စစ်သင်္ဘောတွေနဲ့ တိုက်နေတဲ့ မြန်မာပြည်တောင်ပိုင်းက တိုက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, DAWEI WATCH
မြန်မာနိုင်ငံတောင်ပိုင်းစွန်းမှာရှိပြီး ကျွန်းပေါင်း ၈၀၀ ကျော်နဲ့ ဖွဲ့စည်းထားကာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အတွက် အလားအလာကောင်းတဲ့ ဒေသလို့ နာမည်ကျော်တဲ့ မြိတ်ခရိုင်အတွင်း ဒေသတချို့မှာ အခုရက်ပိုင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဒေသတွေကတော့ တနင်္သာရီတိုင်းအတွင်း စစ်အုပ်ချုပ်ရေး ကြေငြာထားတဲ့ မြို့နယ် နှစ်မြို့နယ်ထဲက တစ်ခုဖြစ်တဲ့ ပုလောမြို့နယ်ဖြစ်ပါတယ်။
မြိတ်ခရိုင်အတွင်းက ဒေသကာကွယ်ရေးတပ် PDF တွေအားလုံးနီးပါးဟာ တောတောင်ရေမြေ ထူထပ်တဲ့ ပုလော နဲ့ တနင်္သာရီဒေသမှာ အခြေစိုက်ကြပြီး စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။။
ပုလောမြို့ပေါ်မှာတော့ မြို့ပေါ် ရပ်ကွက်တွေက လွဲပြီး ကျေးရွာတွေ အများစုကို ဒေသကာကွယ်ရေးတပ် PDF က စိုးမိုးထားတယ်လို့ ပုလောဒေသ ကာကွယ်ရေးတပ်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, DAWEI WATCH
ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ စစ်ကောင်စီက ပုလောမြို့နယ်ထဲက ရွာတချို့ကို ရေကြောင်း၊ ကုန်းကြောင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီ ပစ်ခတ်မှုမတိုင်မီ စက်တင်ဘာ ၁၁ ရက်က ပုလောမြို့နယ်၊ ပိတပ် ကျေးရွာကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသကာကွယ်ရေးတပ်တွေနဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ စစ်သင်္ဘောတွေဟာ မြဒေါင်ကျေးရွာကို အဲဒီနေ့ ညပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တနင်္သာရီတိုင်း မြိတ်ခရိုင်ဘက်မှာ စစ်ကောင်စီက လေကြောင်းကို မြေပြင်စခန်းကင်းထောက်ဖို့ အတွက် အသုံးပြုနေပြီး တိုက်ခိုက်မှုတွေကိုတော့ ကုန်းကြောင်း၊ ရေကြောင်းအသုံးပြုတာအပြင် လက်နက်ကြီးတွေနဲ့ နေ့စဉ် ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲမရှိဘဲတောင် နေ့စဉ် လက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ်နေတယ်လို့ ဒေသကာကွယ်ရေးတပ်က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပုလော PDF
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒေသကာကွယ်ရေးတပ်တွေက ကုန်းတွင်းပိုင်းကို နယ်မြေ စိုးမိုးထားပေမယ့် စစ်ကောင်စီက အနောက်ဘက် ပင်လယ်ကမ်းခြေကနေ စစ်သင်္ဘောတွေနဲ့ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်တာ၊ တောင်ပေါ်နေရာတွေမှာ အထိုင်ချထားတဲ့ တပ်တွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိတယ်လို့လည်း ဒေသကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။
ပုလောမြို့နယ်အတွင်းက ကဒဲ၊ ကျောင်းနိမ့်စတဲ့ တချို့ရွာတွေက လူတွေဟာ တိုက်ပွဲနဲ့လက်နက်ကြီး အန္တရာယ်တွေကြောင့် ကျေးရွာတွေကို စွန့်ခွာသွားပြီး ပုလောမြို့နယ် အပြင်က စစ်ရှောင်စခန်းမှာ ခိုလှုံနေကြတာ လူ ၂၆၀၀ ခန့်ရှိတယ်လို့ သူတို့က ဆိုပါတယ်။။
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပုလောနဲ့ တနင်္သာရီမြို့နယ်တွေမှာ ပြီးခဲ့တဲ့ သြဂုတ်လက စလို့ စစ်ကောင်စီတပ်က နယ်မြေစိုးမိုးလိုတဲ့ ဇောနဲ့ စစ်ကြောင်းထိုးနေတဲ့ အတွက် တိုက်ပွဲတွေ ဖြစ်ပွားမှုများနေခဲ့တာ ဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်တွေက ပြောပါတယ်။
ဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။။
လက်ရှိမှာတော့ မွန်ပြည်နယ်ဘက်ကနေလာရင် ပုလော၊ ပလ တို့ကို ဖြတ်ပြီး မြိတ်ကို သွားရတဲ့ လမ်း မကြီးတွေကို စစ်ကောင်စီတပ်တွေက စိုးမိုးထားတာရှိသလို၊ ရေကြောင်းမှာလည်း ရေပြင်မှာ စစ်ကောင်စီတပ်တွေက ရှိနေတာကြောင့် တစ်ရွာနဲ့ တစ်ရွာ လှေတွေနဲ့ ကူးလူးသွားတာ မရှိသလောက် နည်းနေတယ်လို့ ဒေသခံတွေကတစ်ဆင့် သိရပါတယ်။
အခုလက်ရှိ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် မြဒေါင်၊ ပိတပ် စတဲ့ရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရွာကို ရွှေ့ပြောင်းနေထိုင်နေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
စစ်ဘေးရှောင်သူတွေ ကြုံတွေ့နေကျ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ နေထိုင်စရာ အခက်အခဲတွေ သာမက အခုထက် ပိုပြီး လမ်းကြောင်းပိတ်ဆို့ထားတာတွေ လုပ်လာခဲ့ရင် အခြေအနေ ပိုဆိုးလာနိုင်တယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပုလောသွေးချင်းညီအစ်ကိုများအင်အားစု
စစ်ကောင်စီက တောင်ကုန်းပေါ်တွေမှာ လက်နက်ကြီးထိုင်ထားတဲ့ စခန်းတွေရှိပြီး တိုက်ပွဲဖြစ်တဲ့နေရာတွေကို လှမ်းပစ်တာ၊ ရေတပ်စစ်သင်္ဘောကနေ ပစ်ခတ်တာတွေ ရှိတယ်လို့ ဆိုပါတယ်။အခု နောက်ပိုင်းမှာ ၁၂၀ မမ၊ ၈၂ မမ လက်နက်ကြီးတွေ သုံးလာတယ်လို့လည်း ဒေသကာကွယ်ရေးတပ်တွေက ပြောပါတယ်။
ဒါ့အပြင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ အားကောင်းတဲ့ နေရာတွေကို စစ်ကောင်စီဘက်က အဝင်အထွက်တွေကို ပိတ်ဆို့ထားလေ့ရှိပြီး ပုလောမြို့နယ် အရှေ့ဖျားက ကျေးရွာတွေကို စစ်ကောင်စီဘက်က ဆန်နဲ့ စားနပ်ရိက္ခာ သယ်ခွင့်မပေးဘဲ ကန့်သတ်ထားတယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် လူနာတင်ယာဥ်တွေကိုလည်း တင်းတင်းကျပ်ကျပ် စစ်ဆေးမှုတွေရှိပြီး ညဘက်မှာ ဖြတ်သန်းခွင့်ပိတ်ထားလို့ အချိန်မီဆေးကုသခွင့်မရဘဲ အသက်ဆုံးရှုံးသူတွေ ရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လမှာ တနင်္သာရီတိုင်းအတွင်း စစ်ဘက် ရာထူးအပြောင်းအလဲအများအပြားလုပ်ခဲ့တာကို ဘီဘီစီမှာ သတင်းဖော်ပြပြီး ဖြစ်ပါတယ်။
ကမ်းရိုးတန်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်၊ ဒုတိုင်းမှူး၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ(လုံနယ်)ဝန်ကြီးနေရာတွေ အပြောင်းအလဲပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး နေရာကို ဗိုလ်မှူးချုပ် ကျော်စွာဦးနဲ့ အစားထိုးခဲ့သလို၊ ဒုတိုင်းမှူးနေရာကိုလည်း ဗိုလ်မှူးကြီး အောင်မျိုးထွန်းနှင့် အစားထိုးခဲ့ပြီး တိုင်း နယ်လုံဝန်ကြီးနေရာကိုတော့ ဗိုလ်မှူးကြီး မင်းမင်းလတ်နဲ့ အစားထိုးခဲ့တယ်လို့ အပြောင်းအရွှေ့သတင်းတွေကို စောင့်ကြည့်နေသူတွေက ပြောပါတယ်။
ဒီသတင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။
တနင်္သာရီတိုင်းက စစ်ဘက်ရာထူး အပြောင်းအလဲတွေဟာ ဒေသတွင်း စစ်ရေးထိန်းချုပ်နိုင်မှု မရှိတာနဲ့ ဆက်စပ်နေတယ်လို့ Dawei Watch သတင်းဌာနက အယ်ဒီတာတစ်ဦးက ဘီဘီစီကို ပြောပါတယ်။








