗီဇာ ရက်ကျော်နေနေတဲ့ အိန္ဒိယနိုင်ငံသားကတော့ ၂၀၁၆ ခုနှစ်ကတည်းက အရေအတွက်ဖြစ်တဲ့ ၁.၅ % မှာ ဆက်ရှိနေပါတယ်။

ကလေးအရွယ်မှာ ရောက်လာသူတွေကို အကာအကွယ်ပေးတဲ့စီမံကိန်း (Daca) အရ နေထိုင်ခွင့်ရသူ အိန္ဒိယကလူ အရေအတွက်ဟာလည်း ၂၀၁၇ ခုနှစ်မှာ ၂,၆၀၀ ကနေ ၂၀၂၄ ခုနှစ်မှာ ၁,၆၀၀ ကို လျော့ကျသွားခဲ့ပါတယ်။ အဲဒီ (Daca) စီမံကိန်းက အမေရိကန်နိုင်ငံထဲကို ကလေးအရွယ်မှာ ဝင်ရောက်လာသူတွေကို အကာအကွယ်ပေးထားပါတယ်။

အကျဉ်းချုပ် ပြောရရင်တော့ အထောက်အထားမဲ့ အိန္ဒိယနိုင်ငံသားတွေဟာ အရေအတွက်အရရော၊ အထောက်အထားမဲ့ နိုင်ငံရွှေ့ပြောင်းဝင်လာသူ စုစုပေါင်းရဲ့ အချိုးအစားအရပါ တိုးလာခဲ့ပြီး ၁၉၉၀ ပြည့်နှစ်မှာ ၀.၈% ရှိရာကနေ ၂၀၁၅ ခုနှစ်မှာ ၃.၉% တိုးလာခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ ၂% ကို ပြန်ကျသွားခဲ့တယ်လို့ ပြောရမှာပါ။

တဟုန်တိုး ပြောင်းလဲလာတဲ့ ရွှေ့ပြောင်းဝင်ရောက်လာသူ လမ်းကြောင်း

အမေရိကန်နိုင်ငံမှာ အဓိက ကုန်းလမ်း နယ်စပ် နှစ်ခု ရှိပါတယ်။

မက္ကဆီကိုနိုင်ငံနဲ့ ကပ်လျက် အရီဇိုးနား၊ ကယ်လီဖိုးနီးယား၊ နယူးမက္ကဆီကိုနဲ့ တက္ကဆက်ပြည်နယ်တလျောက် တောင်ပိုင်းနယ်စပ်တွေက ဖြတ်ကျော်ဝင်လာသူအများဆုံး နယ်စပ်တွေ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ပြည်နယ်ပေါင်း ၁၁ ခုနဲ့ ထိစပ်နေတဲ့ အမေရိကန် ကနေဒါနယ်စပ် ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်မတိုင်ခင်က နယ်စပ်နှစ်နေရာစလုံးမှာ အိန္ဒိယကလူတွေကို ဖမ်းဆီးမိတာမျိုးက သိပ်ကို နည်းလွန်းလှပြီး အယောက် ၁၀၀၀ မကျော်ခဲ့ပါဘူး။

၂၀၁၀ ခုနှစ်ကစပြီး နိုင်ငံထဲခိုးဝင်မယ့် အိန္ဒိယနိုင်ငံသားတွေကို ဖမ်းဆီးမိခဲ့မှု အားလုံးနီးပါးလောက်ဟာ အမေရိကန် မက္ကဆီကို တောင်ပိုင်းနယ်စပ်တလျှောက်မှာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်မှာ မြောက်ပိုင်းနယ်စပ်မှာ အိန္ဒိယနိုင်ငံသားတွေကို ထိပ်တိုက်ဖမ်းဆီးမိမှုက အမေရိကန်နိုင်ငံထဲ ဖြတ်ကျော်ဝင်ရောက်လာတဲ့ အိန္ဒိယ အားလုံးရဲ့ ၃၆% အထိ တိုးလာခဲ့ပြီး အဲဒီမတိုင်ခင်နှစ်က ၄% သာ ရှိပါတယ်။

ကနေဒါနိုင်ငံဟာ အမေရိကန်နိုင်ငံထက် အလည်အပတ် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားမှုအချိန် ပိုတိုတာကြောင့် အိန္ဒိယနိုင်ငံသားတွေအတွက် ဝင်ခွင့်ပိုလွယ်တဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ်ကနေ နောက်ပိုင်း နယ်စပ်ဖြတ်ကျော် ဝင်ဖို့ ကြိုးစားမှုတွေ ရုတ်တရက် တိုးလာခဲ့ပြီး မက္ကဆီကိုနယ်စပ်မှာ နယ်စပ်ဖြတ်ကျော် ခိုးဝင်သူတွေကို ထိပ်တိုက်တွေ့ရှိမှုတွေက ၂၀၂၃ ခုနှစ်မှာ အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။

"ဒါက အိန္ဒိယက လူတွေတင် မဟုတ်ပါဘူး။ ဘိုင်ဒန် ရွေးကောက်တင်မြှောက်ခံခဲ့ရအပြီး အမေရိကန်နိုင်ငံထဲ ဝင်ဖို့ ကြိုးစားခဲ့ကြတဲ့ နိုင်ငံရွှေ့ပြောင်းဝင်လာသူတွေ ရုတ်တရက် တိုးပွားလာမှုရဲ့ တစ်စိတ်တပိုင်း ဖြစ်ပါတယ်။ နိုင်ငံရွှေ့ပြောင်းဝင်လာသူတွေ အလုံးလိုက်အရင်းလိုက် ရှိလာရာမှာ အိန္ဒိယသားတွေလည်း ပါတဲ့ သဘော ဖြစ်ပါတယ်" လို့ မစ္စတာ ကပူးရ် က ဘီဘီစီကို ပြောပါတယ်။

ဇန်နဝါရီလတုန်းက အမေရိကန်နိုင်ငံထဲ ဖြတ်ကျော်ဝင်ခဲ့လာခဲ့တဲ့ အိန္ဒိယလူမျိုးတွေကို ထရမ့်ဆောက်ထားတဲ့ နယ်စပ်တံတိုင်းတွေနားမှာ တွေ့ရပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဇန်နဝါရီလတုန်းက အမေရိကန်နိုင်ငံထဲ ဖြတ်ကျော်ဝင်ခဲ့လာခဲ့တဲ့ အိန္ဒိယလူမျိုးတွေကို ထရမ့်ဆောက်ထားတဲ့ နယ်စပ်တံတိုင်းတွေနားမှာ တွေ့ရပုံ

တရားမဝင် အိန္ဒိယကလူတွေ ဘယ်မှာ နေနေကြသလဲ

လေ့လာချက်သစ်အရ ကယ်လီဖိုးနီးယားပြည်နယ် (၁၁၂,၀၀၀)၊ တက္ကဆက်ပြည်နယ် (၆၁,၀၀၀) ၊ နယူးဂျာဆီပြည်နယ် (၅၅,၀၀၀)၊ နယူးယောက်ပြည်နယ် (၄၃,၀၀၀) နဲ့ အီလီနွိုင်းပြည်နယ် (၃၁,၀၀၀) တို့ဟာ အမေရိကန်နိုင်ငံထဲ အိန္ဒိယလူမျိုးအများဆုံး ဖြတ်ကျော်ဝင်လာတဲ့ ပြည်နယ်တွေဖြစ်သလို အဲဒီမှာအထောက်အထားမဲ့ ဝင်လာတဲ့ အိန္ဒိယကလူတွေ အများဆုံး ရှိတာကိုလည်း တွေ့ရပါတယ်။

အိန္ဒိယကလူတွေဟာ အိုဟိုင်းယိုးပြည်နယ် (၁၆ %)၊ မစ်ရှီဂန်ပြည်နယ် (၁၄%)၊ နယူးဂျာဆီပြည်နယ် (၁၂%) နဲ့ ပန်ဆယ်လ်ဗေးနီးယားပြည်နယ် (၁၁%) တို့မှာ ခွင့်ပြုချက်မရှိဘဲ နေထိုင်နေသူ စုစုပေါင်းအရေအတွက်ထဲမှာ အတော်များများမှာ ပါဝင်ပါတယ်။

ဒီပြည်နယ်တွေလိုပဲ အမေရိကန်နိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်နေသူ အိန္ဒိယနိုင်ငံသားတွေရဲ့ ၂၀ % ကျော်ဖြစ်တဲ့ အထောက်အထားမဲ့ အိန္ဒိယလူမျိုးတွေဟာ တန်နက်ဆီပြည်နယ်၊ အင်ဒီယားနားပြည်နယ်၊ ဝစ်စကွန်ဆင်ပြည်နယ်နဲ့ ကယ်လီဖိုးနီးယား ပြည်နယ်အပါအဝင် ပြည်နယ်တွေမှာ နေထိုင်နေပါတယ်။

"ဂူဂျာရာတ်လူမျိုး အမေရိကန်နိုင်ငံသားတစ်ဦးဦးရဲ့ စီးပွားရေးလုပ်ငန်းမှာ ဂူဂျာရတ်လူမျိုးတွေ အလုပ်ရှာရလွယ်တဲ့အတွက် ဒါမှမဟုတ် ပန်ချာပီလူမျိုး အမေရိကန်နိုင်ငံသား တစ်ဦးဦးရဲ့ စီးပွားရေးလုပ်ငန်းမှာ ပန်ချာပီလူမျိုးတွေ အလုပ်ရှာရလွယ်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ယူဆပါတယ်" လို့ မစ္စတာ ကပူးရ် က ပြောပါတယ်။

ခိုလှုံခွင့်တောင်းတဲ့ အိန္ဒိယလူမျိုးတွေက ဘယ်သူတွေလဲ

အမေရိကန် လူဝင်မှုကြီးကြပ်ရေးစနစ်အရ နေရပ်တိုင်းပြည် ပြန်ရင် အရေးယူအပြစ်ပေးခံရမှာကို စိုးရိမ်ရသူတွေ နယ်စပ်မှာ ထိန်းသိမ်းခံရရင် အထောက်အထားခိုင်လုံသလားဆိုတာကို စစ်ဆေးခံရမှာဖြစ်ပါတယ်။ စစ်ဆေးခံရမှု အောင်သွားသူတွေက တရားရုံးမှာ ခိုလှုံခွင့် လျှောက်ထားနိုင်တဲ့အတွက် နယ်စပ်တွေကနေ ဖြတ်ကျော်ဝင်ရောက်ပြီး ခိုလှုံခွင့် လျှောက်ထားသူတွေ တိုးလာရပါတယ်။

အစိုးရရဲ့ ကိန်းဂဏန်းတွေက နိုင်ငံရေးခိုလှုံခွင့် တောင်းခံတဲ့ အိန္ဒိယလူမျိုး လူဦးရေစာရင်းအတိအကျကို မဖော်ပြပါဘူး။ ဒါပေမဲ့ တရားရုံးမှာ ထွက်ဆိုသုံးနှုန်းတဲ့ ဘာသာစကားတွေကို ကြည့်ခြင်းအားဖြင့် အချက်အလက်တချို့ကို သိခွင့် ရခဲ့ပါတယ်။

ပန်ချာပီ စကားပြောသူတွေဟာ ခိုလှုံခွင့်တောင်းခံသူ အိန္ဒိယသားတွေထဲမှာ ၂၀၂၁ ခုနှစ်ကစပြီး အများဆုံး ဖြစ်ခဲ့ပါတယ်။ ခိုလှုံခွင့်တောင်းသူ အိန္ဒိယတွေထဲမှာ အများဆုံးဖြစ်တဲ့ ပန်ချာပီ စကားပြောသူတွေပြီးရင် ဟင်ဒီ စကားပြောသူ (၁၄%)၊ အင်္ဂလိပ်စကားပြောသူ ၈%) နဲ့ ဂူဂျာရတ် စကားပြောသူ (၇%) ရှိပါတယ်။

သူတို့ဟာ ၂၀၀၁-၂၀၂၂ ခုနှစ်အတွင်း ခိုလှုံခွင့်တောင်းခံသူပေါင်းရဲ့ ၆၆% ရှိပြီး ပန်ဂျပ်ပြည်နယ်နဲ့ အိမ်နီးချင်း ဟာယာနာပြည်နယ်တွေကနေ လာသူတွေဖြစ်တယ်လို့ သိရပါတယ်။

ပန်ချာပီ စကားပြော အိန္ဒိယတွေဟာ ခိုလှုံခွင့် အတည်ပြုခံရမှု အမြင့်ဆုံး (၆၃%) ဖြစ်ပြီး သူ့နောက်မှာတော့ ဟင်ဒီ စကားပြော အိန္ဒိယတွေက (၅၈%) နဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။ ခိုလှုံခွင့်တောင်းခံသူ ဂူဂျာရတ် စကားပြော အိန္ဒိယတွေထဲက လေးပုံတစ်ပုံလောက်ပဲ ခိုလှုံခွင့် အတည်ပြုခံရပါတယ်။

ဥပဒေကို တဖက်လှည့်ပြီး ခိုလှုံမှုတွေ ဘာ့ကြောင့် တိုးလာတာလဲ

စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေး အဖွဲ့ Economic Co-operation and Development (OECD) က စုဆောင်းရထားတဲ့ ကိန်းဂဏန်းတွေအရ အမေရိကန် နိုင်ငံမှာ အိန္ဒိယကခိုလှုံခွင့်တောင်းသူတွေ တဟုန်တိုး တိုးလာနေတာကို ဖော်ပြနေပါတယ်။

အိန္ဒိယလူမျိုး ခိုလှုံခွင့်တောင်းခံသူ အရေအတွက်ဟာ နှစ်နှစ်အတွင်းမှာတင် ၁၀ ဆ တိုးလာခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ၅,၀၀၀ ကနေ ၂၀၂၃ ခုနှစ်မှာ ၅၁,၀၀၀ ကျော်အထိ တိုးလာခဲ့ပါတယ်။

ဒီလို တဟုန်တိုး တိုးလာမှုဟာ အမရိကန်မှာ အမြင့်ဆုံးဖြစ်ခဲ့သလို ကနေဒါ၊ ယူကေနဲ့ သြစတြေးလျနိုင်ငံတွေမှာလည်း အိန္ဒိယကလူတွေဟာ ခိုလှုံခွင့်တောင်းခံသူ အကြီးဆုံးအုပ်စုတွေထဲမှာ ပါဝင်တယ်လို့ လေ့လာချက်က ဆိုပါတယ်။

ဥပဒေစနစ်အတိုင်း ခိုလှုံခွင့် လျှောက်တာမျိုးက နှစ်နဲ့ချီကြာလေ့ရှိတာမို့ ဒါဟာ နေရပ်တိုင်းပြည်မှာ အရေးယူခံရတာကို တကယ်တမ်း ကြောက်တာထက် ခိုလှုံခွင့်တောင်းခံတဲ့ စနစ်ကို တဖက်လှည့်အသုံးချတာမျိုး ဖြစ်ဖို့ များတယ်လို့ မစ္စတာ ကပူးရ်က ယူဆနေပါတယ်။

ပြည်ပမှာ ခိုလှုံခွင့်တောင်းတဲ့ ပန်ချာပီ စကားပြော အိန္ဒိယလူမျိုးအများအပြား ရှိနေပေမဲ့ ဒီလိုဖြစ်လာစေဖို့ ပန်ချာပီ စကားပြော အိန္ဒိယတွေအများစု နေထိုင်ရာအိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ဘာတွေက တွန်းအားပေးခဲ့တာလဲ ဆိုတာကိုတော့ အသေအချာ မသိရပါဘူး။ အဲဒီမှာ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ ကွန်ဂရက်ပါတီ အုပ်ချုပ်ခဲ့ပြီး ၂၀၂၂ ခုနှစ်ကနေ ခုချိန်ထိ အမ် အက်ဒီပါတီ အုပ်ချုပ်နေတာ ဖြစ်ပါတယ်။

ထရမ့်ရဲ့ သမ္မတ ဒုတိယသက်တမ်းမှာ ခိုလှုံခွင့်တောင်းခံမှုတွေက ထိုးကျသွားဖို့ ရှိနေပါတယ်။

သူသမ္မတ ရာထူးယူခဲ့အပြီး ပထမသီတင်းပတ်အတွင်းမှာတင် နိုင်ငံရွှေ့ပြောင်းလာသူတွေအတွက် အရေးပါတဲ့ အက်ပ်တစ်ခုကို ပိတ်သိမ်းလိုက်ပြီး အက်ပ် စတိုးပေါ်ကနေ ဖျက်ပစ်လိုက်တဲ့အတွက် စထားပြီးသား ခိုလှုံခွင့်လျှောက်ထားမှုတွေ အပါအဝင် လျာထားတဲ့ ရက်ချိန်း ၃၀၀,၀၀၀ နီးပါးကို ဖျက်သိမ်းခဲ့ရပါတယ်။

၂၀၀၁ ခုနှစ်ကတည်းကစလို့ ခိုလှုံခွင့်တောင်းသူ အိန္ဒိယတွေထဲမှာ ပန်ချာပီ စကားပြောသူတွေ အများဆုံးဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၀၁ ခုနှစ်ကတည်းကစလို့ ခိုလှုံခွင့်တောင်းသူ အိန္ဒိယတွေထဲမှာ ပန်ချာပီ စကားပြောသူတွေ အများဆုံးဖြစ်

ခိုလှုံခွင့်တောင်းသူတွေက အိန္ဒိယအကြောင်း ဘာတွေ ပြောကြသလဲ

အမေရိကန်အစိုးရရဲ့ ကိန်းဂဏန်းတွေအရ ခိုလှုံခွင့်တောင်းခံသူ အိန္ဒိယ အများစုဟာ ပန်ချာပီတွေနဲ့ ဂူဂျာရာတီ တွေ ဖြစ်ကြပြီး မြင့်မားတဲ့ နိုင်ငံရွှေ့ပြောင်းစရိတ်တွေကို ပိုတတ်နိုင်တဲ့ ချမ်းသာကြွယ်ဝတဲ့ ပြည်နယ်တွေက လူတွေ ဖြစ်ကြပါတယ်။

သူတို့နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ မော်ဝါဒီအကြမ်းဖက်တိုက်ခိုက်မှုတွေ၊ စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေနဲ့ ကက်ရှ်မီးယားပြည်နယ်က လူတွေ၊ အိန္ဒိယသား မွတ်ဆလင်တွေ၊ အပယ်ခံအသိုင်းအဝိုင်းက လူတွေကတော့ ခိုလှုံခွင့်တောင်းခံတာမျိုး မရှိသလောက်ပဲလို့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။

ဒီတော့ ခိုလှုံခွင့်တောင်းခံသူ အိန္ဒိယလူမျိုး အများစုဟာ စီးပွားရေးကြောင့် ခိုလှုံခွင့် တောင်းခံကြသူတွေဖြစ်ပြီး အိန္ဒိယနိုင်ငံရဲ့ အဆင်းရဲဆုံး ဒါမှမဟုတ် ပဋိပက္ခစစ်ပွဲတွေ ဖြစ်ပွားရာ ဒေသတွေကလူတွေ မဟုတ်ကြတာကို တွေ့ရပါတယ်။

လက်တင် အမေရိကတိုက်ကနေ တဆင့်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ကနေဒါနိုင်ငံမှာ ကျောင်းသား အယောင်ဆောင်ပြီးပဲဖြစ်ဖြစ် အမေရိကန်နိုင်ငံထဲကို ဝင်လာဖို့ ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းစရိတ်က အိန္ဒိယနိုင်ငံမှာ တစ်နှစ်စာဝင်ငွေရဲ့ အဆ ၃၀ ကနေ ၁၀၀ ကြားအထိ ရှိပါတယ်။

ဒါ့ကြောင့် ဒီလိုအကုန်အကျခံနိုင်ဖို့က သူတို့မှာရှိတဲ့ ဥစ္စာပစ္စည်းတွေကို ပေါင်နှံရောင်းချဖို့ နည်းပဲ ရှိတယ်လို့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံထဲ အထောက်အထားမဲ့ ဝင်လာကြတဲ့ အိန္ဒိယအများစုဟာ အိန္ဒိယနိုင်ငံရဲ့ အချမ်းသာဆုံး ဒေသတွေထဲမှာ ပါဝင်နေတဲ့ ပြည်နယ်တွေလည်းဖြစ်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကြောင့် မြေစျေးတွေ ခေါင်ခိုက်နေတဲ့ ပြည်နယ်တွေလည်း ဖြစ်တဲ့ ပန်ဂျပ်နဲ့ ဂူဂျာရတ်ပြည်နယ်တွေကနေ လာကြတာက အံ့သြစရာ မဟုတ်တော့ပါဘူး။

"တရားမဝင် လာနိုင်ဖို့အတွက်တောင် ငွေတွေ ပုံအော သုံးဖို့ လိုပါတယ်"လို့ လေ့လာချက်က ဆိုပါတယ်။

ခိုးဝင် အထောက်အထားမဲ့ အိန္ဒိယတွေ ဘာလို့ ပိုများလာလဲ

ခိုလှုံခွင့် တောင်းခံမှုတွေ တိုးလာမှုဟာ အိန္ဒိယနိုင်ငံမှာ ဒီမိုကရေစီစနစ် ယိုယွင်းလာနေမှုနဲ့ ဆက်နွှယ်နေဖွယ်ရှိပေမဲ့ ဒီဆက်နွှယ်မှုက အဓိကအကြောင်းတရားတော့ မဟုတ်ဘူးလို့ လေ့လာချက် ရေးသားသူတွေက ဆိုပါတယ်။

ပန်ဂျပ်ပြည်နယ်နဲ့ ဂူဂျာရတ်ပြည်နယ်တွေဟာ အရင်ကတည်းကိုက နေရာရွှေ့ပြောင်း နေထိုင်ကြတဲ့ အစဉ်အလာ ရှိခဲ့ပြီး အဲဒီကလူတွေဟာ အမေရိကန်တင်မက ယူကေ၊ ကနေဒါနဲ့ သြစတြေးလျနိုင်ငံတွေဆီ ပြောင်းရွှေ့အခြေချလာခဲ့ကြတာ ဖြစ်ပါတယ်။

နိုင်ငံခြားကနေ အိန္ဒိယနိုင်ငံက မိသားစုဆွေမျိုးတွေဆီ ပြန်ပို့တဲ့ငွေပမာဏဟာ ၂၀၂၃ ခုနှစ်မှာ ဒေါ်လာ ဘီလျံ ၁၂၀ လောက် ရှိခဲ့ပါတယ်။ အိန္ဒိယလူမျိုးတွေ နိုင်ငံခြားထွက်ဖို့ ကြိုးစားတဲ့ ရည်မှန်းချက်က ပိုကောင်းမွန်တဲ့ ဘဝရောက်ဖို့တင်မက မိသားစုဆွေမျိုးတွေကို ငွေထောက်ပံ့နိုင်ဖို့ ဖြစ်တယ်လို့ လေ့လာချက်က ဆိုပါတယ်။

အဲဒီလို နိုင်ငံခြားထွက်ချင်သူတွေ များနေတာနဲ့အမျှ အိန္ဒိယနိုင်ငံမှာ အေးဂျင့်ပွဲစား လုပ်ငန်းကလည်း ငွေဝင်လမ်း ဖြောင့်နေခဲ့ပါတယ်။

ဒါပေမဲ့ တရားမဝင် နိုင်ငံပြောင်းရွှေ့မှုပြဿနာဟာ လူတွေထွက်သွားတဲ့နိုင်ငံထက် လူတွေ ရောက်လာတဲ့ နိုင်ငံအပေါ်မှာသာ ဝန်ထုပ်ဝန်ပိုး ပိုဖြစ်စေတဲ့အတွက် အိန္ဒိယအစိုးရကတော့ ဒီကိစ္စကို လျစ်လျူရှုထားကြောင်း လေ့လာချက်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံသား ဘယ်နှယောက် နှင်ထုတ်ခံခဲ့ရပြီလဲ

၂၀၀၉ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံသား ၁၆,၀၀၀ လောက် အမေရိကန်ကနေ နေရပ်အိန္ဒိယနိုင်ငံဆီ ပြန်ပို့ခံခဲ့ရတယ်လို့ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနက ဆိုပါတယ်။

ဒီလိုနေရင်းနိုင်ငံ ပြန်ပို့မှုဟာ အိုဘားမား အစိုးရလက်ထက်မှာ ပျမ်းမျှ တစ်နှစ်ကို အယောက် ၇၅၀၊ ထရမ့်ရဲ့ သမ္မတ ပထမသက်တမ်းမှာ အယောက် ၁,၅၅၀ လောက်ရှိခဲ့ပြီး ဘိုင်ဒန်အစိုးရ လက်ထက်မှာ အယောက် ၉၀၀ ရှိခဲ့ပါတယ်။

အိန္ဒိယ လူမျိုးတွေကို နှင်ထုတ်မှုက ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်အတွင်း အကြီးအကျယ် မြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ အမြင့်ဆုံးကတော့ ၂၀၂၀ ခုနှစ်မှာ ဖြစ်ပြီး နေရပ်နိုင်ငံပြန်ပို့ခံရတဲ့ အိန္ဒိယလူမျိုး ၂,၃၀၀ နီးပါး ရှိခဲ့ပါတယ်။